နည်းပညာကုမ္ပဏီများ တရုတ်နိုင်ငံမှ ထုတ်လုပ်မှုကို ပြင်ပသို့ ဖြည်းဖြည်းချင်း ရွှေ့နေ


06 September, 2022

နည်းပညာကုမ္ပဏီများ တရုတ်နိုင်ငံမှ ထုတ်လုပ်မှုကို ပြင်ပသို့ ဖြည်းဖြည်းချင်း ရွှေ့နေ

 

နည်းပညာကုမ္ပဏီများသည် တရုတ်နိုင်ငံမှ ထုတ်လုပ်မှုကို ပြင်ပသို့ ဖြည်းဖြည်းချင်း ရွှေ့နေကြသည်။

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ဖြစ်ပေါ်နေသည့်  ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ တရုတ်နိုင်ငံတွင်

 ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ပြင်းထန်တင်းကျပ်မှုကြောင့် ဖြစ်‌ပေါ်သော ပစ္စည်းထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများအတွက် စိုးရိမ်ပူပန်မှုများကြောင့် တရုတ်ပြည်ပြင်ပသို အပြောင်းအရွှေ့များ ပိုများလာခဲ့သည်။ 

 

COVID-19 စတင်ဖြစ်ပွားစဉ် တရုတ်နိုင်ငံတွင် စက်ရုံများ ပိတ်ထားရသည်။ ထိုနောက်ပိုင်း စက်ရုံများ ယာယီပိတ်ထားရသည်မှာ အကြိမ်ကြိမ် ဖြစ်နေသည်။

ပထဝီဝင်နိုင်ငံရေး တင်းမာမှုများကို ကြည့်လျှင် ထရန့်အစိုးရလက်ထက်တွင် တရုတ်- အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကို ကြုံရသည်။ စီးပွားရေးအရ အပြန်အလှန် လက်စားချေ တုံ့ပြန်မှုများ ကြုံရသည်။ ယခု ထိုင်ဝမ်အရေးကြောင့် တင်းမာမှုများ အရှိန်တက်နေသည်။

 

တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ လူသုံးအများဆုံး အီလက်ထရွန်နစ်ပစ္စည်းအမျိုးမျိုးကို အဓိက ထုတ်လုပ်သူအဖြစ် ရှိနေသေးသည်။ သို့သော် အရွေ့အချို့ကို စတင်မြင်တွေ့နေရပြီ။

 

Apple နှင့်  Google တို့က စမတ်ဖုန်း နောက်ဆုံးမျိုးဆက်သစ်ကို ဖြန့်ဖြူးကြမည်။ ယခင်မော်ဒယ်များနှင့် ကွဲပြားခြားနားနေသည့်အချက်မှာ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ "Made in China" အစား အခြားနိုင်ငံ ဖြစ်နေနိုင်သည်။

Apple ၏ iPhones များတွင် "Made in India"  ကို တွေ့ကြမည်။ 

Google ၏ နောက်ဆုံးထုတ် Pixel စမတ်ဖုန်းများတွင် "Made in Vietnam" ကို တွေ့ကြမည်။

 

Apple က iPads ကို ဗီယက်နမ် မြောက်ပိုင်းတွင် ထုတ်လုပ်နေပြီ ဖြစ်သည်။

Microsoft က Xbox ဂိမ်းစက် ထုတ်လုပ်မှုကို ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းစီးတီးသို့ ယခုနှစ်တွင် ပြောင်းရွှေ့ ထုတ်လုပ်သည်။ 

Amazon က Fire TV ကို အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ထုတ်လုပ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က အဆိုပါ အီလက်ထရွန်းနစ်ပစ္စည်းများကို တရုတ်နိုင်ငံမှာသာ ထုတ်လုပ်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် စက်ရုံကုန်ထုတ်လုပ်ငန်းကဏ္ဍသည် ဇူလိုင်လနှင့် ဩဂုတ်လ ၂ လဆက်တိုက် ကျုံ့ဝင်သွားခဲ့ကြောင်း စစ်တမ်းအရ သိရသည်။

 

 “တရုတ်ပြည်ရဲ့ ကုန်ထုတ်လုပ်မှု အင်ပါယာက ယိမ်းယိုင်နေတယ်။အရင်းအနှီးတွေ ဆွဲထုတ်တာ ပိုများလာနေပြီး ကုန်ထုတ်လုပ်မှုကို တရုတ်နိုင်ငံအစား အခြားရွေးချယ်စရာ နိုင်ငံတစ်ခုကို ရှာဖွေတော့မှာ ဖြစ်ပါတယ်” ဟု အရဲစွန့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Eclipse Venture Capital ထူထောင်သူ Lior Susan က သုံးသပ်သည်။ ၎င်းက အီလက်ထရွန်းနစ် ပစ္စည်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းငယ်အသစ်များမှာ ရင်းနှီးမြှုပ်နှံမှု ပြုသည်။

