မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအတွက် စဉ်ဆက်မပြတ် စီးပွားရေးတိုးတတ်မှုကို ဖော်ဆောင်ပေးရန်အတွက် Responsible Business Fund(RBF) ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန Center of Excellence တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ သဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး Mr.Peter Lysholt Hansen နှင့် စက်မှုဝန်ကြီးဌာန၊ DISIမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက လတ်မှတ်ရေးထိုးခဲ့ကြသည်။
ထိုသို့ သဘောတူပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်သည် ဒိန်းမတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ကို ဖော်ဆောင်ပေးရန် ကတိကဝတ်အတွက် သဘောတူလက်မှတ်ရေးထိုးခြင်း ဖြစ်သည်။
စွမ်းအင်အလေအလွင့် လျော့နည်းရေး၊ ရေအရင်းအမြစ် အသုံးချရေး၊ စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးများ အသုံးချရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်များ (OSH)၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကြီးကြပ်ခြင်းနှင့် ကွပ်ကဲခြင်းနည်းပညာများ စသောလုပ်ငန်းနယ်ပယ် ခုနှစ်ခုအနက် တစ်ခုခုနှင့် ကိုက်ညီသော စီမံကိန်းများ ဖော်ဆောင်နေသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် မြန်မာငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ငွေကြေးထောက်ပံ့မှု၏ တစ်စိတ်တစ်ဒေသအဖြစ် RBF သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို သင့်တင့်လျောက်ပတ်သည့် နည်းပညာများ၊ နည်းပညာဆိုင်ရာထောက်ပံ့မှုများ၊ လေ့ကျင့်မှုများနှင့် နယ်ပယ်အသီးသီးနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည့် ပစ္စည်းကိရိယာများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါသည်။