အထောက်အထားမဲ့ ပြည်ပလုပ်သားတွေကို ထိုင်းအစိုးရ အထောက်အထား ထုတ်ပေးမည်


02 October, 2021

အထောက်အထားမဲ့ ပြည်ပလုပ်သားတွေကို ထိုင်းအစိုးရ အထောက်အထား ထုတ်ပေးမည်
ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်ကာလအတွင်း ကပ်ရောဂါကာကွယ်ရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အတွက် အထောက်အထားမရှိတဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံက လုပ်သားတွေကို ၂၀၂၃ ခုနှစ်အထိ အလုပ်လုပ်ခွင့်ရှိတဲ့ အထောက်အထား လက်မှတ်တွေ ထုတ်ပေးဖို့ ထိုင်းအစိုးရက စက်တင်ဘာလ ၂၈ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်ကာလအတွင်း ကပ်ရောဂါကာကွယ်ရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အတွက် ထိုင်း အလုပ်သမားဝန်ကြီးက အထောက်အထားမဲ့တွေကို အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ တောင်းဆိုထားချက်ကို ထိုင်းအစိုးရက ခွင့်ပြုပေးလိုက်တာပါ။

ဒီအကြောင်းနဲ့ပတ်သက်လို့ရွှေပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော်ကတော့အခုလိုသုံးသပ်ပြောပါတယ်။

" ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ Covid 19 ဖြစ်နေတဲ့ ကာလမှာ ထိုင်းနိုင်ငံမှာ ရောက်ရှိပြီးသား မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့သူတွေကို အကြောင်းကြောင်းကြောင့် စာရွက်စာတမ်း ပြတ်သွားတာ (အလုပ်လုပ်ခွင့်သက်တမ်းထပ်မဆက်နိုင်တာ) ၊ ကုန်ဆုံးသွားတာတွေကို ဖြေလျှော့ပေးတာ မှန်ပေမယ့် လုပ်သားတွေကိုလည်း ပြန်ရသလို၊ လုပ်သားတွေဆီကနေ သက်တမ်းတိုးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရရှိလာမယ့် ငွေကြေး ကလည်းအများကြီးပါခင်ဗျ။ နံပါတ်(၁) က သူရဲ့စီပွားရေး ကုန်ထုတ်လုပ်မှုတွေ မကျဆင်းအောင် ရှိပြီးသား လုပ်သားတွေအားလုံးကို ပြန်ထိန်း လိုက်တာ။ နံပါတ် (၂)ကတော့ လက်ရှိဖြေလျှော့ပေးတယ်လို့ ကမ္ဘာကိုကြေညာ ပေမယ့်လည်း သူတို့လိုအပ်နေတဲ့ ဘဏ္ဍာငွေတွေ ရရှိအောင်လုပ်တဲ့နည်းလမ်းတခုလို့ပဲ သုံးသပ်တယ်ခင်ဗျ။ "

ကိုဗစ်ဒုတိယလှိုင်း ဖြစ်ချိန်တုန်းကလည်း အခုလိုမျိုး ပန်းရောက်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်ရှိတဲ့ အထောက်အထား လက်မှတ်တွေ ထုတ်ပေးဖို့ ပထမအကြိမ်အဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း မြန်မာလုပ်သားတွေ သိန်းနဲ့ချီပြီး အထောက်အထားတွေ လုပ်ခဲ့ပါတယ်။ အခုလုပ်ပေးမယ့် အထောက်အထားလက်မှတ်ကတော့ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလလယ် အထိ အလုပ်လုပ်ခွင့်ရမှာဖြစ်ပါတယ်။

အထောက်အထားလက်မှတ် မရှိတဲ့ မြန်မာနိုင်ငံသားတွေ အတွက်တော့ ဒီလက်မှတ်ထုတ်ပေးမယ့် အစီစဉ်ဟာ အကျိုးရှိပါတယ်လို့ ဦးအောင်ကျော်ကဆိုပါတယ်။

" တရားမဝင်နေထိုင်ပြီး ဘာစာရွက်စာတမ်းမှ မရှိဘဲ လုပ်နေရင်တော့ အလုပ်ရှင်တွေကလည်း နိုင်ငံတော်အစိုးရက သတ်မှတ်ပေးထားတဲ့ နှုန်းထားတွေ အတိုင်းမပေးဘဲ ထင်သလိုခိုင်းနေမှာ၊ ထင်သလိုလုပ်ကိုင်နေမှာ ဖြစ်တဲ့အတွက် ဒါကအကျိုးအမြတ်တော့ရှိပါတယ်။ "

ထိုင်းနိုင်ငံတွင်း ရောက်ရှိနေပြီးသား အထောက်အထားမဲ့တွေအတွက် လာမယ့် အောက်တိုဘာလက စပြီး လက်မှတ်တွေ စလုပ်ပေးမှာဖြစ်ပါတယ်။ ဒီအထောက်အထား လက်မှတ်တွေဟာ နယ်မြေတခုနဲ့တခု ဖြတ်ကျော်သွားလာခွင့်တွေတော့ မရှိပါဘူး။

ထိုင်းအစိုးရကတော့ ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းနေတဲ့ စီးပွားရေးကို နာလန်ထူနိုင်ဖို့အတွက် အောက်တိုဘာလက စပြီး ကူးစက်မှုထိန်းချုပ်နိုင်တဲ့ ပြည်နယ်တချို့မှာ ဖြေလျှော့မှုတွေ လုပ်ဖို့ ရည်မှန်းထားပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက စပြီး မြန်မာအပါအဝင် အိမ်နီးချင်းနယ်စပ်တွေကို ပြန်ဖွင့်ဖို့လည်း ပြင်ဆင်ထားပါတယ်။

ဗီအိုအေ

Local News Read 215 times