အောက်တိုဘာလကုန် စက်ရုံကြံဈေးနှုန်းများ သတ်မှတ်ရန် သကြားစက်ရုံများ တောင်းဆို


18 October, 2020

လာမည့်၂၀၂၀-၂၀၂၁ ခုနှစ်၊ ကြံရာသီအတွက် ပြည်တွင်းသကြားစက်ရုံများအနေဖြင့် ဒီဇင်ဘာလဆန်းမှ လကုန်အတွင်းကြံဝယ်ယူကြိတ် ကြမည်ဖြစ်၍ သကြားစက်ရုံအားလုံးမှ ယခုအောက်တိုဘာလကုန်တွင် ကြံဝယ်ယူဈေးအပြီး သတ်မှတ်ပေးရန် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် တောင်းဆိုထားကြောင်း သိရသည် ။

"ပဲခူးအရှေ့ခြမ်းကစက်ရုံတွေကတော့ အချင်းချင်းညှိပြီးမှ ဈေးသတ်မှတ်ပေးမယ်။ စစ်ကိုင်း ဂရိတ်ဝေါဝေလ်မာကတော့ ယာယီဈေးပဲသတ်မှတ်ပေးသေးတယ်။ သကြားဈေးပေါ်မူတည်ပြီး ထပ်တိုး ပေးမယ် သိရတယ်။ ကျန်တဲ့စက်တွေကတော့ အသီးသီးဈေး သတ်မှတ်ပြီးပါပြီ"ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည် ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်

ငွေရည်ပုလဲသကြားစက်ရုံ ၃ရုံမှ ကြံတစ်တန်လျှင် ၄၂၀၀၀ကျပ်၊

နန့်အွန်သကြားစက်ရုံမှ ကြံတစ်တန်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍ တရုတ်နိုင်ငံသို့ Export တင်ပို့မည် ဖြစ်သည်။

ပဲခူးအရှေ့ခြမ်းတွင်

ကွင်းဈေး(သယ်ယူစရိတ်စက်ရုံမှကုန်ကျခံသည့်ဈေး) ၃၃၀၀၀ကျပ်၊

စစ်ကိုင်းတိုင်းဒေသကြီးတွင်

ဂရိတ်ဝေါဝေလ်မာသကြားစက်ရုံမှ ယာယီဈေး ၃၇၀၀၀ ကျပ်ဖြင့်

ဝယ်ယူမည် ဖြစ်ကြောင်းသိရသည် ။

၂၀၁၄-၁၅ခုနှစ်တွင် ကြံစိုက်ဧက ၄၄၀၀၀၀ ကျော် စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၄၅၀၀၀၀ကျော် ၊

၂၀၁၅-၁၆ ခုနှစ်တွင် ၃၉၀၀၀၀ ဧကကျော် စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၃၉၀၀၀၀ကျော်၊

၂၀၁၆-၁၇ ခုနှစ်တွင် ၄၀၀၀၀၀ ဧကကျော် စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၃၇၀၀၀၀ ကျော်၊

၂၀၁၇-၁၈ ခုနှစ်တွင် ၄၀၀၀၀၀ ဧကကျော် စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၅ သိန်းကျော်၊

၂၀၁၈-၁၉ခုနှစ်တွင် ကြံစိုက်ဧက ၄၄၀၀၀၀ ကျော် စိုက်ပျိုးရာတွင် သကြားတန်ပေါင်း ၅ သိန်းကျော်၊

၂၀၁၉-၂၀ခုနှစ်တွင် ကြံစိုက်ဧက ၄၅၀၀၀၀ကျော် စိုက်ပျိုးခဲ့ကာ သကြားတန်ပေါင်း ၄ သိန်းခွဲကျော်

ထုတ်လုပ်နိုင် ခဲ့ကြောင်း သိရသည်။

Local News Agriculture & Livestock Read 474 times