" ပထမဆုံးအကြိမ် ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်စီးပွားပွဲတော် "


03 December, 2018

မြန်မာ့စီးပွားကဏ္ဍ ပိုမိုကောင်းမွန် ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ချက်နဲ့ ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ကုန်သွယ်စီးပွားပွဲတော် MCF 2018 ကို ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ YCC မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံ စာရင်းကောင်စီက ဦးဆောင်ပြီး မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနဲ့ ဝါဏိဇ္ဇဘွဲ့ရများအသင်း (မြန်မာနိုင်ငံ) တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပါတယ်။

“ လူမှုစီးပွားဖွံ့ဖြိုးထွား စုပေါင်းဆောင်ရွက် တိုင်းပြည်တွက်”ဆိုတဲ့ မြန်မာ့ကုန်သွယ်စီးပွားပွဲတော် MCF 2018 ရဲ့ ဆောင်ပုဒ်အတိုင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနက လူကြီးတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆရာကြီးတွေက ဆွေးနွေး ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။

ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ၊ မြန်မာ့ Trade Policy နဲ့ ပတ်သက်ပြီး သိကောင်းဖွယ်ရာတွေ၊ Tax System နဲ့ ပတ်သက်ပြီး သိကောင်းဖွယ်ရာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ Banking Sector သို့ ပြုပြင်ပြောင်းလဲမှုတွေ၊ အာမခံလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာတွေ အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေး အခြေအနေတွေနဲ့ အနာဂတ် မျှော်မှန်းချက် စတာတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။

မြန်မာ့ကုန်သွယ်စီးပွားပွဲတော် MCF 2018 မှာ အစိုးရဌာနပေါင်း ( ၃၀ ) ကျော်၊ ကုမ္ပဏီပေါင်း ( ၁၀၀ ) ကျော်ရဲ့ ပြခန်းတွေကို ပြသခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်တွေလည်း ရှိခဲ့တာကြောင့် လူပေါင်းများစွာ တက်ရောက် လေ့လာခဲ့တဲ့ ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

Events & Exhibition Read 503 times