မြန်မာနိုင်ငံ၏ အကောင်းဘက်ဆောင်သော အလယ်အလတ်ကာလ စီးပွားရေးရှုမြင်သုံးသပ်ချက်များ


03 August, 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုးတက်မှုနှုန်း ၆.၈ ရာခိုင်နှုန်း မြင့်တက်မည်ဟု Myanmar Economic Monitor 2018 အရ သိရှိရသည်။

ဤသို့ စီးပွားတိုးတက်မှုနှုန်း မြင့်တက်ခြင်းသည် -

• ရင်းနှီးမြှပ်နှံမှုနှင့် ပြည်တွင်းပြည်ပဝယ်လိုအား၊

• စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်း (food processing)

• တန်ဖိုးမြင့်စိုက်ပျိုးရေးထုတ်ကုန်များ (value added) တွင် ရင်းနှီးမြှပ်နှံခြင်းများ

စသည့် စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ၏ အထောက်အပံ့ကြောင့်သာ ဖြစ်သည်။

ဝန်ဆောင်မှုကဏ္ဍသည်လည်း

• စိုက်ပျိုးရေး၊

• စက်မှုလုပ်ငန်း၊

• ထောက်ပံ့ကူညီပို့ဆောင်ရေး

• ကုန်သွယ်ပို့ဆောင်ရေးကဏ္ဍများ၏

လိုအပ်ချက်များအား ဖြည့်တင်းခြင်းများကြောင့် ဆက်လက်၍တိုးတက်လာမည် ဖြစ်သည်။

စီးပွားတိုးတက်မှုနှုန်းသည် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆.၉ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၇.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟုလည်း မျှော်မှန်းထားသည်။

စားသောက်ကုန်နှင့် ကုန်ဈေးနှုန်း

******************

ကုန်ဈေးနှုန်းမြင့်တက်ခြင်းသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅.၅ ရာခိုင်နှုန်းရှိနေရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄.၉ ရာခိုင်နှုန်းသို့ လျာ့ကျသွားမည်ဟု မျှော်မှန်းထားကြောင်းလည်း ဖော်ပြထားသေးသည်။ အစိုးရ၏ဘဏ္ဍာရေးတိုးချဲ့မှု မျှော်မှန်းထားသည့်အတိုင်း ဘဏ္ဍာရေးလိုငွေပြမှုနည်းပါးလာခြင်း၊ လိုငွေပြမှုများကို စီမံလျှော့ချခြင်း၊ လျော့နည်းသွားအောင် စီစဉ်ဆောင်ရွက်ခြင်းများကြောင့် လျော့ကျလာခြင်းဖြစ်သည်။

စိုက်ပျိုးရေးထွက်ကုန်များ ဆက်တိုက်ပြန်လည်ဦးမော့လာခြင်း၊ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုများကြောင့် စားသောက်ကုန် ကုန်ဈေးနှုန်းများ လျော့ကျလာသည်ဟုလည်း ယူဆဖွယ်ရာရှိသည်။ သို့သော် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ဆီဈေးနှုန်းသည် တစ်စည်တွင် ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ ၆၅ ရှိမည်ဟု မျှော်မှန်းထားသည့်အလျောက် မြင့်တက်လာပြီး ထိုမြင့်တက်မှုသည် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများရှိလာမည်ဟု မှန်းဆထားသည်။

အထူးသဖြင့် လောင်စာဆီ၊ ပြုပြင်ထားသောစားသောက်ကုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လက်ကားထုတ်ကုန်များ တင်သွင်းမှုအကျိုးဆက်အနေဖြင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုများကြောင့်ယခုထက်ပိုပြီးဆိုးရွားလာဖွယ်ရာ ရှိသည်ဟုလည်း ဖော်ပြထားသည်။

အခြေခံလစာတိုးများလာမှု၊ ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာမှုနှင့် မြင့်မားသောသယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ဖိအားများ ထပ်တိုးလာမည့် အခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်လေ့လာဖို့လိုမည်ဖြစ်သည်။

