၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွန်ကောက်ခံရရှိမှုသည် ယခင်ဘဏ္ဍာနှစ်ထပ် ၄၃၀ ဒသမ ၃၇ ဘီလီယံ လျော့နည်းခဲ့ဟုဆို


30 December, 2020

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်စဖြစ်သည့် အောက်တိုဘာ နှင့် နိုဝင်ဘာ နှစ်လတာအတွက် အခွန်ခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ ကျပ် ၅၉၉ ဒသမ ၁၂၃ ဘီလီယံ ရှိခဲ့ရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူတွင် ကောက်ခံရရှိခဲ့သည့် ကျပ် ၁၀၂၉ ဒသမ ၄၉၃ ဘီလီယံ နှင့်နှိုင်းယှဉ်ပါက ကျပ် ၄၃၀ ဒသမ ၃၇ ဘီလီယံ လျော့နည်းသွားကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၉ ရက် တွင်ပြောကြားသည်

“ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ရတနာခွန် က ယခင်နှစ်အလားတူကာလထက်လျော့နည်း ကောက်ခံရရှိခဲ့တယ်။

 

တံဆိပ်ခေါင်းခွန် နဲ့ အောင်ဘာလေ သိန်းဆု ခွန်တွေကတော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် အခွန်ပိုမိုကောက်ခံရရှိခဲ့တယ်။ အိမ်ခြံမြေ အမည်ပြောင်းကိစ္စ ဆောင်ရွက်ခြင်းတွေ ကြောင့် တံဆိပ်ခေါင်းခွန် ကောက်ခံရရှိခဲ့ခြင်းဖြစ်ပါတယ်။

 

အောင်ဘာလေခွန်က အရင်နှစ်က အက္ခရာ ၃၆ လုံးထုတ်ခဲ့တယ်။ ဒီနှစ်မှာ အလုံး ၄၀ ထုတ်ခဲ့တယ်။ ဒါကြောင့်အရင်နှစ် အလားတူကာလထက် ပိုရတာဖြစ်တယ်။’’ ဟု ၎င်းကဆိုသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလတွင် ကောက်ခံရရှိခဲ့သည့်အခွန်များမှာ ဝင်ငွေခွန် မှ ကျပ်၂၅၃ ဒသမ ၇၀၃ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန်မှကျပ် ၁၉၇ ဒသမ ၉၅၁ ဘီလီယံ၊ အထူးကုန်စည်ခွန် မှကျပ် ၈၉ ဒသမ ၁၆၅ ဘီလီယံ၊ ရတနာခွန် မှ ကျပ် ၀ ဒသမ ၁၇၅ ဘီလီယံ၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၃၀ ဒသမ ၆၀၂ ဘီလီယံ၊ အောင်ဘာလေသိန်းဆုခွန် မှကျပ် ၂၇ ဒသမ ၅၂၇ ဘီလီယံတို့ အသီးသီးဖြစ်ကြောင်း သိရသည်။

 

“အခွန်ထမ်းတွေ က အခွန်ဥပဒေအရ လိုက်နာဆောင်ရွက်ရတဲ့ ကိစ္စလေးတွေရှိတယ်။ အဲဒါကကြေညာလွှာသွင်းရတယ်။ ဒီဇင်ဘာလကုန်က ရုံးပိတ်ရက်တွေနဲ့ ဆက်သွားတော့ ဇန်နဝါရီ ၅ ရက်နေ့ မှာကြေညာလွှာတင်ရမယ်။ အဲဒီလိုကိစ္စမျိုးတွေမှာတတ်နိုင်သမျှ လူစုလူဝေးမဖြစ်အောင် ဝန်ဆောင်မှုလုပ်ငန်းတွေကို အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ တိုးချဲ့ပြီး ဆောင်ရွက်ပေးနေပါတယ်။’’ ဟု ဒေါ်ဆွေဆွေခိုင်က ဖြည့်စွက်ပြောကြားခဲ့သည်။

 

Xinhua

Local News Read 249 times