နိုင်ငံခြားဝင်ငွေတိုးမြှင့်ရှာဖွေနိုင်ရန် ဝဥစိုက်မည်


03 October, 2018

နိုင်ငံတော်မှ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရန်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရှာဖွေနိုင်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျုဟာအရ ပို့ကုန်မြှင့်တင်မည့် ဦးစားပေးကဏ္ဍ ခုနစ်ရပ်အဖြစ် ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ခရီးသွားလုပ်ငန်း၊ ရော်ဘာတို့အပြင် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များကိုပါ ဦးစားပေးကဏ္ဍတွင် ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်ငွေရရှိခဲ့
*******
ဝဥခြောက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပြည်ပသို့ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုစာရင်းကို လေ့လာကြည့်ပါက နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်း ဆယ်ဂဏန်းဖြင့် နှစ်စဉ် ဝင်ငွေရရှိ နေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရှိရသည်။

အသုံးဝင်မှု
*******
ဝဥခြောက်ကို တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံများ ဝယ်ယူကြောင်းသိရှိရပြီး အသုံးပြုပုံမှာ စားသောက်ကုန်နှင့် ဆေးဝါးများတွင် အဓိကအသုံးပြုကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံတွင် အမှုန့်ပြုလုပ်၍ ကော်ပြန့်၊ ခေါက်ဆွဲ၊ ဖိလစ်ပိုင်နိုင်ငံတွင် ပေါင်မုန့်၊ အရက်၊ ဝိုင်ချက်လုပ်ခြင်း၊ တရုတ်နိုင်ငံတွင် အစားအစာ၊ ခေါက်ဆွဲ၊ အသားတု၊ မုန့်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုပြီး ကိုလက်စထရော၊ အဆီကျဆေးများ ဖော်စပ်ရာတွင် ဆေးဝါးအဖြစ် အသုံးပြုကြောင်း သိရှိရသည်။

ထို့အပြင် ဝဥကို စက္ကူလုပ်ငန်း၊ ကော်အမျိုးမျိုး၊ ချည်ထည်လုပ်ငန်း၊ ခန္ဓာကိုယ်လိမ်းအလှဆီ၊ ခေါင်းလိမ်းဆီများ ထုတ်လုပ်ရာတွင် အကူပစ္စည်းအဖြစ် အသုံးပြုကြောင်း သိရသည်။ ဝဥတွင် ပါဝင်သောဓာတ်တွင် ခန္ဓာကိုယ်အတွက် အရေးကြီးသော သဘာဝအမျှင်ဓာတ်များပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်ကို စုပ်ယူနိုင်ကြောင်း သိရှိရသည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်၍ အစာအိမ်အူလမ်းကြောင်းကင်ဆာရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးပြီး အာဟာရဓာတ် ၁၅ မျိုးပါဝင်ကြောင်း သိရှိရသည်။

မူရင်းဒေသ
*******
ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥမျိုးရင်း Areceae မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည် မှာ Amorphophallus Companuatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam (or) White Yam (or) Telingo ဟုခေါ်သည်။ ကမ္ဘာပေါ်တွင် ဝဥ မျိုးစေ့ပေါင်း ၁၃၀ ခန့်ရှိသည့်အနက် ၁၂ မျိုးခန့် ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရသည်။

ဝဥကို မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရပြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ကြောင်း သိရှိရသည်။

ဝဥအမျိုးအစား
*********
မြန်မာပြည်ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေသော ဝဥအမျိုးအစားမှာ သုံးမျိုးခန့်ရှိပြီး အနီ၊ အဝါနှင့် အဖြူရောင်တို့ဖြစ်ပြီး အနီရောင်မှာ ပထမတန်းစား၊ အဝါရောင်မှာ ဒုတိယတန်းစား၊ အဖြူရောင်မှာ တတိယတန်းစားတို့ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ကလေး၊ ဖောင်းပြင်မြို့နယ်များရှိ တောတောင် များတွင် အဖြူရောင်မျိုးစိတ်များအား သဘာ၀ ပေါက်ပင်အဖြစ် တွေ့ရှိရသည်။

