TotalEnergies က မြန်မာဝန်ထမ်းများ အော်ပရေတာသစ်ထံ လွှဲပြောင်းပေးရေး ကူညီမည်


17 March, 2022

TotalEnergies က မြန်မာဝန်ထမ်းများ အော်ပရေတာသစ်ထံ လွှဲပြောင်းပေးရေး ကူညီမည်

TotalEnergies သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်း၏ မြန်မာဝန်ထမ်းများအား အော်ပရေတာအသစ်သို့ လွှဲပြောင်းရာတွင် ကူညီဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ကြေညာပါသည်။

 

  • ပြင်သစ်နိုင်ငံမှ စွမ်းအင်မဟာလုပ်ငန်းကြီး TotalEnergies က ယခင်ကြေညာခဲ့သည့်  မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ချက်ကို ယခုအခါ စတင်အကောင်အထည်ဖော်နေပါသည်။ 
     
  • ထိုင်းနိုင်ငံမှ PTTEP က အော်ပရေတာအသစ်အဖြစ် နေရာဝင်ယူမည် ဖြစ်ရာ၌ TotalEnergies ၏ ဝန်ထမ်းများကိုလည်း ရယူမည် ဖြစ်ပါသည်။
     
  • TotalEnergies ၏ မြန်မာနိုင်ငံရှိ ပိုင်ဆိုင်မှုအဝဝကို ဖက်စပ်လုပ်ငန်းတွင် ပါဝင်သူတို့အကြား မျှဝေ ရယူကြမည်ဖြစ်ပါသည်။

 

၂၀၂၂ ဇန်နဝါရီလ ၂၁ ရက်တွင် TotalEnergies က ရတနာဓာတ်ငွေ့သိုက်နှင့် ဓာတ်ငွေ့ပေးပို့သည့်ပိုက်လိုင်း ကုမ္ပဏီ MGTC (Moattama Gas Transportation Company Limited ) တို့မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ အော်ပရေတာအဖြစ်မှလည်းကောင်း၊ ရှယ်ယာပိုင်ဆိုင်မှုမှလည်ကောင်း နှစ်မျိုးစလုံး နုတ်ထွက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် TotalEnergies အနေဖြင့် လုံလောက်စွာ ကောင်းကျိုးပြုပေးဖို့  အခွင့်မသာတော့သည့်အတွက်ကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့သည်ဟု ဆိုပါသည်။ 

ရတနာဓာတ်ငွေ့သိုက်တွင် ပါဝင်လုပ်ကိုင်နေသော အမေရိကန် စွမ်းအင်လုပ်ငန်း Chevron ကလည်း မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါသည်။ TotalEnergies နှင့် ကွာခြားသည်မှာ Chevron က အစုရှယ်ယာကို ရောင်းချပြီး ထွက်ခွာမည် ဖြစ်သည်။ 

TotalEnergies က တာဝန်ယူမှုအပြည့်ဖြင့် ထွက်ခွာခြင်း ဖြစ်သည်မှာ သေချာစေမည့် လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ပါသည်။ အထူးသဖြင့် TotalEnergies က MGTC ဓာတ်ငွေ့ပိုက်လိုင်း အော်ပရေတာအဖြစ် နှစ်များစွာ လုပ်ကိုင်ခဲ့စဉ် ထောက်ကူပေးခဲ့ကြသော ၎င်း၏ ဝန်ထမ်းများနှင့် ဒေသခံအသိုင်းအဝိုင်းကို  တာဝန်ယူမှု ရှိမည် ဖြစ်ပါသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် PTTEP က ရတနာနှင့် MGTC တို့၏ အော်ပရေတာအဖြစ် လုပ်ကိုင်ရန် ဆန္ဒထက်သန်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ ရတနာမှ TotalEnergies ၏ အစုရှယ်ယာကို ရယူပြ္း ၎င်း၏ ရှယ်ယာပိုင်ဆိုင်မှုကို တိုးမြှင့်လိုသည်။ 

Chevron ကလည်း TotalEnergies ၏ ရှယ်ယာများကို လွှဲပြောင်းရယူရန် ဆုံးဖြတ်ချက် ချသည်။

