မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရခိုင်ပြည်နယ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာမှာ လယ်မြေဧက ၁၀ ဧက အထက်အထိ ထုတ်ချေးပေးဖို့ ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ လုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲမှာ တင်ပြထားပါတယ်။
လက်ရှိမှာ စိုက်ပျိုးစရိတ်ချေးငွေအတွက် လယ်မြေတစ်ဧကကို ကျပ် ၁၅ဝဝဝဝ နဲ့ အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို ရှေးရှုပြီး ရခိုင်ပြည်နယ်မှာတော့ ၁၀ ဧက အထက်အထိ ထုတ်ချေးပေးဖို့ တင်ပြခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI ) က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဆန်စပါးကဏ္ဍမှာ တောင်သူလယ်သမားတွေ စပါးပေါ်ချိန် ဈေးကောင်းရဖို့နဲ့ နယ်စပ်မှ တရုတ်နိုင်ငံကို တင်ပို့ရောင်းချတဲ့အခါ အဆင်ပြေလွယ်ကူချောမွေ့အောင် အစိုးရချင်းညှိနှိုင်းဆောင်ရွက်ပေးဖို့၊ မူဆယ်နယ်စပ်မှာ ရောက်ရှိနေတဲ့ ဆန်တန်ချိန် လေး၊ ငါးသောင်းခန့်အတွက် ယူနန်ပြည်နယ်အစိုးရ၊ ယူနန်ပြည်နယ်မှ ဝယ်သူတွေနဲ့ အထူးဦးစားပေးညှိနှိုင်းပေးဖို့ စတဲ့အချက်တွေကိုလည်း တင်ပြခဲ့ကြပါတယ်။
လက်ရှိမှာတော့ အစိုးရအနေနဲ့ တရုတ်နိုင်ငံကို ဆန်၊ ဆန်ကွဲတင်ပို့ရောင်းချမှုအတွက် Quota ရရှိရေး၊ နှစ်နိုင်ငံ MoU စာချုပ်ချုပ်ဆိုရေးကိစ္စတွေကို စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်တွေ၊ တိရစ္ဆာန်ထွက်ကုန်တွေ၊ ရေထွက်ကုန်ပစ္စည်းတွေ၊ စက်မှုထုတ်ကုန်တွေကို တင်ပို့ပေမယ့်လည်း ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဇီးသီး စတဲ့အသီးငါးမျိုးသာ AQSIQ မှတ်ပုံတင်ရရှိထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် ကျန်တဲ့ထွက်ကုန်တွေဖြစ်တဲ့ လယ်ယာထွက်ကုန် (ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ဝဥ၊ ကျွဲကောသီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ရော်ဘာ)၊ မွေးမြူရေးထွက်ကုန် (ကျွဲ၊ နွား၊ သိုး၊ ဆိတ် အရှင်)၊ ရေထွက်ကုန် (ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ကင်းမွန်)၊ စက်မှုထုတ်ကုန် (အသင့်စားအစားအစာ၊ အိမ်သုတ်ဆေး) တွေကိုလည်း AQSIQ မှတ်ပုံတင်ခွင့်အမြန်ဆုံးရရှိရေး သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးဖို့ တင်ပြထားပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံကို ဒီကုန်စည်တွေတင်ပို့တဲ့အခါ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရတာကြောင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း တစ်ဖက်နိုင်ငံရဲ့ ဈေးကွက်အနိုင်ကျင့်ခံရမှုတွေ မကြာခဏ ပေါ်ပေါက်နေပြီး ဆုံးရှုံးမှုတွေလည်း မကြာခဏဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။