ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း


17 November, 2020

အသေးစားလုပ်ငန်းရှင်တွေဟာ မိမိတို့ကုန်ပစ္စည်းရဲ့အမှတ်တံဆိပ်ကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ခြင်းဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ မိမိထုတ်ကုန်ကိုအတုအပထုတ်တဲ့သူတွေပေါ်လာတဲ့အခါ (သို့) အငြင်းပွားစရာတစုံတရာရှိလာတဲ့အခါ ဥပဒေအရအကာအကွယ်ရနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပုံအဆင့်ဆင့်ကိုရေးသားဖော်ပြပေးလိုက်ပါတယ်။

မိတ်ဆက်

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးမှာ ဆောင်ရွက်ပေးတာပါ။ အဲ့ရုံးမှာ စာချုပ်စာတမ်းကိစ္စမျိုးစုံကိုဆောင်ရွက်ပေးတဲ့ ပွဲစားတွေလည်းရှိပါတယ်။ ဝန်ဆောင်ခ(ပွဲစားခ)လည်းအမျိုးမျိုးပါပဲ။ ရုံးအဝန်းရဲ့အပြင်ဘက်မှာတော့ စာစီစာရိုက်လုပ်ပေးတဲ့လက်နှိပ်စက်သမားတွေ၊ မိတ္တူဆိုင်တွေရှိပါတယ်။  ရုံးဝန်ထမ်းအများစုဟာ ကူညီတက်ကြပြီး၊ တခြားအပိုငွေကြေးလည်းပေးစရာမလိုပါဘူး။ ဒါကြောင့်မို့ ကိုယ်တိုင်လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော့်ကိုယ်တိုင်သွားလုပ်ခဲ့တဲ့အတွေ့အကြုံအတိုင်း ပွဲစားမလိုပဲ စာဖတ်သူကိုယ်တိုင် သွားလုပ်နိုင်အောင် လမ်းညွန်ပေးသွားမှာပါ။

 

သွားရမည့်နေရာ နှင့် အချိန်

စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး (မိုးကောင်းဘုရားလမ်း၊ ရန်ကင်း) ကိုသွားရပါမယ်။ နံနက်ပိုင်း (၉) နာရီလောက်အရောက်သွားပါ။ နေ့လည် (၁၁) နာရီအထိပဲ မှတ်ပုံတင်ခြင်းဆောင်ရွက်ပေးပါတယ်။ **ဒီလုပ်ငန်းစဉ်ကို နေ့တစ်ဝက်နဲ့အပြီးဆောင်ရွက်လို့ရပါတယ်။ လူမများရင် နာရီပိုင်းအတွင်းပြီးပါတယ်။**

 

လျှောက်ထားရန်လိုအပ်ချက်များ

အရွယ်အစား (၃) လက်မပတ်လည်၊ ကုန်အမှတ်တံဆိပ် - Logo (၃) ခု။ (Comment တွင် နမူနာပုံစံကြည့်ပါ)

ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းနမူနာ။

လုပ်ငန်းပိုင်ရှင်၏မှတ်ပုံတင်မူရင်းနှင့် မှတ်ပုံတင်မိတ္တူ (၃) စောင်။

အသိသက်သေ (၂) ယောက် (အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်)။ ထိုအသိသက်သေ (၂) ယောက်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ။

နိုင်ငံတော်ကိုသွင်းရတဲ့ငွေက ၂၀၀ ကျပ်ကတစ်ခါ၊ ပြီးတော့ ၆ ကျပ် (ခြောက်ကျပ်)။ စုစုပေါင်း ၂၀၆ ကျပ်။

 

ဖောင်ရယူခြင်း

ရုံးအပြင်ဘက် နည်းနည်းလေးလျှောက်လိုက်ရင် မိတ္တူဆိုင်လေးတွေရှိပါတယ်။ (အဲ့ဆိုင်လေးတွေမှာ ဖောင်အကုန်ရှိပါတယ်)။ အဲ့မှာ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ဖို့အတွက် စာရိုက်ခိုင်းလိုက်ပါ။ သူတို့က ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီမယ့်စာချုပ်ရိုက်ပေးပြီး၊ ဖောင်တင်လို့အဆင်သင့်ဖြစ်အောင်လည်း ပြင်ဆင်ပေးပါလိမ့်မယ်။ တံဆိပ်ခေါင်းကပ်တာ၊ Form မှာ Logo ကပ်တာတို့သူတို့လုပ်ပေးပါလိမ့်မယ်။ အဲ့ဒါတွေအားလုံအတွက် ငွေ (၁) သောင်းပေးရပါတယ်။

