ယခုနှစ်ကုန်မှာ စစ်ကိုင်းတိုင်းအတွင်း အကြီးစားသကြားစက်ရုံကို အပြီးတည်ဆောက်မယ်


19 March, 2019

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ တစ်နေ့ကို တန်ချိန် ၅၀၀ ထုတ်လုပ်နိုင်မယ့် အကြီးစားသကြားစက်ရုံကို အခုနှစ်ကုန်အပြီးတည်ဆောက်သွားမှာဖြစ်တယ်လို မြန်မာ့သကြားထုတ်လုပ်မှု အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဌေးက ပြောပါတယ်။

အဆိုပါ သကြားစက်ရုံအတွက် အမေရိကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံထားပြီး သကြားမှထွက်တဲ့ တင်လဲရည်ကို လောင်စာဆီထုတ်မှာဖြစ်ပြီး၊ ကြံဖတ်များမှလည်းစွမ်းအင်ထုတ်မှာဖြစ်ကာ ကျန်ရှိတဲ့စွန့်ပစ်ပစ္စည်းတွေကိုတော့ မြေဩဇာများထုတ်မှာဖြစ်ပါတယ်။

“ ဒီလိုမျိုးတခြားဟာတွေလည်း ထုတ်တယ်ဆိုတာ သကြားဈေးကျတဲ့အချိန် ကာမိအောင်လို့ပါ။ အခုထုတ်မယ့်သကြားတွေက ပြည်တွင်းဈေးကွက်ကို ရည်ရွယ်ပါတယ်။ နောက်တစ်ချက်က တောင်သူတွေက သကြားစက်တွေရှိမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် တောင်သူတွေ အဆင်ပြေဖို့လည်း ရည်ရွယ်ပါတယ်”လို့ ဦးဝင်းဌေးကဆိုပါတယ်။

စက်ရုံစီမံကိန်းအတွက် ခွင့်ပြုမိန့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့တဲ့နှစ်က လုပ်ကိုင်ခွင့်ချပေးခဲ့ပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့်အနေနဲ့ ခုနစ်နှစ်စာ အခွန်ကင်းလွှတ်ခွင့်ရမှာဖြစ်တယ်လို့ မြန်မာ့သကြားထုတ်လုပ်မှု အများပိုင်ကုမ္ပဏီထံမှ သိရပါတယ်။

ယခုနှစ် ကြံဈေးမှာ တစ်တန်ကို ကျပ်လေးသောင်းသာရရှိပြီး သကြားဈေးမှာ တစ်ပိဿကို ကျပ် ၁၀၀၀ နီးပါးသာရရှိကာ သကြားဈေးအနိမ့်ဆုံးရရှိတဲ့ နှစ်ဖြစ်ကြောင်း၊ တရုတ်ဘက်ကသာ တရားဝင် သကြားဝယ်ပါက သကြားဈေးလည်း မြင့်တက်လာနိုင်ပြီး ပြည်ပကုမ္ပဏီတွေမှာလည်း စက်ရုံများ လာရောက်တည်ထောင်နိုင်ကြောင်း ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သကြားထုတ်လုပ်တဲ့စက်ရုံ ၇ ရုံနီးပါးရှိပြီး ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်ကို သကြားတန်ချိန် လေးသိန်းခွဲသာ ထုတ်လုပ်နိုင်သေးပါတယ်။

The Voice

Local News Read 627 times