မြေသပိတ်အကြီးအစား ဆွမ်းတော်တင် မြေသပိတ်ငယ်များ ပြောင်းလဲပြုလုပ်လာ


03 January, 2021

မန္တလေးမြို့ အမရပူရမြို့နယ် ဘုန်းတော်နိုင်ငံကျေးရွာတွင် မြန်မာ့ရိုးရာမြေသပိတ်ကို ထိန်းသိမ်း ပြုလုပ်လျက်ရှိရာ မြေသပိတ် အကြီးဈေးကွက်ပျက်နေသည့်အတွက် ဆွမ်းတော်တင် မြေသပိတ် အငယ်များကို ပြောင်းလဲပြုလုပ်ရောင်းချရာ လူစိတ်ဝင်စားမှု များပြားလျက်ရှိကြောင်း မြေသပိတ် ပြုလုပ်ရောင်းချသူ ဒေါ်ကြည်ထံက သိရသည်။

ကိုဗစ်-၁၉ ကာလတွင် ဘုရားပွဲ၊ အလှူပွဲမရှိသည့်အတွက် ပခုက္ကူဈေးကွက်တစ်ခုတည်းကိုသာ အားထားနေရသည့် မြန်မာ့ရိုးရာ မြေသပိတ်ကြီးများ ရောင်းအားကျလာခဲ့ပြီး ဈေးကွက်ပျက်သည့် အနေအထားတစ်ခုအထိ ရောက်ရှိခဲ့သည်။

မြေသပိတ်လုပ်ငန်းပြုလုပ်သူများမှာ စားဝတ်နေရေး ပြေလည်စေရန်အတွက် မြေသပိတ်ကြီးအစား ဆွမ်းတော်တင် မြေသပိတ်ငယ်အဖြစ် ကလပ်၊ သပိတ်လုံး၊ သပိတ်ဖုံးများကို မြေဖြင့်ပင် စမ်းသပ်ပြုလုပ်ရောင်းချခဲ့ရာမှ လူစိတ်ဝင်စားမှု များလာခဲ့ခြင်းဖြစ်သည်။ မြေသပိတ်ငယ် တစ်စုံ(မြေသပိတ်လုံး၊ သပိတ်ဖုံး၊ ကလပ်အပါအဝင်) ငွေကျပ် ၄၀၀ ဖြင့် ဖောက်သည်ပေးရကြောင်း သိရသည်။

မြန်မာ့ရိုးရာမြေသပိတ်လုပ်ငန်းတွင် ကျွန်းကျင်မှုနှင့်အတူ သဘာဝနည်းပညာတို့ကို အသုံးပြု ကြသည်။ မြေသပိတ်ပြုလုပ်ရန်အတွက် ဘုန်းတော်နိုင်ငံရွာပိုင် မြေဒေသအခေါ် သပိတ်ကျင်းမှ မြေများကို ရယူကာ မြေသပိတ်ရရှိရန် အဆင့်ဆင့်ပြုလုပ်ကြရ သည်။ မြေသပိတ်အကြမ်း များ ရရှိလာပါက မြေသပိတ်ဖိုအတွင်း ထည့်ကာ မီးဖုတ် ပေးကြရသည်။ သပိတ်တစ်ဖိုလျှင် မြေသပိတ် အလုံးငါးရာကျော်ဝင်ဆန့်သည်။

မြေသပိတ်မီးကျက်သည်နှင့် သပိတ်အနက်ရောင်ဖြစ်ရေး သဘာဝ နည်းဖြင့် ကျွန်းမှိုင်းခံပေးရသည်။ ကျွန်းမှိုင်းခံခြင်းတွင် ပညာပါပြီး အထူးဂရုပြုရသည်။ မှိုင်းပေါက်ပါက သပိတ်သည် အနက်ရောင်မဖြစ်ဘဲ အနီကွက်များ ကွက်နေတတ်သည်။ ကျွန်းမှိုင်း ခံပြီး နက်လာပြီဆိုသည်နှင့် မြေသပိတ်တစ်လုံး ရရှိပြီဖြစ်သည်။ မြေသပိတ်တစ်လုံးဖြစ်ရန် အဆင့်ဆင့်ပြု လုပ်ရပြီး လက်ဝင်လှသည်။

လက်ရှိကာလတွင် ပခုက္ကူဈေးကွက်တစ်ခုတည်းကိုသာ အားထားရောင်းချနေရသော မြေသပိတ် အကြီးများအစား ဈေးကွက်ကျယ်ပြန့်နိုင်သည့် ဆွမ်းတော် တင် မြေသပိတ်ငယ်များကို ပြုလုပ်ရောင်းချသည့်အတွက် စားဝတ်နေရေး ပြေလည်လာကြောင်း ဘုန်းတော်နိုင်ငံကျေးရွာမှ မြေသပိတ်ပြုလုပ်သူ ဒေါ်ကြည်ထံက သိရသည်။

MDN

Local News Read 645 times