မြန်မာငွေဈေးကျကာ ထိုင်းငွေကြေး အဆမတန်မြင့်နေပြီး သက်ရောက်မှုရှိလာတဲ့ ပြည်တွင်းက ထိုင်းထုတ်ကုန်များ


22 July, 2022

နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ရာခိုင်နှုန်းပါဝင်တဲ့ မြန်မာကုမ္ပဏီများရဲ့ နိုင်ငံခြားငွေများအား ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ မြန်မာငွေကျပ် လဲလှယ်ဖို့ ဇူလိုင်၁၅ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲလိုထုတ်ပြန်ပြီး နောက်ပိုင်းမှာတော့ ဗဟိုဘဏ် သတ်မှတ်ဈေးဟာ တစ်ဒေါ်လာကို ကျပ်၁၈၅၀ဖြစ်ပေမယ့် ပြင်ပပေါက်ဈေး ငွေလဲနှုန်းမှာတော့ တစ်ဒေါ်လာကို ကျပ်၂၅၀၀ကျော် ၂၆၀၀ထိ ပေါက်ဈေးရှိလာပါတယ်။

ဒီလို ပေါက်ဈေးရှိလာတဲ့ ဒေါ်လာဈေးနဲ့အပြိုင် မြန်မာငွေကျပ် တန်ဖိုးကျဆင်းကာ အိမ်နီးချင်း ထိုင်းဘတ်ငွေ ဈေးနှုန်းကလည်း အဆမတန် မြင့်တက်လာတဲ့ အခြေအနေလို့ ထိုင်း-မြန်မာ နယ်စပ်ငွေကြေး အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက MFNကို ဆိုခဲ့ပါတယ်။

ယခင်က ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာကျပ်ငွေ ၅၈ကျပ်နှင့် ၅၉ကျပ် ဝန်းကျင်ရှိနေရာမှ ယခုတစ်ပတ်အတွင်း ၆၅ကျပ်အထိ ပေါက်ဈေးရှိနေတာပါ။ အခုမြန်မာငွေ စျေးထိုးကျပြီး၊ ဘတ်ငွေစျေး စံချိန်တင် မြင့်တက်နေတာကြောင့် မြဝတီနယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင် အတော်များများမှာ ထိုင်းထုတ်ကုန် ပစ္စည်းရောင်း၀ယ် ကုန်သွယ်မှုတွေအပေါ် သက်ရောက်လာပါတယ်။

အဲဒါအပြင် ပြည်တွင်းထိုင်း ထုတ်ကုန်ဖြစ်တဲ့ အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများအပြင် ဆေးဝါးများလည်း ဈေးအဆမတန် မြင့်တက်လာတယ်လို့ သိရပါတယ်။

“အခုညီမတို့ ထိုင်းကဝင်နေတဲ့ အလှကုန်ပစ္စည်းတွေ၊ အအေးတွေ၊ နောက်ပြီး အကုန်ဈေးတက်သွားပြီ။ ညီမတို့ရှိတဲ့ ပစ္စည်းတွေတောင် ထိန်းထားရတယ်။ ပြည်တွင်းမှာလည်း လက်ကျန် ထိုင်းထုတ်ကုန်တွေလည်း ဈေးအမြင့် ပေးရတော့မှာပါ။ ထိုင်းနိုင်ငံဘက်က ကုန်ပစ္စည်း အဝတ်အထည်တွေကအစ ဘတ်ဈေးမြင့်လာလို့ မတင်သွင်းနိုင်တော့ဘူး ရပ်ထားရတယ်။ ငွေဈေးနှုန်းမငြိမ်လို့”လို့ Online ထိုင်းလူသုံးကုန် ပစ္စည်းရောင်းချ လုပ်ကိုင်သူတစ်ဦးက MFNကို ဆိုပါတယ်။

ယခုကဲ့ ထိုင်းဘတ်ငွေ ဈေးနှုန်းမြင့်တက်လာမှု တာရှည်ဖြစ်နေမည် ဆိုပါက ထိုင်း-မြန်မာ နယ်စပ်ဂိတ်များမှ ထိုင်းထုတ်ကုန် ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်းဖြန့်ဖြူး ရောင်းချနေတဲ့ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ ခက်ခဲနေသလို Online Shopping ရောင်းချနေသူများလည်း အကြပ်ရိုက်နေတဲ့ အခြေအနေလို့ သိရပါတယ်။

mmgpmedia

Export, Import Local News Read 5136 times