မူဆယ်တွင် ဆိတ်ကောင်ရေ ထောင်ချီပြီး ပိတ်မိနေ


27 April, 2019

တရုတ်ကုန်သည်များ ဝယ်ယူမှုရပ်ဆိုင်းထားတဲ့အတွက် မူဆယ်မှာ ဧပြီလ ၁၉ ရက်နေ့အထိ ဆိတ်ကောင်ရေ ထောင်ချီပြီး သောင်တင်ပိတ်မိနေတယ်လို့ ဆိတ်အရှင် တင်ပို့ရောင်းချနေတဲ့ ဆိတ်ကုန်သည်များထံမှ သိရပါတယ်။ တရုတ်နှစ်သစ်ကူးနောက်ပိုင်း ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာနိုင်ငံမှ ဆိတ်များကို တင်သွင်းနေတဲ့ တရုတ်ကုန်သည်တွေကို ၎င်းတို့အစိုးရက ဖမ်းဆီးအရေးယူနေတာကြောင့် မူဆယ်ဆိတ်ကုန်သွယ်စခန်းမှာ လာရောက်ဝယ်ယူမှု မရှိတော့တာဖြစ်ပါတယ်။

ဒါ့ကြောင့် မူဆယ်မှာ ဆိတ်ကောင်ရေ ၅၀၀၀ ကျော် ပိတ်မိနေခဲ့သလို ဧပြီလ ၁၉ ရက်နေ့အထိ ဆိတ်ကောင်ရေ ၂၀၀၀ ကျော် ဝယ်သူမရှိဖြစ်နေတယ်လို့ ဆိတ်ကုန်သည်တစ်ဦးက ပြောပါတယ်။

တရုတ်ဝယ်လက်တွေ လျော့ကျသွားတဲ့အတွက် ဈေးကလည်း တဖြည်းဖြည်းကျလာပါတယ်။ ဆိတ်တစ်ကောင်ကို အရင်း တစ်ဝက်ဈေးလောက်ထိ ဆုံးရှုံးနေပါတယ်။ ဆိတ်ကုန်သည်အများစုက ဆိတ်တစ်ပေါင်ဈေး ကျပ် ၂၇၀၀ - ၃၀၀၀ အမြင့်ဆုံးထိ အပြိုင်အဆိုင် ဝယ်ယူတင်ပို့ထားတာကြောင့် ဆိတ်တစ်ကောင် ကျပ်တစ်သိန်းလောက် ဆုံးရှုံးနေတယ်လို့ သိရပါတယ်။

Read: မြန်မာ့မွေးမြူရေးငါးများ မေ ၁ ရက်မှ စ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့်ရရှိ
တရုတ်နှစ်သစ်ကူးချိန်က တင်ပို့ထားတဲ့ ဆိတ်လက်ကျန်နဲ့ ဈေးကောင်းရသဖြင့် ဝယ်ဈေးအမြင့်ဖြင့် ဝယ်ယူတင်ပို့ခဲ့တဲ့ ဆိတ်များမှာ အဝယ်ရပ်ဆိုင်းသွားခြင်း၊ ဈေးနှိမ်ဝယ်ယူခြင်း၊ ပုံမှန်တင်ပို့နေတဲ့ ရွှေလီမြို့လမ်းကြောင်းမှာ အဖမ်းအဆီးများ ရှိနေခြင်းတို့ကြောင့် အခြားလမ်းကြောင်းများမှ တင်ပို့နေရတဲ့အတွက် စရိတ်ကြီးမြင့်လာတဲ့အပြင် ဒေသတွင်း အဖွဲ့အစည်းများနဲ့ ဌာနဆိုင်ရာများကို ပေးကမ်းရတဲ့ စရိတ်တွေကြောင့် ဆိတ်ကုန်သည်များ ပိုမိုဆုံးရှုံးနေရတာဖြစ်ပါတယ်။

ဆိတ်ကုန်သည်များမှာ မြန်မာနိုင်ငံဘက်မှသာ တရားဝင်အခွန်ဆောင်ကာ တင်ပို့ပေမယ့်လည်း တရုတ်နိုင်ငံတွင် တရားမဝင်သတ်မှတ်ထားခြင်းကြောင့် မှောင်ခိုအဖြစ် ဝယ်ယူပြီး တရုတ်နိုင်ငံထွက် ဆိတ်များအဖြစ် ပြန်လည်ရောင်းချနေခြင်းကြောင့် အခုလို တရုတ်အစိုးရက အဖမ်းအဆီးများရှိပါက တရုတ်ကုန်သည်များ မဝယ်ယူရဲသဖြင့် နယ်စပ်ဆိတ်ဈေးကွက်လည်း မတည်မငြိမ်ဖြစ်လာရခြင်းဖြစ်ပါတယ်။

The Farmer Myanmar

Agriculture & Livestock Export, Import Read 673 times