ပြည်တွင်းရွှေဈေးကွက်ဟာ ဒေါ်လာဈေး အတက်အကျပေါ်မှာသာ မူတည်ပြောင်းလဲနေတာဖြစ်လို့ ရွှေနဲ့ လက်ဝတ်ရတနာတွေ ပြည်ပတင်ပို့၊ ပြည်တွင်းတင်သွင်း လုပ်ငန်းစတင်ရင်လည်းပြည်တွင်းဈေးကွက်မှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်လာနိုင်ခြေနည်းပါးတယ်လို့ ကျွမ်းကျင်သူအချို့က သုံးသပ်ပါတယ်။
“လောလောဆယ်တော့ ဘာမှမပြောနိုင်သေးဘူး၊ တစ်ခါမှလဲ အဲဒီလိုတရားဝင်သွင်းတာ ထုတ်တာလဲမရှိတော့ အကောက်ခွန်တွေကလဲ ဘယ်လိုကောက်မလဲ၊ ဘာမှရေရေရာရာ မသိသေးတော့ ကျွန်တော်တို့ထင်တာတော့ သိပ်ပြီးတော့အတက်အကျ မဖြစ်လောက်တော့ဘူး”လို့ အောင်သမာဓိရွှေဆိုင်လုပ်ငန်းက ဦးမော်က ပြောပါတယ်။
ရွှေနှင့်လက်ဝတ်ရတနာများ ပြည်ပတင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းကို တစ်နေရာတည်းအပြီးလုပ်ဆောင်ပေးမယ့် (one stop service) ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Culture Valley မှာ စက်တင်ဘာ ၃ ရက်က စတင်ဆောင်ရွက်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုလ(သြဂုတ် ၁၄ ရက်)က ထုတ်ပြန်ကြေညာပါတယ်။
ရွှေပြည်ပတင်ပို့၊ တင်သွင်းခြင်းကိုတရားဝင်ခွင့်ပြုကြောင်း ယခုနှစ် ဇန်နဝါရီလက ကြေညာပြီးနောက် ခုနစ်လအကြာမှာ ယခုလို တစ်နေရာတည်းအပြီးလုပ်ဆောင်ပေးမယ့် (one stop service)ကို ပြုလုပ်တာဖြစ်ပါတယ်။ မန္တလေးဈေးကွက်အတွင်း လတ်တလောရွှေဈေးမြင့်တက်နေမှုတွေဟာ ဒေါ်လာဈေးအတက်အကျကြောင့်သာဖြစ်ပြီး ပြည်ပသို့ ရွှေတရားဝင် တင်ပို့၊ တင်သွင်းခွင့်ပြုတဲ့ကိစ္စနဲ့ ပတ်သက်မှုမရှိဘူးလို့ ဈေးကွက်ကျွမ်းကျင်သူအချို့က ဆိုပါတယ်။
“အခုလောလောဆယ်ကတော့ မနက်က ကျပ် ၉၅၄,ဝဝဝ ကျော်ကနေ ကျပ် ၅ဝဝဝ ကျော်အထိ၊ အခုတစ်ခါ ကျပ် ၃၈ဝဝ၊ ကျပ် ၃၉ဝဝ အဲဒီလိုမျိုးပြန်ကျတယ်ဆိုတော့ ရွှေဈေးအပေါ်မှာပဲ မူတည်နေမှာပဲ၊ ဈေးကတော့တက်ဦးမယ်၊ ကျဦးမယ်လို့ပြောလို့မရဘူး၊ အရောင်းအဝယ်ကတော့ အခုအချိန်အထိ အရောင်းရော အဝယ်ရော ခပ်မျှမျှပဲ၊ လက်ရှိဈေးကွက်ကတော့ ဒေါ်လာဈေးအပေါ်မှာ မူတည်တာဆိုတော့ ဒေါ်လာဈေးတက်ရင် တက်တယ်၊ ဒေါ်လာဈေးကျရင် ကျတယ်၊ ဒေါ်လာဈေးက မမှန်တော့ တက်မလား ကျမလား ပြောလို့မရဘူး”လို့ ဦးမော်က ပြောတယ်။
ခန့်မှန်းပြောဆို
***
ရွှေတင်သွင်းတင်ပို့ခွင့်ကိစ္စနဲ့ပတ်သက်ပြီး လတ်တလောမှာ ရေရေရာရာ ပြောလို့မရနိုင်သေးပေမဲ့ တင်သွင်းတင်ပို့မှု စတင်ချိန်မှာတော့ တင်သွင်းတင်ပို့တဲ့ ပမာဏကို လိုက်ပြီးဈေးကွက်အပေါ်မှာတော့ သက်ရောက်မှုရှိနိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ခန့်မှန်းပါတယ်။
