ထိုင်းဆန် ဖိလစ်ပိုင်သို့   ၂ဆ တင်ပို့ရန် မျှော်မှန်း


19 February, 2023

ထိုင်းဆန် ဖိလစ်ပိုင်သို့   ၂ဆ တင်ပို့ရန် မျှော်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဝယ်လိုအားအသစ်ကြောင့် ထိုင်းဆန် တစ်နှစ်တာ တင်ပို့မှု တန်ချိန် ၈.၂ သန်းအထိ ရောက်ရှိနိုင်မည်။


ပြိုင်ဖက် ဆန်တင်ပို့သူ ဗီယက်နမ်သည် အကန့်အသတ်များနှင့် ရင်ဆိုင်နေရသောကြောင့် ထိုင်းနိုင်ငံမှ ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် နှစ်ဆတိုးရန် မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း Thai Rice Exporters Association မှ ပြောကြားခဲ့သည်။

 ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုသည် ယမန်နှစ်တွင် တန်ချိန် ၃ ဒသမ ၇ သန်းရှိခဲ့ပြီး ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်သွင်းသည့်နိုင်ငံဖြစ်လာခဲ့သည်။
၂၀၂၃ တွင်လည်း အလားတူပမာဏ တင်သွင်းရဖွယ် ရှိသည်။
ဖိလစ်ပိုင် ပြည်တွင်း ဆန်ထုတ်လုပ်မှု တန်ချိန် ၁၂.၄သန်းခန့် ရှိမည်ခန့်မှန်းထားပြီး လိုအပ်ချက်မှာ ဆန်တန်ချိန် ၁၅.၈ သန်းဖြစ်ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ အချက်အလက်များအရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ယမန်နှစ်က ဆန်တင်သွင်းမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းမှာ ဗီယက်နမ်မှ တင်သွင်းခဲ့သည်။ ဗီယက်နမ်ဆန်သည် ဈေးနှုန်းသင့်တော်ခြင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု‌တို့ကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်ကို အများဆုံးတင်သွင်းခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သည်။ ကျန်သည့်ပမာဏကို ထိုင်း၊ မြန်မာ အစရှိသည့် နိုင်ငံများမှ တင်သွင်းသည်။

"ဒီနှစ်မှာ ဗီယက်နမ်က အထွက်နှုန်းနည်းတဲ့အတွက် ဖိလစ်ပိုင်က  ထိုင်းထံမှ ဆန်ပိုဝယ်ဖို့ မျှော်လင့်ထားပါတယ်” ဟု ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswong က ပြောသည်။

ဗီယက်နမ်တွင် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီအတွက် အသုံးပြုသည့်မြေဧရိယာများမှာ ယခင်ရာသီထက် ၃ ရာခိုင်နှုန်း လျော့နည်းသွားသည်။ သို့ဖြစ်ရာ ထုတ်လုပ်မှု ၁% ကျဆင်းပြီး တန်ချိန် ၂၇ သန်း ထွက်မည်ဟု ခန့်မှန်းထားသည်။

ပြည်တွင်း ဆန်စားသုံးမှုသည် ၂၀၂၃ ခုနှစ်တွင် ယခင် ၂၀၂၂ ခုနှစ်အတိုင်း မပြောင်းမလဲဘဲ တန်ချိန် ၂၁.၅ သန်း ရှိမည်ဟု ခန့်မှန်းသည်။
သို့ဖြစ်ရာ ပြည်ပတင်ပို့ရန် ဆန်တန်ချိန် ၆ သန်း ရရှိနိုင်မည်။ ၂၀၂၂ တွင် တန်ချိန် ၇.၁ သန်း ရှိခဲ့သည်ထက် သိသိသာသာ လျော့နည်းနေသည်။
 
ပြဿနာတစ်ခု ထပ်ရှိနေသည်မှာ ပြီးခဲ့သည့်နှစ် အနှောင်းပိုင်းကတည်းက ဆည်ရေသောက်အားနည်းသော ကမ္ဘောဒီးယားလယ်ခင်းများ  မိုးခေါင်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ကမ္ဘောဒီးယားဆန် တစ်နှစ်လျှင် တန်ချိန် ၁ သန်းခန့် မှောင်ခိုတင်သွင်းနေခြင်းကြောင့် ဗီယက်နမ်မှာ ဆန်ရရှိမှု တည်ငြိမ်နေပြီး ပြည်ပသို့  တန်ချိန် ၇ မှ ၈ သန်းအထိ တင်ပို့နိုင်စေပါတယ်" ဟု Chookiat က ပြောကြားသည်။
“ဒါပေမဲ့ ဒီနှစ်မှာတော့ ဗီယက်နမ်ဆန် တင်ပို့မှု အားကောင်းဖို့အတွက် ကမ္ဘောဒီးယားက ဆန်မရရှိတော့ပါဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ အချက်အလက်များအရ ဇန်နဝါရီလတွင် ဗီယက်နမ်ဆန် တန်ချိန် ၄ သိန်း တင်ပို့ခဲ့သည်။ ၂၀၂၂ ဇန်နဝါရီလထက် ၂၀.၉% လျော့နည်းသည်။