TotalEnergies က ၎င်း၏ ပိုင်ဆိုင်မှုအဝဝအတွက် နစ်နာကြေး ရယူခြင်းမပြုဘဲ မြန်မာနိုင်ငံမှ ထွက်ခွာရန် နည်းလမ်းကို ရွေးချယ်သည်။

မတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော TotalEnergies ၏ ကြေညာချက်တွင် TotalEnergies ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍတွင် လက်ရှိခန့်ထားသော ဝန်ထမ်းများအားလုံးကို လွှဲပြောင်းရယူရန် PTTEP က ဆန္ဒထက်သန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။ စနစ်တကျ မျှမျှတတဖြင့် လက်လွှဲပြောင်းခြင်း ဖြစ်ကြောင်း သေချာစေရန် PTTEP နှင့် အနီးကပ် အတူလုပ်ကိုင်နေသည်ဟု TotalEnergies က ပြောကြားပါသည်။

အော်ပရေတာအသစ် PTTEP ထံသို့ လွှဲပြောင်းပေးစေလိုသော ဝန်ထမ်းများကို TotalEnergies က ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး လက်ရှိအခြေအနေများအတိုင်း ဆက်လက်ခန့်ထားသည်မှာ သေချာအောင် လုပ်ဆောင်မည်ဟု TotalEnergies က ပြောကြားပါသည်။

တစ်ချိန်တည်းမှာပင် MGTC ပိုက်လိုင်းတစ်လျှောက် ပိုက်လိုင်းအနီးတဝိုက်တွင် နေထိုင်ကြသူများ အသိုင်းအဝိုင်းကုိ ထောက်ကူပေးရန်အတွက် TotalEnergies မှ ဦးဆောင်ပြီး လက်ရှိလုပ်ကိုင်ပေးနေသည့် လူမှုစီးပွားဖွံ့ဖြိုးရေး အစီအစဉ်ကို PTTEP က TotalEnergies ထွက်ခွာသွားပြီးချိန်တွင် ဆက်လက်လုပ်ဆောင်‌ေပးနိုင်ဖို့ TotalEnergies က PTTEP နှင့် ပူးပေါင်းစီစဉ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အော်ပရေတာအသစ်က ဆက်လက်လုပ်ဆောင်ဖို့ ငွေကြေးရန်ပုံငွေ ရရှိဖို့ TotalEnergies က စီစဉ်ပေးခဲ့မည် ဖြစ်သည်။ 
ရတနာနှင့် MGTC တို့မှ TotalEnergies နုတ်ထွက်ခြင်းသည့် နောက်အကျဆူံအနေဖြင့် ၆ လ ကန်ထရိုက် သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ဇူလိုင်လ ၂၀ ရက် ဖြစ်သည်။ PTTEP အနေဖြင့် လွှဲပြောင်းရယူရန် အချိန် လုံလောက်မည် ဖြစ်သည်။

TotalEnergies နုတ်ထွက်ခြင်း စတင်သက်ရောက်သည့်ရက်စွဲ နောက်ပိုင်းတွင် PTTEP သည် ပါဝင်လုပ်ကိုင်မှုတွင် ၃၇.၀၈၄၂ % ရရှိမည် ဖြစ်သည်။ Chevron ၏ လက်အောက်ခံလုပ်ငန်း Unocal Myanmar Offshore Co က ၄၁.၁၀၁၆% ရရှိမည် ဖြစ်သည်။ ၎င်းသည် ပါဝင်လုပ်ကိုင်ဝေစု အကြီးဆုံးကို ရရှိခြင်း ဖြစ်သည်။

Chevron ၏ ပြောရေးဆိုခွင့်ရသူက ကုမ္ပဏီ၏ ထွက်ခွာရေးအစီအစဉ်သည် TotalEnergies ထွက်ခွာမှုနှင့် တသီးတခြားဖြစ်ပြီး ကုမ္ပဏီနှစ်ခုတို့၏ ထွက်ခွာမှု အချိန်စာရင်းများ ကွာခြားလိမ့်မည်ဟု ပြောကြားပါသည်။

Energy News Read 560 times