“တန်နဲ့ချီသွားတဲ့အချိန်မှာက ရွှေဈေးက တက်မယ့်သဘောမျိုးရှိမှာ တစ်ခါဟိုဘက်က တန်နဲ့ချီဝင်မယ်ဆိုလဲ ဒီဘက်က ဈေးကျမှာ၊ အဲဒီလိုရှိမှာပဲ၊ သူ့ရဲ့အကျိုးဆက်ကောင်းတာက အင်ပို့ အိတ်စပို့လုပ်တာကို နိုင်ငံတော်က အခွန်ရမယ်၊ တရားဝင်လမ်း ကြောင်းသွားတဲ့သူအနေနဲ့လဲ သွားတဲ့ဟာက တရားဝင်ဖြစ်တဲ့အတွက် လမ်းကြောင်းလုံခြုံစိတ်ချမှု အများကြီးဖြစ်မယ်”လို့ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ခန့်မှန်းပြောဆိုပါတယ်။
ပစ္စည်းများတင်ပို့/တင်သွင်းခြင်းနှင့် ပတ်သက်ပြီး ရွှေတင်ပို့မှုအတွက် အခွန်သုညရာခိုင်နှုန်း သတ်မှတ်ထားပြီး သွင်းကုန်အတွက် အခွန်သတ်မှတ်ဖို့ညှိနှိုင်းနေဆဲဖြစ်တယ်။ အခွန်အခနဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးတဲ့အတွက် ရွှေတင်ပို့တင်သွင်းခြင်းလုပ်ငန်းကြောင့် ဈေးကွက်မှာ ဘယ်လောက်အပြောင်းအလဲတွေဖြစ်နိုင်လဲဆိုတာကို ခုချိန်မှာ သုံးသပ်ဖို့ စောလွန်းနေတယ်။ ပြည်ပရွှေတင်သွင်းခြင်းအပေါ် အခွန်ကောက်ခံမှုနှုန်းထား၊ သယ်ယူပို့ဆောင်စရိတ်နဲ့ တင်သွင်းတင်ပို့ခြင်းအတွက် လုပ်ကိုင်ရတဲ့လုပ်ငန်း လွယ်ကူချောမွေ့မှုစတာတွေအပေါ် မူတည်တယ်လို့ သိရပါတယ်။
အောင်သမာဓိရွှေဆိုင်လုပ်ငန်းက ဦးမော်က “သွင်းလာလို့ ကောင်းတယ်၊ မကောင်းဘူးကတော့ ကျွန်တော်တို့ကတော့ ပြောလို့မရဘူး၊ တစ်ခါမှလဲ အဲဒီလို သွင်းဖူးတာတွေ၊ ထုတ်ဖူးတာတွေ မရှိသေးဘူးလေ၊ ဒါပထမဦးဆုံး အကြိမ်ဆိုတော့ ဘယ်သူမှလဲ သွင်းတာလဲ မတွေ့ဖူးသေးဘူး၊ ပို့တာလဲ မတွေ့ဖူးသေးဘူးလေ၊ ကောင်းလာမလားဆိုတာကတော့ ရွှေဆိုတာကတော့ နိမ်တဲ့ဆီကနေ မြင့်တဲ့ဆီသွားနေတာဆိုတော့နောက် ပြည်တွင်းထုတ်လုပ်မှု အင်အားနဲ့ လိုအပ်ချက်တွေကရှိနေတဲ့အတွက် သွင်းတာကတော့ ကောင်းမှာပါ၊ ဒါပေမဲ့ အမြတ်ခွန်နဲ့ အခွန်အခတွေက ဘယ်လိုလာဦးမလဲ မပြောတတ်သေးဘူး၊ နောက် လေယာဉ်ပျံနဲ့လာလို့ သွင်းတာ ထုတ်တာတွေလဲ၊ လွယ်ကူမလား မလွယ်ကူဘူးလားဆိုတာ ဒါတွေလဲ ကြည့်ရဦးမှာပဲလေ၊ ကျွန်တော်တို့လဲ တစ်ခါမှမလုပ်ဖူးတော့ မပြောတတ်ဘူးဗျ၊ ကျွန်တော်တို့ကတော့ ရွှေသွင်းတာထုတ်တာမျိုးက မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်စမ်းသလို ဖြစ်နေမှာဆိုတော့ ကောင်းပါမယ်လည်း မပြောတတ်ဘူး၊မကောင်းဘူးလဲ မပြော တတ်ဘူး”လို့ ပြောပါတယ်။
Source: kumudra