ထိုင်ဝမ် ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီများ ဂျပန်သို့ အလုံးအရင်းဖြင့် ဝင်ရောက် 


23 February, 2024

ထိုင်ဝမ် ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီများ ဂျပန်သို့ အလုံးအရင်းဖြင့် ဝင်ရောက် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အဆင့်မြင့် အရည်အသွေးမြင့် နောက်ဆုံးပေါ် ချစ်ပ်များကို တရုတ်နိုင်ငံ လက်လှမ်းမမီအောင် အမေရိကန်က ကန့်သတ်ပိတ်ပင်မှုများ ပြဋ္ဌာန်းနေပြီး မဟာမိတ်များကြား မိတ်ဖက်များ တွဲလက်ခိုင်မာစေရန် အမေရိကန်က တွန်းအားပေးနေသည်။

 

ဂျပန်နိုင်ငံသည် ချစ်ပ်ထုတ်လုပ်ရေးတွင် ကမ္ဘာ့ဦးဆောင်သူနေရာ ပြန်လည်ရရှိဖို့ ကြိုးပမ်းအားထုတ်လျက် ရှိပြီး ထိုင်ဝမ် ချစ်ပ်ကုမ္ပဏီများသည် ဂျပန်တွင် ချစ်ပ်များ ထုတ်လုပ်ရန် အလုံးအရင်းဖြင့် ဝင်ရောက်လာကြပါသည်။

 

ထိုင်ဝမ် ချစ်ပ်ကုမ္ပဏီ ကိုးခုထက်မနည်းသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဂျပန်နိုင်ငံတွင် အရောင်းဆိုင် သို့မဟုတ် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခဲ့သည်။

ထိုင်ဝမ်မှ Taiwan Semiconductor Manufacturing Company Limited TSMC သည် ဂျပန်တွင် ချစ်ပ်စက်ရုံအသစ် နှစ်ရုံ တည်ဆောက်နေသည်။ 

 

ဂျပန်အစိုးရ ကျောထောက်နောက်ခံပြုပေးထားသော ချစ်ပ်ပုံလောင်း လုပ်ငန်း Rapidus သည် ၂၀၂၇ မှစတင်၍ Hokkaido မြောက်ပိုင်းတွင် ချစ်ပ်များ အမြောက်အမြားထုတ်လုပ်ရန် စီစဉ်ထားသည်။

Powerchip သည် ဂျပန်တွင် ချစ်ပ် ပုံလောင်းစက်ရုံ တရုံကို ကန်ဒေါ်လာ ၅.၄ ဘီလီယံဖြင့် ထူထောင်ရန်အတွက် အစိုးရထောက်ပံ့ငွေ ရရှိရန် ဆွေးနွေးနေပါသည်။

 

Alchip Technologies သည် ချစ်ပ်များကို မှာကြားသူ လိုအပ်ချက်များအရ အထူးသီးသန့်ထုတ်လုပ်ပေးသော ချစ်ပ် လုပ်ငန်းဖြစ်သည်။ Alchip သည် ချစ်ပ်ကို မှာကြားသူ စိတ်ကြိုက် ဒီဇိုင်းထုတ်ပြီး ချစ်ပ်နမူနာများ ထုတ်လုပ်ပေးပြီး ၎င်းချစ်ပ် အ‌မြောက်အမြား ထုတ်လုပ်ရန်အတွက် ချစ်ပ် ပုံလောင်း ထုတ်လုပ်ပေးသည့် လုပ်ငန်းထံ ကန်ထရိုက်အပ်နှံပြီး ထုတ်လုပ်သည့်  "Fabless" ချစ်ပ်လုပ်ငန်း ဖြစ်သည်။ 

သုံးစွဲရန်အတွက် လိုအပ်ချက်များ၊ သတ်မှတ်ချက်များနှင့်အညီ အထူးပြု ထုတ်လုပ်ပေးထားသော ချစ်ပ်ကို application-specific integrated chip (ASIC) သုံးစွဲပုံအရ ပေါင်းစပ်ထားသောချစ်ပ်ဟု ခေါ်ဝေါ်ကြသည်။ 

 

၂၀၂၂ ခုနှစ်တွင် Alchip ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အင်ဂျင်နီယာများသည် တရုတ်ပြည်မှာ အခြေပြုထားသည်။ ၂၀၂၃ ခုနှစ်တွင် ဂျပန်သို့  အများအပြား ရွှေ့ပြောင်းခဲ့သည်။ ဂျပန်၊ မြောက်အမေရိက၊ ထိုင်ဝမ်တို့မှ အင်ဂျင်နီယာများကို အလုပ်ခန့်သည်။