စိုက်ပျိုးမှု
******
ဝဥသည် အပူပိုင်းဒေသမိုးများ၊ မြေနိမ့်လွင်ပြင် သစ်တောဒေသများကို ကြိုက်နှစ်သက်ပြီး အပူချိန်နိမ့်ပြီး ပေ ၅၀၀၀ ခန့်မြင့်မားသော မိုးများသည့် ကုန်းမြင့်ဒေသများတွင် ဖြစ်ထွန်းသည်ဟု ဆိုပါသည်။ ဝဥအား စိုက်ပျိုးမည်ဆိုပါက မြေပြင်ခြင်းအပိုင်းတွင် အခြားသီးနှံများစိုက်သကဲ့သို့ စိုက်ပျိုးရန် ရွေးချယ်ထားသည့် မြေပေါ်မှသစ်ပင် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းပြီး ထယ်တစ်လွှာ၊ ထွန်နှစ်လွှာဝင်ပြီး မြေပြုပြင်ရ သည်။ ထို့နောက် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ပေးရပါသည်။ ပင်ကြား၊ တန်းကြားနှင့် တစ်ဧက အပင်အရေအတွက်အနေဖြင့် တန်းကြား လေးပေ၊ ပင်ကြားနှစ်ပေ စိုက်ပျိုးပြီး တစ်ဧက ၅၄၅၅ ပင် အနည်းဆုံးဝင်ဆံ့နိုင်အောင် စိုက်ပျိုးသင့်သည်ဟု ဆိုပါသည်။

မျိုးပွားနည်း
*******
ဝဥကို စနစ်တကျစိုက်ခင်းများအဖြစ် ဧကများစွာ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးဥများ လုံလောက်စွာရရှိအောင် စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ပါသည်။ ဝဥမျိုးပွားနည်း လေးမျိုးရှိရာ ပထမနည်းမှာ ၃၀ ကျပ်သားအရွယ်ရှိ ဝဥကို တိုက်ရိုက်ချပြီး စိုက်ပျိုးနိုင်ပါသည်။ အနည်းဆုံး ၃၀ ကျပ်သားအရွယ်ရှိသည့် ဥများကို မျိုးဥအဖြစ် အသုံးပြုစိုက်ပျိုးမှသာ နှစ်ချင်းအသုံးပြုနိုင်သည့် ရောင်းတန်းဝင် ဥကြီးများကို ရရှိနိုင်မည်ဖြစ်သည်။

ဒုတိယမျိုးပွားနည်းမှာ ဝဥပန်းခိုင်မှ ထုတ်လုပ်ရရှိသည့် မျိုးစေ့ငယ်များကို ပထမနှစ်အနေဖြင့်စတင်၍ ပျိုးပေါင်တွင် စိုက်ပျိုးရပါသည်။ အဆိုပါမျိုးပင်လေးများမှ ပထမနှစ်အတွင်း မျိုးဥအငယ်လေးများကို ရရှိပြီးမှ ဒုတိယနှစ်တွင် ဆက်လက်ပြီး ပျိုးပေါင်နှင့် စိုက်ပျိုးမှသာ ဥပိုကြီးလာအောင် ပျိုးထောင်စိုက်ပျိုးထားခြင်းဖြင့် ၃၀ ကျပ်သားအရွယ် မျိုးဥများကို ရလာနိုင်ပြီး နောင် နှစ်တွင် မျိုးဥအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

တတိယအဆင့်မျိုးပွားနည်းမှာ မြေအောက်မှရရှိသည့် ဝဥ၏ ဥပွားများကို ခွဲယူပြီး မျိုးအဖြစ် လည်းစိုက်ပျိုးနိုင်ပါသည်။ စတုတ္ထမျိုးပွားနည်းမှာ အရွက်မှအသီး (အရွက်သီး)များကို စိုက်ပျိုးခြင်းဖြင့်လည်း ဝဥပျိုးပင်ကို ရရှိနိုင်ပါသည်။

စိုက်ပျိုးနည်း
*******
ဝဥကို စိုက်ခင်းတွင် မြေချစိုက်ပျိုးခြင်းမှာ နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိရာ ကျေးလက်ဒေသမှ စိုက်ပျိုးသည့်နည်းတစ်နည်းကို ဖော်ပြရမည်ဆိုပါက ဝဥမျိုးဥများကို စိုက်ပျိုးရန် စိုက်ကျင်း ပြင်ရာမှ (၆" x ၆" )အကျယ်အဝန်းမှ (၆")အနက် ခန့် ကျင်းပြင်(မြေမွ၊ ပေါင်းမြက်ကောက်) အပေါ်ယံ (၂")ခန့်မှ ဝဥကို မြေဖုံးမိရုံဖုံးပြီး စိုက်ပျိုးရပါသည်။ မြေတွင်လွန်စွာနက်အောင်မြှုပ်၍ မစိုက်ပျိုးသင့်ပါ။ မြေချစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံ ရာသီဥတုအရ မိုးဦးရာသီ၊ မေလမှစတင်၍ စိုက်ပျိုးသင့် ပါသည်။