 

တရုတ်ပြည်ပြင်ပသို့ ကုန်ထုတ်လုပ်မှု ပြောင်းရွှေ့စေသည့် နောက်ထပ် အကြောင်းခံတစ်ခုမှာ အမေရိကန် အစိုးရက တရုတ်ပြည်ဖြစ် ပစ္စည်းများ တင်သွင်းမှုအပေါ် စည်းကြပ်သည့် အခွန် မြင့်မားထားခြင်း ဖြစ်သည်။ ထရန့်အစိုးရလက်ထက်တွင် စမတ်စပီကာ၊ စမတ်လက်ပတ်နာရီ၊ ကြိုးမဲ့နားကြပ် စသည့် နည်းပညာပစ္စည်းများအပေါ် အခွန် ၁၅% စည်းကြပ်သည်။ 

အခွန်တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့်   Google က တရုတ်ပြည်မှ ထုတ်လုပ်မှုကို ဗီယက်နမ်သို့ ပြောင်းရွှေ့သည်။ နောက်ဆုံးထုတ် မော်ဒယ် Pixel 7 စမတ်ဖုန်းကို ဗီယက်နမ်တွင် ထုတ်လုပ်မည်။ သို့သော် Google အနေဖြင့် တရုတ်ပြည်ကို ရာနှုန်းပြည့် ကျောခိုင်းဖို့ မဖြစ်နိုင်သေးပေ။ တရုတ်ပြည်မှ ပစ္စည်းပေးသွင်းသူများကို လက်လွှတ်ဖို့ မဖြစ်နိုင်ပေ။ 

 

တရုတ်ပြည်မှ နည်းပညာ အီလက်ထရွန်းနစ် ပစ္စည်းများ ထုတ်လုပ်မှုကို အဓိကအားဖြင့် ရွှေ့ပြောင်းကြသည့် အာရှ သုံးနိုင်ငံမှာ ဗီယက်နမ်၊ မလေးရှားနှင့် အိန္ဒိယတို့ ဖြစ်သည်။

အရွေ့အပြောင်းများကြောင့် ဗီယက်နမ်တွင် စက်မှုဇုန် မြေဈေးများ ထိုးတက်သည်။ 

မလေးရှားနိုင်ငံမှ အီလက်ထရွန်းနစ် ကုန်ထုတ်လုပ်ငန်းကဏ္ဍ ပြန်လည် အသက်ဝင် လန်းဆန်းလာသည်။ 

အိန္ဒိယတွင် လစာအနိမ့် လုပ်သားများ လိုအပ်မှု မြင့်တက်သည်။

 

တရုတ်ပြည်ပြင်ပသို့ ရွှေ့ပြောင်းကြသည့်အတွက် အကျိုးထူးသည့်နိုင်ငံမှာ ဗီယက်နမ် ဖြစ်သည်။

 

ဗီယက်နမ်တွင် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ ထူထောင်လုပ်ကိုင်သဖြင့် ၂၀၁၉ နောက်ပိုင်းတွင်စက်မှုဇုန်မြေဈေး  တက်သည်။ ကမ္ဘာ့ လုပ်ငန်းသုံးမြေ လုပ်ငန်း Cushman & Wakefield အဆိုအရ တစ်စတုရန်းမီတာ ကန်ဒေါ်လာ ၂၀၅ (တစ်စတုရန်းပေ ကန်ဒေါ်လာ ၉.၇၅ ခန့်) ပေါက်ဈေး ရှိသည်။ သိုလှောင်ရုံ စရိတ် ၂၀% တက်သည်။ 

 

Cushman ၏ ဗီယက်နမ်နိုင်ငံလုပ်ငန်းခွဲမှ အထွေထွေ မန်နေဂျာ Trang Bui က စက်မှုဇုန်မြေကို ဝယ်ယူလိုသူအား ပျမ်းမျှ နှစ်လ တစ်ကြိမ်သာ လိုက်ပြရသည်။ ယခု နေ့တိုင်းလိုလို လိုက်ပြရသည်။ အမေရိကန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဥရောပနှင့် တရုတ်တို့မှ စက်ရုံဆောက်မည့်သူများ မြေကွက် လာကြည့်ကြသည်ဟု သူမက ပြောကြားသည်။