 

"ကျွန်တော်တို့က ဂျပန် ဆီမီးကွန်ဒတ်တာ စျေးကွက် ကြီးထွားလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဂျပန်မှ ASIC ထုတ်လုပ်ဖို့ အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ရယူနေပါတယ်။ ASIC ထုတ်လုပ်ဖို့ အတော်ကောင်းတဲ့ အလုပ်အပ်နှံမှုတွေလည်း ရထားပါတယ်"ဟု Alchip Japan မှ အထွေထွေမန်နေဂျာ Hiroyuki Furuzono ကပြောသည်။

 

ASIC ထုတ်လုပ်သည့် နောက်ထပ် Fabless ချစ်ပ်လုပ်ငန်း Global Unichip Corp (GUC) ကို TSMC က ကျောထောက်နောက်ခံပြုပေးထားပြီး ဂျပန်တွင် လုပ်ငန်းစတင်ရန် အင်ဂျင်နီယာများ အလုပ်ခေါ်ထားသည်။

 

TSMC အတွက် လုပ်ကိုင်ပေးသော Materials Analysis Technology (MA-tek) သည် ချစ်ပ်ထုတ်လုပ်ရန် သုံးသည့်ပစ္စည်းများအတွက် ဓာတ်ခွဲခန်းတခုကို ကျူရှုးတွင် ယမန်နှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ 

 

ချစ်ပ်ထုတ်လုပ်ရာတွင် သုံးသည့် စက်ကိရိယာ ထုတ်လုပ်ရေးနှင့် ထုတ်လုပ်ထားသည့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရေးကို လုပ်ကိုင်သည့် Finesse Technology သည်လည်း TSMC အတွက် လုပ်ကိုင်ပေးသော လုပ်ငန်းဖြစ်ပြီး ဂျပန်တွင် စက်ရုံ တရုံ တည်ဆောက်လျက် ရှိသည်။

 

ချစ်ပ်ဒီဇိုင်းကုမ္ပဏီ eMemory Technology သည် လွန်ခဲ့သော ၂ နှစ်က ယိုကိုဟားမားတွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။

ဂျပန်နိုင်ငံသည် ချစ်ပ်ထုတ်လုပ်ရန် သုံးသည့် ပစ္စည်းများနှင့် စက်ကိရိယာ ထုတ်လုပ်သည့်ကဏ္ဍတွင် ဦးဆောင်သူများထဲ ပါဝင်နေဆဲ ဖြစ်သော်လည်း ချစ်ပ်ထုတ်လုပ်မှုတွင် နောက်ကျကျန်ရစ်သည်။

ဂျပန်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်လွန်တွင် ကမ္ဘာ့ချစ်ပ်ထုတ်လုပ်ရေးစျေးကွက်၏ဝေစုသည် ၅၀% ဝန်းကျင် ရရှိထားပြီး ဦးဆောင်သူနေရာ ရရှိခဲ့ရာမှ ဂျပန်နှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် ထိုင်ဝမ်ပြိုင်ဘက်များ၏ ပြိုင်ဆိုင်မှုများကြောင့် ဈေးကွက်ဝေစု ၁၀% အထိ ကျဆင်းသွားခဲ့သည်။

 

မကြာသေးမီနှစ်များအတွင်း ဂျပန်သည် ၎င်း၏ ချစ်ပ်ထုတ်လုပ်ရေးကဏ္ဍကို ပြန်လည်တည်ဆောက်ရန် အရင်းအနှီးများ ပမာဏများစွာ သုံးစွဲခဲ့သည်။

 

နိုင်ငံ စီးပွားရေး စိတ်ချလက်ချ ရှိ‌ေစ‌ေရးအတွက် ချစ်ပ်သည် အသက်တမျှ အရေးကြီးကြောင်း အသိအမှတ်ပြုသည်။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ချစ်ပ်များ ပြတ်လပ်သည့် ပြဿနာကို ဂျပန် ကုန်ထုတ်လုပ်မှု ကဏ္ဍတရက်လုံး ရင်ဆိုင်ခဲ့ကြရသည်။

ယခုအခါ အမေရိကန်ကလည်း တရုတ်ကို ဘက်ပြိုင်ရန် ဂျပန်ကို အားပေးအားမြှောက် ပြုပေးနေပါသည်။

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Investment/Divestment Read 427 times