ဝဥအား အပင်ပြုစုခြင်းမှာ စိုက်ပျိုးထားသည့် ဝဥအညွှန့်ထွက်ကာ မြေပေါ်အပင်ပိုင်း ကြီးထွားလာပြီး အမြစ်များပေါ်လာသည့်အခါ ပေါင်းသင်၊ မြေဆွ၊ ပေါင်လုံး၊ မြေဖုံးပေးရသည်။ ရေမဝပ်ရန်အတွက် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ စိုက်ခင်းတွင် အရိပ်များမရှိပါက ၆၀ ရာခိုင်နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပါသည်။

ပျက်စီးမှု
*****
ဝဥသည် ပိုးမွှားရောဂါကျရောက်မှုကြောင့် ပျက်စီးမှုနည်းပါးပါသည်။ သို့သော်လည်း တစ်ခါတရံ ရွက်စားပိုးများ ကျရောက်တတ်ပါသည်။ ဝဥကို ဒဏ်ရာထိခိုက်မှုရှိပါက ပုပ်ရိရောဂါဝင်နိုင်သဖြင့် အပင်ပြုစုနေစဉ် ဝဥကို မထိခိုက်မိအောင် သတိထားဖို့လိုပါသည်။ တစ်ခါတရံ ဝဥပင်စည်များ ထိခိုက်မိသည့် ဒဏ်ရာအပေါက်မှ အစေးများထွက်ပြီး အပင်နာနိုင်ပါသည်။ သို့ဖြစ်၍ ပင်စည်များကို ဒဏ်ရာမရအောင် ဂရုစိုက်သင့်ပါသည်။ ဥများဒဏ်ရာရ၍ ပုပ်စပြုချိန်တွင် ပုပ်သီးအပိုင်းငယ်ကလေးကို ဇွန်းနှင့် အပုပ်ပိုင်းကုန်အောင် ခြစ်ပစ်ပြီး မြေနှင့်လူးနယ်ဖုံးပေးလျှင် ဆက်ပြီးပုပ်ရိပျက်စီးခြင်းမှ တားဆီးနိုင်မည်ဖြစ်ပါသည်။

အထွက်နှုန်း
********
ဝဥကို နွေအကုန် မိုးဦးကျမှ စတင်စိုက်ပျိုးပြီး မိုးကုန်ဆောင်းဦးရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် မြေပေါ်ပင်ပိုင်း ညှိုးခြောက်သွားချိန်တွင် တူးဖော်ရိတ်သိမ်းရပါသည်။ တစ်ဧက စိုက်ပျိုးစရိတ် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ ကုန်ကျပြီး တစ်ဧက တစ်နှစ်ပျမ်းမျှအထွက် ဝဥ (အစို) ပိဿာ ၃၀၀၀ မှ ၅၀၀၀ ထိ ထွက်ရှိကြောင်းသိရပြီး တစ်ပိဿာ ကျပ် ၄၅၀ မှ ကျပ် ၅၀၀ ထိ ဈေးရှိသဖြင့် တစ်ဧက တစ်နှစ်ဝင်ငွေ ကျပ် ၁၅ သိန်းနှင့်အထက် ဝင်ငွေရရှိနိုင်သည်။ သို့ဖြစ်၍ ဝဥကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေသာမက ပြည်ပပို့ကုန်ကိုပါ တိုးမြှင့်နိုင်ပါကြောင်း သိရပါသည်။

အရောင်းအဝယ်ဖြစ်
*************
မော်လမြိုင်ဈေးကွက်တွင် ယခုလအတွင်း ဝဥ ပိဿာချိန် ၆၀၀၀ မှ ၈၀၀၀ ထိ နေ့စဉ် ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်းတို့မှာစိုက်ပျိုးကြတဲ့ဝဥကိုမော်လမြိုင်ဈေးကွက်မှာတင်ပို့ရောင်း ချနေတဲ့အတွက် နေ့စဉ်ပုံမှန် ၁၂ ဘီးကားတစ်စီးစာအရောင်းအဝယ်ဖြစ်တယ် ။ ဝဥက စိုက်ပျိုးရတာလွယ်ကူတယ် ။ ရေမလောင်း မြေသြဇာမကျွေးရဘဲနဲ့ ဝင်ငွေရရှိနိုင်တဲ့အပင်မျိုးလည်းဖြစ်တယ် ။ အရိပ်မကြောက်တဲ့အတွက် ရော်ဘာခြံ ၊ ဥယျာဉ်ခြံတွေမှာလည်းစိုက်ပျိုးနိုင်တယ်”ဟု မွန်ပြည်နယ်ပဲနှမ်းကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ဆိုသည်။