 

Apple က ၂၀၂၀ တွင် AirPods များကို ဗီယက်နမ်တွင် စတင်ထုတ်လုပ်သည်။

ထို့နောက် စမတ်နာရီများ ဗီယက်နမ်တွင် ထုတ်လုပ်သည်။ တစ်ဆက်တည်းမှာပင် iPad ထုတ်လုပ်သည်။ လောလောဆယ် Apple တွင် ပစ္စည်းပေးသွင်းသူများစာရင်းကိုကြည့်လျှင် ထိပ်တန်း လုပ်ငန်း ၂၀၀ တွင် ၂၀ က ဗီယက်နမ်တွင် စက်ရုံများ ထားရှိပြီး  Apple အတွက် ပစ္စည်းများ ထုတ်လုပ်ပေးနေသည်။ 

ယခုနှစ်တွင် စတင်ထုတ်လုပ်မည့် iPhone 14 ကို  ဒုတိယအသုတ်မှစ၍ အိန္ဒိယတွင် ထုတ်လုပ်ရန် အစီအစဉ် ရှိသည်။

 

 Apple ၏အကြီးဆုံးကန်ထရိုက်ထုတ်လုပ်သူ Foxconn သည် မကြာသေးမီက ဗီယက်နမ်မြောက်ပိုင်းတွင် အလုပ်အကိုင်ပေါင်း ၃၀,၀၀၀  ဖန်တီးပေးမည့် စက်ရုံသစ်တစ်ခုတိုးချဲ့ရန် ကန်ဒေါ်လာသန်း ၃၀၀ သဘောတူညီချက်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။  

 ထိုသို့ ထပ်တိုးချဲ့သဖြင့် ယခုအခါ ဗီယက်နမ်နိုင်ငံတွင် Foxconn ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းသည် ကန်ဒေါ်လာ ၁.၅ ဘီလီယံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

ဗီယက်နမ် နိုင်ငဲ အရှေ့မြောက်ပိုင်း Bac Giang နှင့် Bac Ninh ပြည်နယ်တို့တွင် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံအများအပြား ရှိသည်။ 

Bac Ninh တွင် တည်ရှိသည့် Foxconn စက်ရုံဝင်း အပြင်ဘက်တွင် ဘေဘုတ်ထောင်ပြီး အလုပ်ခေါ်ကြောင်း၊ လူသစ်တန်းအတွက် တစ်လ ကန်ဒေါ်လာ ၃၀၀ ပေးမည်။ ဦးရေ ၅,၀၀၀ အမြန်အလိုရှိသည်ဟု အသိပေးကြေညာထားသည်။

 

တရုတ်ပြည် ရှန်ကျန်းမြို့ရှိ Foxconn ၏ စက်ရုံတွင် လူသစ်တန်း လုပ်သားအတွက် လစာမှာ ကန်ဒေါ်လာ ၆၅၀ (ယွမ် ၄,၅၀၀) ပေးရသဖြင့် ဗီယက်နမ်တွင် လုပ်သားခ ထက်ဝက်ကျော် သက်သာသည်။

တရုတ်ပြည်တွင် လုပ်သားခများ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေခြင်းသည်လည်း တရုတ်ပြည် ပြင်ပတွင် ကုန်ထုတ်လုပ်မှု လုပ်ဆောင်ကြစေသည့် တွန်းအား တစ်ခု ဖြစ်သည်။ 

တရုတ်ပြည်တွင် ကုန်ထုတ်လုပ်ငန်းကဏ္ဍမှ လုပ်သား၏ ပျမ်းမျှ တစ်နှစ်စာ လုပ်ခလစာမှာ ကန်ဒေါ်လာ ၉,၃၀၀ အထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အီလက်ထရွန်းနစ်ကုမ္ပဏီများ၏ တပ်ဆင်ထုတ်လုပ်မှု  လိုင်းများကို  စောင့်ကြည့်သည့် Instrumental Inc ကုမ္ပဏီ ထူထောင်သူ Anna-Katrina Shedletsky က "အားလုံးက မလှုပ်ကြသေးရင်တောင် ရွှေ့ဖို့ကိုတော့ စဉ်းစားနေကြတယ်"ဟု ပြောကြားသည်။

Source brand equity.economictime

#IndustriesGuide

Telegram Channel https://t.me/Guid4U

Investment/Divestment Read 11452 times