ထိုင်းစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့ထား


07 December, 2023

ထိုင်းစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့ထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်နေချိန်တွင် ထိုင်းစီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ခေတ္တရပ်ဆိုင်းထားလိုက်ကြသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ ၂၀၂၁ ခုနှစ်တွင် ၁၇.၉% ကျဆင်းသွားကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ၀.၆% မျှသာ တိုးတက်မှုရှိ‌ေကြာင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်တွင် ကြီးထွားနှုန်း ၂.၄၉% ဟု ခန့်မှန်းထားခြင်းသည်  ပြင်းထန်သောပဋိပက္ခများ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်လာနိုင်ဖွယ် မရှိတော့ချေ။

မြန်မာနိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ ဆိုးရွားလာသဖြင့် ထိုင်းစီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ဆိုင်းငံ့ထားလိုက်ကြသည်။
ထိုင်း-မြန်မာ စီးပွားရေးကောင်စီ Thai-Myanmar Business Council (TMBC) က မတည်ငြိမ်သော အခြေအနေကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များကို အချိန်ရွှေ့ဆိုင်းထားကြကြောင်း အတည်ပြုသည်။

TMBC ဥက္ကဋ္ဌ Krit Ungwitunsathit က မြန်မာနိုင်ငံသည် ငွေသားစီးဆင်းမှုဆိုင်ရာ အခက်အခဲများနှင့် ဒေါ်လာရှားပါးမှုတို့ကို ရင်ဆိုင်နေရကြောင်း ပြောကြားသည်။
သို့သော်လည်း ထိုင်း-မြန်မာ ကုန်သွယ်မှုမှာ ဘတ်ငွေနှင့် ကျပ်ငွေတို့ဖြင့် ဆောင်ရွက်သောကြောင့် ထိခိုက်မှု နည်းပါးပါသည်။

TMBC အကြီးအကဲသည် လက်ရှိတွင် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန် မြန်မာအာဏာပိုင်တို့နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်  နိုင်ငံတကာလုပ်ငန်းများ မြန်မာမှ ထွက်ခွာကြခြင်း၊  အနောက်နိုင်ငံအစိုးရများက ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခြင်းတို့ကြောင့်  မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းဘဏ်အဖြစ် ယခင်က ခွင့်ပြုထားသည့် တစ်ခုတည်းသော ထိုင်းဘဏ်ဖြစ်သည့် Bangkok Bank သည် ရန်ကုန်တွင် ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ရန် တိုးချဲ့မည့် အစီအစဉ်ကို ဆိုင်းငံ့ထားသည်။

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT သည် ဓာတ်ငွေ့ပေးပို့ခြင်းကဲ့သို့ တည်ရှိပြီးသား လုပ်ငန်းများကို  ဆက်လက်လုပ်ဆောင်လျက် ရှိသော်လည်း ၎င်း၏ မြန်မာစီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေး (PTTEP) နှင့် လက်လီအရောင်း (OR) တို့တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များကို အချိန်ရွှေ့ဆိုင်းခဲ့သည်။

OR သည် ၂၀၁၉ ခုနှစ်တွင် မြန်မာမှ Brighter Energy (BE) နှင့် ဖက်စပ်လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ရှယ်ယာ ၃၅% ပိုင်ဆိုင်သည်။
ဖက်စပ်လုပ်ငန်းသည်မြန်မာနိုင်ငံတွင် အကြီးဆုံးလောင်စာဆီ သိုလှောင်ကန်လုပ်ငန်းကို လုပ်ကိုင်သည်။ ရုံတွင် ရေနံစည်ပေါင်း ၁ သန်းနှင့် ရေနံဓာတ်ငွေ့ရည် liquid petroleum gas (LPG) မက်ထရစ်တန် ၄၅၀၀ ဆံ့သည်။ 
ထို့ပြင် စက်သုံးဆီ လက်လီအရောင်းဆိုင်များ Amazon ကော်ဖီဆိုင်များ ဖွင့်လှစ်သည်။

OR သည် BE စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းထားသည်။ ပဋိပက္ခဇုန်များရှိ Amazon ဆိုင်များကိုလည်း ပိတ်ထားသည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုကို အပြီးအပိုင် ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း၊ ပဋိပက္ခကို အခြေအနေ စောင့်ကြည့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် လက်ရှိ ထိုင်းစီးပွားရေးလုပ်ငန်းများသည် နိုင်ငံခြားငွေ သုံးစွဲခွင့် ကန့်သတ်ခြင်းနှင့် ကုန်သွယ်မှု ကန့်သတ်ချက်များကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

စားသုံးသူများသည် ဆက်လက်သုံးစွဲနေကြဆဲ ဖြစ်သော်လည်း ငွေသားစီးဆင်းမှု သိသိသာသာ လျော့ကျသွားသည်။ ကိုဗစ်ကာလနှင့် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးသည် တခုလုံးအနေဖြင့် ကျဆင်းနေကြောင်းကို ထင်ဟပ်ပြသနေသည်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးသည် ထိုင်း-မြန်မာ စီးပွားရေးကောင်စီနှင့်အတူ ထိုင်းထုတ်ကုန်များ မြန်မာစျေးကွက်သို့ စီးဆင်းနေစေရန်အတွက် အစားထိုးနယ်စပ်လမ်းကြောင်းများ ရှာဖွေခြင်း အပါအဝင် အရေးပေါ် အစီအစဉ်များကို ပြင်ဆင်နေသည်။ 

ထိုင်းဘဏ်များဖြစ်သည့် Kasikorn (KBank) နှင့် Siam Commercial (SCB) တို့သည် မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်မရရှိမီအထိ မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ကိုင်ရန် အစီအစဉ်များကို ရွှေ့ဆိုင်းထားကြသည်။
 
KBank သည် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်ရရှိသည့် ပထမဆုံးသော နိုင်ငံခြားဘဏ်ဖြစ်သည်။ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွင် အစုရှယ်ယာ ၃၅% ရယူရန် အစီအစဉ်ရှိသည်။

SCB ၏ မြန်မာနိုင်ငံအတွက် မူလငါးနှစ်စီမံကိန်းမှာ ထိုင်းနှင့် မြန်မာကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တံတားထိုးရန်အတွက် လာမည့်နှစ်တွင် ချေးငွေ ဘတ်ငွေ ၇ ဘီလီယံ ထည့်ဝင်မည်ဖြစ်သည်။
SCB သည် မြန်မာနိုင်ငံအား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အနာဂတ်အလားအလာရှိသော နယ်မြေတစ်ခုအဖြစ် မြင်နေဆဲဖြစ်သည်။
 
Source thenationthailand 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 317 times