နောက်ပိုင်းမှာတော့ နိုင်ငံခြားသားခရီးသွားဧည့်သည်များအပြင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြသည့် တိမ်ပင်လယ်အလှကို ကြည့်ရှုခံစားသူပိုမို များပြားလာခဲ့သည်။
ထို့ကြောင့် ခရီးသွားပြည်သူများ ကြည့်ရှုခံစားနိုင်ဖို့အတွက် တောင်ကုန်းပေါ်မှာ အပန်းဖြေစခန်းများကို ဖွင့်လှစ်ပေးထားသည့်အပြင် ညအိပ်တည်းခိုနိုင်အောင်ပါ စီစဉ်ပေးထားသည်။
အဆိုပါ နောင်ချိုတိမ်ပင်လယ်ရှုခင်းအလှရှိရာ နောင်ချိုကြီးရွာသို့ မန္တလေး - လားရှိုးလမ်းမှတစ်ဆင့် နောင်ချို - ရပ်စောက်ကားလမ်းအတိုင်း တစ်နာရီခန့်သွားရကြောင်း သိရသည်။ တိမ်ပင်လယ်အလှကို တောင်စောင်း နေရာမှကြည့်ရှုနိုင်ပြီး ဆောင်းတွင်းကာလတွင် နံနက် ၅ နာရီမှ ၉ နာရီခန့်အထိ တိမ်ပင်လယ်အလှကို မြင်တွေ့ရမည်ဖြစ်သည်။ ညပိုင်းအချိန်များတွင်လည်း သဘာဝအလင်းရောင်နှင့် ထိစပ်နေသည့် ကောင်းကင်၌ လင်းလက်နေသော ကြယ်စင်အလှကို အံ့ဩဖွယ်ရာ မြင်တွေ့ရမည် ဖြစ်သည်။
၂၀၁၉ ခု နှစ်စပိုင်းမှစတင်ပြီး နောင်ချိုမြို့၌ တိမ်ပင်လယ်ရှုမျှော်ခင်း အလှခံစားနိုင်ကြောင်း လူသိများလာ၍ တိမ်ပင်လယ်အလှ ရှုမျှော်ခင်း ကြည့်ရှုခံစားနိုင်သည့် အနားယူအပန်းဖြေစခန်း ငါးခုရှိလာကာ အပန်းဖြေ တဲစခန်းများ ဆောင်ရွက်ပေးထားခြင်းကြောင့် လာရောက်လည်ပတ်ကြသူများ စည်ကားသည်။
ထို့အပြင် Cloudy Villa မှ တိမ်ပင်လယ်ရှုမျှော်ခင်းအလှကို ကြည့်ရှုခံစားနိုင်စေရန်အတွက် မြင်ကွင်းအလှဓာတ်ပုံအဖြစ် တောင်ဒရမ်းထိပ်ဝရန်တာ၊ ကြိုးဒန်း၊ ချိတ်ဒန်း၊ အလှရိုက်ကြိမ်ထိုင်ခုံနှင့် ငှက်သိုက်များအပြင် see view အဖြစ် ဝရန်တာတစ်ခုပါ ပြုလုပ်ပေးထားကြောင်း သိရသည်။
နယ်မြေဒေသ လုံခြုံအေးချမ်းသောကြောင့် တိမ်ပင်လယ်အလှရှိရာနေရာသို့ လာရောက်လည်ပတ် အပန်းဖြေအနားယူဖို့ မစိုးရိမ်ရချေ။
တိမ်ပင်လယ် ညအိပ်စခန်းများသည် ယခု covid ကာလတွင် ဖွင့်ခွင့်မရရှိသေးသော်လည်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်ခွင့်ရမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့ရှိ တိမ်ပင်လယ်သို့ ပြင်ဦးလွင်မြို့မှ သွားမည်ဆိုလျှင် ပြင်ဦးလွင် မှနောင်ချိုမြို့တွင်း မီးပွိုင့်ထိ သွားရမည်ဖြစ်ပြီး မီးပွိုင့်မှ ညာဘက်ရှိ ကတ္တရာလမ်း နောင်ချို-ရပ်စောက် လမ်းအတိုင်း နာရီဝက်အချိန် အကြာခန့်တွင် သရက်ကုန်းရွာရောက်မည်ဖြစ်ကြောင်း ထိုမှ တစ်ဆင့် လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း ဆက်၍လာလျှင် နောင်ချိုကြီးကျေးရွာမှ တိမ်ပင်လယ်ညအိပ်စခန်းများအထိ လမ်းညွှန်ပြသထားကြောင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ထားသောကြောင့် တောင်ပေါ်ထိအရောက် သွားလာရ လွယ်ကူနေကြောင်း တိမ်ပင်လယ်ညအိပ်စခန်းဖွင့် လှစ်ထားသူ cloudy villa မှ မယုန္ဒာမှိုင်းက ပြောသည်။
နောင်ချိုမြို့အနီးတစ်ဝိုက်က ဧည့်သည်များ ကျန်းမာရေးထောက်ခံချက်၊ ကျန်းမာရေး လမ်းညွှန်ချက်တွေနှင့်အညီ လာရောက်ကြည့်ရှုနိုင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးက ဧည့်သည်များအနေဖြင့် ခရီးသွားလာခွင့် ပြန်လည်ရရှိချိန်၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖြတ်သန်းသွားလာခွင့် ရရှိချိန်မှသာ တည်းခိုခွင့်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိမ်ပင်လယ်ညအိပ်စခန်းများ ဖွင့်ခွင့်ရမည့်ကာလအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တဲအိမ်တွေကို တစ်ခုနှင့် တစ်ခု ပေ၂၀ ခန့် ခြားထားကြောင်း၊ တဲအိမ် တစ်ခုတွင် ၄ ဦးမှ ၈ ဦး၊ ၁၂ ဦးအထိတည်းခိုနိုင်ပြီး ရေချိုးခန်း အိမ်သာ တွဲလျက်ပါဝင်ကြောင်း၊ ၁၂ ဦးတည်းခိုနိုင်သည့် တဲအိမ် ၅ လုံး၊ ၄ ဦးတည်းခိုနိုင်သည့် တဲအိမ် ၅ လုံးနှင့် Tent များကို ပြင်ဆင်ထားပြီး စုစုပေါင်း လူဦးရေ ၂၀၀ ဝန်းကျင်အတွက် ကြိုတင်ပြင်ဆင်ထားရှိကြောင်း၊ ကားဟောင်းများကိုလဲ အိမ်အဖြစ်တည်းခို နိုင်စေရန် တစ်ဖန်ဆန်းသစ်ပြီး ပြင်ဆင်ထားကြောင်း သိရသည်။
MOI Webportal