၂၀၂၁ ဇူလိုင်မှ လက်ရှိအချိန်အထိ မှတ်ပုံတင်စာရင်း ပယ်ဖျက်ခံရသည့် ပြည်တွင်းကုမ္ပဏီ ၁၀၀၀ ကျော်ရှိ


29 October, 2021

၂၀၂၁ ခုနှစ် ဇူလိုင်မှ လက်ရှိအချိန်အထိ သုံးလကျော်အတွင်း မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ပြည်တွင်းကုမ္ပဏီ ၁၀၀၀ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကုမ္ပဏီ ၃၀၀၊ သြဂုတ်လအတွင်း ကုမ္ပဏီ ၂၀၀၊ စက်တင်ဘာလအတွင်း ကုမ္ပဏီ ၄၀၀ နှင့် အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ကုမ္ပဏီ ၂၀၀ ဖြင့် စုစုပေါင်းကုမ္ပဏီ ၁၁၀၀  အထိရှိနေသည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck-Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်အရ ကုမ္ပဏီ ၁၀၀ ခုကို လည်းကောင်း၊ ဇူလိုင် ၉ ရက် နေ့စွဲဖြင့် အမိန့်အရ ကုမ္ပဏီ ၁၀၀ ခုကိုလည်းကောင်း၊ ဇူလိုင် ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့်အမိန့်အရ ကုမ္ပဏီ ၁၀၀ ခုကိုလည်းကောင်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်းနှင့် ယင်းအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်ရက်မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck-Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက် နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၇၉/၂၀၂၁ ဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

MyCO ၌ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return - AR) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟု သိရသည်။


Annual Return နောက်ဆုံး တင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင် ဖော်ပြထားသဖြင့် အဆိုပါ ရက်မတိုင်မီ မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀၀ ပေးသွင်းတင်ပြရန်ဖြစ်ကြောင်း၊ Annual Return တင်ပြရမည့်ရက် ကျော်လွန်ပြီး ၂၈ ရက် အတွင်းဖြစ်လျှင် နောက်ကျကြေး (Late Fee) ကျပ် ၁၀၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

(Annual Return) တင်ပြရမည့်ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9 D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း ထပ်မံပေးသွင်းရမည် ဖြစ်သည်။

Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ ပယ်ဖျက်ပစ်ပြီး ကုမ္ပဏီအမည်ကို ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံး ကင်းလွတ်ခွင့်အမိန့်ဖြင့် MyCO တွင် 1 - 5 ဖြင့် ပြန်လည်တင်ပြရမည်ဟု သိရသည်။

Struck Off ဖော်ပြခြင်းခံရသော ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ပုံရိပ် ကျန်ရှိနေမည်ဖြစ်သောကြောင့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်းကို အထူးဂရုပြုဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။     

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ (က) အရ ကုမ္ပဏီများ အားလုံးသည် ယင်းအားဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် ၎င်းနောက်ပိုင်းကာလအတွက် နှစ်စဉ်အနည်းဆုံး တစ်ကြိမ် သို့ရာတွင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျစေဘဲ ကုမ္ပဏီ၏ အသေးစိတ်ဖော်ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဟု ဖော်ပြထားသည်။

news.eleven.com

Local News Read 1187 times