ရုရှားနှင့် မကင်းတဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ


09 September, 2022

ရုရှားနှင့် မကင်းတဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ

အရှေ့တောင်အာရှနိုင်ငံများသည် ရုရှားနှင့် မကင်းကြဘဲ ၎င်းတို့ တိုင်းပြည်၏စီးပွားရေးစိန်ခေါ်မှုများကို ဖြေရှင်းဖို့ ဦးစားပေးကြရသည်။

ရုရှားခရီးသွားများကို ပိုမိုဆွဲဆောင်ခြင်းမှသည် ကုန်သွယ်မှုမြှင့်တင်ခြင်းအထိ အရှေ့တောင်အာရှနိုင်ငံများသည် ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကို တားဆီးရန်နှင့် Covid-19 ကပ်ရောဂါမှ ပြန်လည်ထူထူ‌ထောင်ထောင် ဖြစ်လာစေရန် မျှော်လင့်ချက်ဖြင့် ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများကို ထိန်းသိမ်းထားကြသည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားကြသည်။ 
 သို့သော် ထွန်းသစ်စနိုင်ငံများက ၎င်းတို့၏ တိုင်းပြည်စီးပွားရေး အခက်အခဲကို ဦးစားပေးဖြေရှင်းကြခြင်းကြောင့် ပိတ်ဆို့အရေးယူမှု၏
ကြိုးပမ်းမှုများ အားလျော့‌နေသည်။

 

ထိုင်း

ရုရှားအလံတင် လေကြောင်းလိုင်း Aeroflot သည် ရုရှားနိုင်ငံ မော်စကိုနှင့်  ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေ ဖူးခက်တို့အကြား ပုံမှန်ပျံသန်းပြေးဆွဲခြင်းကို အောက်တိုဘာလကုန်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။

ဖူးခက်သည် ပင်လယ်ကမ်းခြေ အပန်းဖြေ ခရီးထွက်သည့် ရုရှားခရီးသွားများကြားတွင် ရေပန်းစားသောနေရာတစ်ခု ဖြစ်သည်။ 
ထိုခရီးစဉ်ကို ယူကရိန်းစစ်ပွဲ အစတွင် ရပ်ဆိုင်းထားခဲ့ရာမှ ‌လာမည့်လတွင် ပြန်လည် ပြေးဆွဲမည် ဖြစ်သည်။

ခရီးစဉ် ပြန်လည်စတင်ခြင်းသည် ထိုင်းခရီးသွားလုပ်ငန်းကို အကျိုးရှိစေမည်ဟု ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး Yuthasak Supasorn က ပြောသည်။

တရုတ်နိုင်ငံသည် ၎င်း၏ "ကိုဗစ်သုည" မဟာဗျူဟာအရ ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ဆက်လက်လုပ်ဆောင်နေခြင်းကြောင့်   ယူကရိန်းကျူးကျော်မှုမတိုင်မီ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားခရီးသွားများတွင် ရုရှားသည်  အများဆုံး  ဖြစ်ခဲ့ပါသည်။
ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ရုရှားခရီးသွား ၁ သန်းကို ဆွဲဆောင်ရန် ရည်ရွယ်ထားသည်။

ထိုင်းနှင့် ရုရှားတို့သည် မေလအစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရှိလာမည်ဖြစ်သည်။ ၂၀၂၁ ကုန်သွယ်မှုပမာဏ၏ ၄ ဆ ဖြစ်ပါသည်။

ယခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပသည့် ထိုင်းနိုင်ငံသည် ရုရှားထံမှ  ရေနံစိမ်းနှင့် ဓာတ်မြေဩဇာများ တင်သွင်းနေစဉ် ရုရှားနိုင်ငံသို့ ကားများနှင့် အစားအစာများ တင်ပို့လျက်ရှိသည်။

 

 

ဗီယက်နမ်

ဗီယက်နမ်နှင့် ရုရှားတို့သည် ရုရှားဂျုံ တင်ပို့မှု တိုးချဲ့ရန် ဩဂုတ် ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

ဗီယက်နမ်သို့ ရုရှားဂျုံတင်ပို့မှုသည် ၂၀၂၈ တွင် မက်ထရစ်တန်ချိန် ၂.၆ သန်း ဖြစ်ခဲ့ပြီး တင်သွင်းသည့် ဂျုံစေ့များအကြား ဆူးပင်မျိုးစေ့များ ရောနှောပါဝင်နေသဖြင့် တင်သွင်းမှု လျှော့ချခဲ့ရာ ၂၀၂၁ တွင် မက်ထရစ်တန်ချိန် ၁၉၀,၀၀၀ တင်သွင်းခဲ့သည်။ 
 
ရုရှားသည် ဆူး‌စေ့ကင်းစင်သော ဂျုံများကို အစမ်းတစ်သုတ် ယခုစက်တင်ဘာလတွင် ဗီယက်နမ်သို့ တင်ပို့မည်ဖြစ်သည်။

စစ်ပွဲကြောင့် ရုရှားနှင့် အတူ ထိပ်တန်းထုတ်လုပ်သူဖြစ်သည့် ယူကရိန်းမှ ဂျုံစေ့ တင်ပို့မှုများ ပြတ်တောက်နေခြင်းကြောင့် ဂျုံဈေးနှုန်းများ မြင့်တက်လာသည်။

ဂျုံကို မုန့်နှင့် ခေါက်ဆွဲပြုလုပ်ရန် ဗီယက်နမ်တွင် တွင်ကျယ်စွာ အသုံးပြုနေပြီး ရုရှားမှ တင်သွင်းမှု တိုးမြှင့်ခြင်းဖြင့် နိုင်ငံတွင်း ဂျုံစျေးနှုန်း ထိန်းဖို့ မျှော်လင့်ထားသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏  အဖွဲ့ဝင်များဖြစ်ကြသော ထိုင်းနှင့်ဗီယက်နမ်တို့သည် ကြားနေရေးကို ဗဟိုချက်အဖြစ် ခံယူထားသည်။
အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် စင်ကာပူသည်သာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်သည့်  တစ်ခုတည်းသော အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

 

မြန်မာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်  စစ်တပ်က သိမ်းပိုက်ခဲ့ပြီး‌နောက် မြန်မာနိုင်ငံသည်  အထူးသဖြင့် မကြာသေးမီလများအတွင်း ရုရှားနှင့် အထူးတလည် နီးကပ်လာခဲ့သည်။ 
ပြည်တွင်းကျပ်ငွေတန်ဖိုး ကျဆင်းမှုအပြင် ရေနံစိမ်းဈေးနှုန်းများ တဟုန်ထိုး တက်သွားခြင်းကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများသည် သုံးဆကျော် တက်လာခဲ့သည်။
သို့ဖြစ်ရာ ဈေးသက်သာသော ရင်းမြစ်ဖြစ်သည့် ရုရှားနိုင်ငံမှ လောင်စာဆီများကို တင်သွင်းမည်ဖြစ်သည်။
Source FMT
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

 

Export, Import Read 677 times