ကုန်သွယ်မှုများ

********

လက်ရှိ လိုငွေပြမှုစာရင်းသည် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်သွင်းကုန်များ စဉ်ဆက်မပြတ်တိုးတက်လာမှုကြောင့် ၄.၇ ရာခိုင်နှုန်းတွင် ရပ်တည်နေမည်ဟု ခန့်မှန်းထားသေးသည်။ ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေး တိုးတက်လာမှုကြောင့်လည်း မြန်မာ့ ပို့ကုန်ပမာဏများ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

အထည်အလိပ်များတင်ပို့မှုနှုန်းသည် ပို့ကုန်ပမာဏ သဘောတူညီချက်များ (volume terms) နှင့် ပို့ကုန်တန်ဖိုးအားလုံး၏ဝေစု (value share) များကြောင့် ဆက်လက်တိုးတက်လာဖွယ်ရာ ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်ခြင်းကဏ္ဍ မြင့်တက်လာအောင် ဖော်ဆောင်လာခြင်းနှင့် မတူညီသော ပို့ကုန်ဈေးကွက်များသို့ တိုးချဲ့ရောင်းချ ခြင်းများသည် တင်ပို့မှုနှုန်း ပမာဏကို အထောက်အပံ့ ဖြစ်စေသည်။

ပြည်တွင်းဝယ်လိုအားများ တိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်နိုင်ရန် ကုန်ပစ္စည်းများ ပိုမိုလိုအပ်လာခြင်းနှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုငွေပမာဏ ပိုမိုရရှိလာခြင်းကြောင့်လည်း ဖြစ်သည်ဟု ခန့်မှန်းထားသည်။

အစိုးရ၏ဘဏ္ဍာရေးလိုငွေပြမှု

****************

အစိုးရ၏ဘဏ္ဍာရေးလိုငွေပြမှုရလဒ်များသည် လျာထားသောဘဏ္ဍာရန်ပုံငွေထက် သိသာထင်ရှားစွာ လျော့နည်းသွားမည်ဟု မှန်းဆရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့အကြား ဆွေးနွေးမှုများအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ လိုငွေပြမှုရလဒ်သည် ဂျီဒီပီ၏ ၂.၅ ရာခိုင်နှုန်းခန့်တွင်ရှိနေပြီး ဘဏ္ဍာနှစ်၏ ပြုပြင်ပြီးခန့်မှန်းချေ ၅.၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် လျာထားသောဘဏ္ဍာရန်ပုံငွေထက် များစွာလျော့နည်းသွားဖွယ်ရာ ရှိနေသည်။

သို့ရာတွင် ဘဏ္ဍာနှစ်အပြောင်းအလဲနှင့် အကောက်ခွန်ပေးဆောင်မှု ကွဲလြွဲခင်းများမှ ရရှိလာသော ဘဏ္ဍာရန်ပုံငွေစီမံသုံးစွဲမှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ဂျီဒီပီ၏ တစိတ်တပိုင်းဖြစ်သော အစိုးရအသုံးစရိတ်များသည် ယခင် မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်မှုမှတ်တမ်း(Myanmar Economic Monitor) တွင် မျှော်မှန်းထားသည်ထက် ဖြည်းဖြည်းမှန်မှန်သာ တိုးတက်ဖွယ်ရာ ရှိနေပါသည်။

ထို့အတွက် မျှော်မှန်းထားသော ဘဏ္ဍာရေးလိုငွေပြမှုများ သည် ယခင်မှတ်တမ်းများမှကြည့်လျှင် အလယ်အလတ်ကာလတလျောက် ဂျီဒီပီ၏ ၃.၅ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်း အတွင်းရှိနေသည့်အတွက် အကျဘက်သို့ ရောက်သွားသည်ဟု ပြန်လည်သုံးသပ်မှုများ ပါရှိပါသည်။

Industry Reviews Tips Read 587 times