* (စျေးနှုန်းအရင်မေးရင်လည်းမေးပါ။ ဖောင်မှာ ၃၀၀ ကျပ်တန်တံဆိပ်ခေါင်းပါ/မပါစစ်ပါ။ စာချုပ်ရတဲ့အခါသေချာဖတ်ကြည့်ပါ။ အချက်အလက်တွေမှားနေရင်ပြန်ပြင်ခိုင်းပါ) * ပြီးရင်ဖောင်ဖြည့်ပါ။ ဖောင်ဖြည့်ပြီးရင်တော့ ရုံးထဲကိုသွားလို့ရပါပြီ။

 

ဖောင်တင်ခြင်း

ရုံးကိုဝင်တာနဲ့ တည့်တည့်မှာတွေ့မယ့်အဆောက်အဦးကိုသွားပါ။ အထဲမှာ ဝန်ထမ်းတွေနဲ့ဖောင်ထပ်ရတဲ့စားပွဲရှိပါတယ်။ အဲ့ဒီမှာ ဖောင်တင်ရပါမယ်။ သိလိုသမျှကိုဝန်ထမ်းတွေကိုမေးပါ။ (ဝန်ထမ်းအများစုက သဘောကောင်းပါတယ်။ ကြောက်စရာလည်းမလိုသလို အားနာစရာလည်းမလိုပါ။)

ဖောင်ထပ်ထားပြီးပြီးရင် ကိုယ့်နာမည်ခေါ်တဲ့အထိစောင့်ရပါမယ်။ ကိုယ့်နာမည်ခေါ်တဲ့အခါ ဦးစီးအရာရှိနဲ့ဝင်တွေ့ရပါတယ်။ အဲ့ဒီမှာ မိမိနဲ့အတူ သက်သေနှစ်ယောက်ရဲ့ မှတ်ပုံတင်တွေ၊ ကုန်ပစ္စည်းနမူနာတွေကိုစစ်ပါတယ်။ (စစ်ဆေးချိန် ၂ မိနစ်၊ ၃မိနစ်ခန့်သာကြာသည်)။ ပြီးရင် ဖောင်ပေးလိုက်ပါလိမ့်မယ်။ အဲ့ဖောင်ကိုကိုင်ပြီး နောက်ထပ် ဦးစီးအရာရှိတယောက်နဲ့တွေ့ဖို့တန်းစီရပါမယ်။ ကိုယ့်အလှည့်ရောက်ရင် ဝင်တွေ့ရုံပါပဲ။ ဦးစီးမှူးလက်မှတ်ထိုးပေးပါလိမ့်မယ်။ အဲ့ဒီမှာလည်း ခဏပဲကြာတာပါ။

ပြီးရင် ငွေသွင်းတာတွေ၊ လက်ဗွေနှိပ်တာတွေလုပ်ရပါမယ်။ (ဝန်ထမ်းတွေကိုမေးပြီးဆက်လုပ်ပါ)။ လက်ဗွေနှိပ်ပြီးရင် နောက်ဆုံး ငွေ ၆ ကျပ်သွင်းရပါမယ်။ အဲ့ကျရင် ပြေစာလေးရပါလိမ့်မယ်။ အဲ့ဒါပြီးရင် ပြီးပါပြီ။

 

စာချုပ်ထုတ်ယူခြင်း

အမှတ်တံဆိပ်မှတ်ပုံတင်ပြုလုပ်ပြီးတဲ့နောက် (၂) ပတ်ကြာတဲ့အခါ ပြေစာလေးပြပြီးမှတ်ပုံတင်စာချုပ်ထုတ်ယူရပါမယ်။ ပိုသေချာအောင် (၂) ပတ်ကျော်ပြီးမှသွားထုတ်ပါ။ နေ့လည် (၂) နာရီမှစာချုပ်ထုတ်ပေးတာပါ။ အဲ့ဒါကြောင့် နေ့လည် (၂) နာရီလောက်အရောက်သွားပြီးစာချုပ်ထုတ်ယူလိုက်ရုံပါပဲ။ ပြည်တွင်းဖြစ်ထုတ်ကုန်ကောင်းများ ထုတ်လုပ်အောင်မြင်ကြပါစေ။

 

How To Laws and Regulations Read 3515 times