ထိုင်းဟိုက်ပါမားကက်လုပ်ငန်း ဗီယက်နမ်တွင် ဒေါ်လာ ၁.၄၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ


28 February, 2023

ထိုင်းဟိုက်ပါမားကက်လုပ်ငန်း ဗီယက်နမ်တွင် ဒေါ်လာ ၁.၄၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

 

ထိုင်းနိုင်ငံမှ Central Retail Corporation သည် ဗီယက်နမ်နိုင်ငံတွင် Go! Hypermarket ဖွင့်လှစ် လုပ်ကိုင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဘတ် ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံ) ဖြင့် ၎င်း၏ ဗီယက်နမ်ရှိ စတိုးဆိုင် အရေအတွက်ကို နှစ်ဆတိုးမည်ဟု ကြေညာခဲ့သည်။


 

၎င်းရင်းနှီးမြုပ်နှံမှုအသစ်ဖြင့် စတိုးဆိုင်ခွဲ အရေအတွက်သည် လာမည့်ငါးနှစ်အတွင်း  မြို့ကြီးများတွင် ၆၀၀  ကျော်အထိ ခုန်တက်သွားမည်ဖြစ်သည်။

Central Retail စီအီးအို Yol Phokasub က ဗီယက်နမ်ဈေးကွက်သည် စဉ်ဆက်မပြတ်စီးပွားရေး ကြီးထွားမှုအတွက် ကြီးမားသောအလားအလာရှိကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဂျီဒီပီသည် ယခုနှစ်တွင် ၆.၇% နှင့် လာမည့်နှစ်တွင် ၇.၂% ကြီးထွားမည်ဟု Yol Phokasub က ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံသည် ဂျီဒီပီ ပျမ်းမျှအားဖြင့် ၃.၅% ကြီးထွားသည်။ "ဗီယက်နမ်က အရှေ့တောင်အာရှမှာ အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ ဈေးကွက်ဖြစ်လာမှာပါ” ဟု ၎င်းက ပြောကြားသည်။

Central Retail Corporation ၏ ဗီယက်နမ်အတွက် လုပ်ငန်းခွဲ ဖြစ်သော Central Retail Vietnam သည်   ဟိုက်ပါမားကတ် ကဏ္ဍတွင် ၎င်း၏ ဦးဆောင်နေရာကို အားဖြည့်ရန်အတွက် အစားအစာကို အာရုံစိုက်ကာ နိုင်ငံတဝှမ်းရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဘတ်ငွေ ၆ ဘီလီယံကို ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

 

ထိုင်းကုမ္ပဏီသည် Nguyen Kim  အီလက်ထရွန်းနစ် စူပါမားကတ် ၁၀ ခုကျော်ကို ပြန်လည်မွမ်းမံရန်လည်း စီစဉ်နေသည်။ ထို့ပြင် စူပါမားကက်များနှင့် Go! ဟိုက်ပါမားကက်များ ၃ ခုမှ ၅ ခုအထိ အသစ်ဖွင့်လှစ်မည် ဖြစ်သည်။

Central Retail Vietnam သည် လက်ရှိတွင် စတိုးဆိုင်ပေါင်း ၃၄၀ ကျော်ကို ဖွင့်လှစ်ထားသည်။

၎င်း၏ ၀င်ငွေသည် ၂၀၁၄ ခုနှစ်တွင် ဘတ်သန်း ၃၀၀ (ကန်ဒေါ်လာ ၈.၇ သန်း) ရရှိခဲ့ရာမှ ၂၀၂၁  ခုနှစ်တွင် ဘတ် ၃၈.၆ ဘီလီယံ (ကန်ဒေါ်လာ ၁.၁၂ ဘီလီယံ) သို့ တိုးလာခဲ့ပါသည်။

၎င်း၏ "အမြဲတမ်းစျေးနှုန်းချိုသာ" မူဝါဒကို ဆက်လက်ကျင့်သုံးလျက် ရှိသည်။

 

ဂျပန်မှ Aeon သည် ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတစ်ဝှမ်းရှိ စူပါမားကတ်ပေါင်း ၁၀၀ ကို ဖွင့်လှစ်ရန် စီစဉ်ထားသည်။

တောင်ကိုရီးယား လက်လီအရောင်း လုပ်ငန်း  ကုမ္ပဏီကြီး Lotte ကလည်း ဗီယက်နမ်တွင် စူပါမားကတ်များ ထပ်မံဖွင့်လှစ်မည်ဟု ပြောကြားထားသည်။

တရုတ်နိုင်ငံမှ တဖြည်းဖြည်း နုတ်ထွက်ပြီးနောက် ယခုအခါ Lotte သည် ဗီယက်နမ်ကို တောင်ကိုရီးယားနှင့် ဂျပန်ပြီးလျှင် ၎င်း၏ တတိယမြောက် အရေးအကြီးဆုံး စျေးကွက်အဖြစ် သတ်မှတ်ခဲ့သည်။

Source  VnExpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 229 times