 

၂၀၂၂-၂၃ ရာသီတွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၂၀.၂ သန်းခန့် ထွက်ရှိရန် မျှော်မှန်းထားသည်။ ယခင်ရာသီက တန်ချိန် ၁၉ သန်းထက် သိသိသာသာ ပိုများသည်။
ပြည်တွင်းစားသုံးမှု ဆန်တန်ချိန် ၁၂ ရှိသဖြင့် ကျန်သည့်ဆန်တန်ချိန်များကို ပြည်ပသို့ တင်ပို့နိုင်သည်။ 

ဖိလစ်ပိုင်သည် ဒုတိယသုံးလပတ်အတွက် ဆန်အာမခံချက် ရရှိရန် ထိုင်းဆန်တင်ပို့သူများထံ ဆက်သွယ်ထားပြီးဖြစ်ကြောင်း ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။

 
၁၄ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည့် ငွေကြေးဖောင်းပွမှုကြားတွင် ဖိလစ်ပိုင်အစိုးရမှ စားသောက်ကုန် ဈေးနှုန်းများကို ထပ်မတက်အောင် ထိန်းထားရန် ကြိုးစားနေချိန်တွင် ဆန်တင်ပို့သည့် နိုင်ငံအသစ်အဖြစ် ထိုင်းကို ရွေးချယ်ခဲ့သည်။
ဇန်နဝါရီလတွင် ငွေဖောင်းပွနှုန်း ၈.၇% သို့ ရောက်ရှိခဲ့သည်။ ၂၀၀၈ နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။ အထူးသဖြင့် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ဖြစ်သည်။

ပြည်တွင်းတွင် ပြတ်လပ်နေချိန်တွင် သမ္မတ Ferdinand Marcos Jr. သည် သကြားနှင့် ကြက်သွန်နီကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတင်သွင်းရန် သဘောတူညီခဲ့သည်။
“အခြေအနေက ဝယ်လိုအားကို  ပြည့်မီပြီး ငွေကြေးဖောင်းပွမှုကို တားဆီးဖို့ ထိုင်းဆန်ကို ဖိလစ်ပိုင် ဝယ်ဖို့ဖြစ်လာတယ်” ဟု ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ပွဲရုံတစ်ခုမှ ကုန်သည်တစ်ဦးက ပြောသည်။
ဖိလစ်ပိုင်၏ ၀ယ်လိုအား အားကောင်းမှုသည် ဖိလစ်ပိုင်သို့ ထိုင်းဆန်တင်ပို့မှု နှစ်ဆတိုးမည် ဖြစ်သည်။ ယခင်နှစ်က တန်ချိန် ၁၈၀,၀၀၀ တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၃၀၀,၀၀၀ အထိ တင်ပို့နိုင်မည်ဟု မျှော်လင့်ရသည်။

ဖိလစ်ပိုင်ထံမှ ဝယ်လိုအားအသစ်နှင့် အရှေ့အလယ်ပိုင်းမှ ပုံမှန် အမှာစာများ ရှိနေသည့်တိုင် ထိုင်းဆန်တင်ပို့သူများအသင်းမှ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ဆန်တင်ပို့မှုသည် တန်ချိန် ၇ ဒသမ ၅ သန်းရှိမည်ဟုသာ ခန့်မှန်းထားသည်။ ယမန်နှစ်က တန်ချိန် ၇.၆ သန်း လျာထားခဲ့သည်နှင့် မတိမ်းမယိမ်း ဖြစ်သည်။
“တကယ်တော့ ကျွန်တော်တို့မှာ တစ်နှစ်ပတ်လုံး ဆန် စိုက်ပျိုးနိုင်တဲ့အတွက် ပို့ကုန် ဆန်တန်ချိန် ၈ ဒသမ ၂ သန်း ဒါမှမဟုတ် ဒီထက် ပိုကျန်နေပါသေးတယ်" Chookiat က ပြောကြားသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Export, Import Read 353 times