ဈေးနှုန်း
****
ယခင်နှစ်က ဈေးနှုန်းမှာ တစ်ပိဿာ ၈၀၀ ကျပ်မှ အမြင့်ဆုံး ၈၅၀ ကျပ်ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် ၁၃၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်နေကြသည်။

ပြည်ပဝယ်လိုအားရှိခြင်းကြောင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရှာဖွေရရှိနိုင်သည့်စိုက်ပျိုးသီးနံှတစ်မျိုးဖြစ် ကြောင်း၊မြန်မာထွက် ဝဥကို တရုတ်၊ ဂျပန်၊ ထိုင်းနိုင်ငံများက ဝယ်ယူနေကြောင်း ဦးကျော်ခိုင်မြင့်က ဆိုသည်။

ဈေးတက်လာရခြင်းမှာ
***************
ယင်းသို့ ဈေးတက်လာခြင်းမှာရေးမှ စက်ရုံ နှစ်ရုံနှင့် တရုတ်နိုင်ငံကုန်သည်များ တနင်္သာရီတိုင်းအထိ လာရောက်ကာ အလုအယက် ဝယ်ယူနေခြင်းကြောင့်ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။”ဝဥက လူသုံးကုန်ပစ္စည်းတွေမှာအများကြီး အသုံးဝင်လာလို့ ဂျပန်နှင့်တရုတ်က ကုန်သည်တွေ ဆင်းလာဝယ်နေကြလို့ ဈေးတက်လာတာပေါ့”ဟုထားဝယ်မြို့ရှိ စန်းပွင့်ခြံထွက်သီးနှံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်က ဆိုသည်။ဝဥများကို ရေး၊ မော်လမြိုင်၊မန္တလေးမြို့များသို့ တင်ပို့ပြီး စက်ရုံများတွင် အခြောက်ပြုလုပ်၍ တရုတ်ပြည်နှင့် ဂျပန်ပြည်တို့ကို ပြန်လည်တင်ပို့ကြောင်း ပွဲရုံပိုင်ရှင်အချို့ထံမှသိရသည်။

ဝဥကို သဘာဝထွက် အလေ့ကျပေါက်ပင်ကို တူးရောင်းနေသူများရှိသလိုသီးသန့်စိုက်ပျိုးရောင်းချသူများလည်းရှိလာကြောင်း ပွဲရုံပိုင်ရှင်အချို့ထံမှ သိရသည်။တစ်လုံးလျှင် ၂၅ ကျပ်သား မှ ၃၀ ကျပ်သား အလေးချိန်ရှိသည့် ဝဥများမှာစက်ရုံတွင်ရောင်းတမ်းဝင်ပြီး ရောင်းတမ်းမဝင်သော ၂၀ ကျပ်သား အောက်ဥငယ်များကို မျိုးအတွက် ပြန်လည်ရောင်းချသည်ဟု ထားဝယ်အခွန်လွတ်ဈေးရှိ ဗဟို ပွဲရုံပိုင်ရှင် ဦးထွန်းလှပြောသည်။

“ထပ်တက်မယ့် အနေထားကတော့လုဝယ်ရင် ထပ်တက်မှာပဲ”ဟု ဦးထွန်းလှက ဆိုသည်။ ဝဥကို လူသုံးကုန်၊ အလှကုန်နှင့်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးများလာပြီး တရုတ်၊ ဂျပန်ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိပြီး စနစ်တကျစိုက်ပျိုးပါက ဒေသဝင်ငွေတိုးလာမည်ဖြစ်ကြောင်း ဝဥစိုက်ပျိုးရန် စည်းရုံးလှုံ့ဆော်နေသည့် ထားဝယ်သုတေသနအသင်း ဥက္ကဋ္ဌဆရာဇော်သူရက ပြောသည်။

Investment/Divestment Local News Traditional Industry Read 1569 times