၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှုပမာဏ


28 August, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၇ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ၂၆ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းမျာအရ သိရသည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အစ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၃ ရက်အထိ ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၅ ဒသမ ၇၂၅ ဘီလျံသာရှိသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၄၆၅ ဘီလျံအထိရှိသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ ဒသမ ၇၄၀ ဘီလျံအထိလျောကျခဲ့ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၂၆ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၈၄၃ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၇၂၁ ဘီလျံလျော့ကျခဲ့သည်။

ပြည်ပနိုင်ငံများမှ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ  ၁၂ ဒသမ ၈၈၁ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် သွင်းကုန်တင်သွင်းမှု ဒေါ်လာလေးဘီလျံကျော် လျော့ကျခဲ့သည်။ယင်းကာလအတွင်း မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းမှတဆင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇ ဘီလျံ နီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဒေါ်လာ  ၅ ဒသမ ၈ ဘီလျံကျော် လျော့ကျခဲ့သည်။

နယ်စပ်ကုန်သွယ်မှုတွင်လည်း ဒေါ်လာ ၈ ဒသမ ၇ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကလာတူထက် နယ်စပ်ကုန်သွယ်မှု ဒေါ်လာသန်း ၈၈၀ ကျော်လျော့ကျခဲ့သည်။


မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားပို့ကုန်တို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်စ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလအထိ ရှစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းမှာ တရုတ်၊ ထိုင်း၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ UK ၊ စပိန်၊ နယ်သာလန်၊ တောင်ကိုရီးယား စသည်နိုင်ငံများဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။

တရုတ်နိုင်ငံသို့ ဒေါ်လာ ၃၉၈၅ ဒသမ ၀၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၂၀၉၁ ဒသမ၈၁သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှမေအထိ ရှစ်လအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထာသည့် နိုင်ငံများတွင် တရုတ်၊စင်ကာပူ၊ထိုင်း၊ အင်ဒိုနီးရှား၊မလေးရှား၊အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နှင့် အမေရိကန်တို့ဖြစ်သည်။

တရုတ်နိုင်ငံမှ ဒေါ်လာ ၃၃၁၂ ဒသမ ၆၉ သန်းအထိ အများဆုံးတင်သွင်းထားပြီး စင်ကာပူမှ ဒေါ်လာ ၁၈၈၇ ဒသမ ၉၈ သန်းဖြင့် ဒုတိယအများဆုံး တင်သွင်းထားကြောင်း သိရသည်။


News-eleven.com
 

Export, Import Read 1042 times