The Asian Banker ၏ ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းခမ်းနောင့် ချီးမြှင့်ခံရ


17 October, 2020

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းခမ်းနောင့် @ Marlene အား The Asian Banker မှ ရွေးချယ်သည့် မြန်မာနိုင်ငံအတွက် ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆုကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း The Asian Banker Leadership Achievement Awards 2020 အစီအစဉ်မှသတင်းထုတ်ပြန်သည်။

အဆိုပါဆုမှာ အာရှဒေသအတွင်း အသက် (၄၀) အောက် ထိပ်တန်းဘဏ်လုပ်ငန်းရှင်များအတွင်း ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး ဒေါ်နန်းခမ်းနောင့်သည် ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း ထူးချွန်ပြောင်မြောက်စွာ ဦးစီးဆောင်ရွက်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုနှင့် အုပ်ချုပ်ရေးအပိုင်းများတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ တိုးတက်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်း၊ ဘဏ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် အသိအမှတ်ပြု ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
The Asian Banker ၏ ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆုများ ချီးမြှင့်သည့် အစီအစဉ်ကို သုံးနှစ်တစ်ကြိမ်သာ ကျင်းပပြုလုပ်ပြီး အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက ဒေသတွင်း နိုင်ငံများရှိ တစ်စထက်တစ်စ တိုးပွားလာနေသော ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်မှ မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်လုပ်ကိုင်ခဲ့သည့် သက်တမ်းတစ်လျှောက် တိုးတက်ပြောင်းလဲမှုများအား မှတ်တမ်းတင် ဂုဏ်ပြုလျက်ရှိကြောင်း သိရသည်။
The Asian Banker ၏ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်အတွက် ဒေါ်နန်းခမ်းနောင့် ၏ အင်တိုက်အားတိုက် ဦးစီးဆောင်ရွက်ခဲ့မှုများ‌ကြောင့် အာရှပစိဖိတ် ဒေသတွင်း အထူးချွန်ဆုံးသော ဦးဆောင်မှုများအတွင်း တစ်ခုအပါအဝင် ဖြစ်ကာ ၂၀၂၀ ခုနှစ်အတွက် The Asian Banker ၏ ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု ပေးအပ်ချီးမြှင့်ခံရသော ထိပ်တန်း လုပ်ငန်းရှင် ငါးဦးတွင် တစ်ဦးအပါအဝင်အဖြစ် ရွေးချယ်ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်းသိရသည်။
ဒေါ်နန်းခမ်းနောင့်သည် The Asian Banker မှ ပေးအပ်သော ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆုကို မြန်မာနိုင်ငံ၏ ဒုတိယမြောက်ဆုရှင်အဖြစ် ပေးအပ်ချီးမြှင့် ခံရခြင်း ဖြစ်ပြီး အဆိုပါဆုကို ၂၀၁၇ ခုနှစ်တွင် သူမ၏အစ်မဖြစ်သူ ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းမှ မြန်မာနိုင်ငံမှ ပထမဦးဆုံး လက်ခံရရှိခဲ့ကြောင်း သိရသည်။

Banking & Loan Read 456 times