မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ စက်တင်ဘာလတွင် ပိုပြင်းထန်သည့်နှုန်းဖြင့် ဆုတ်ယုတ်ခဲ့


03 October, 2022

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ စက်တင်ဘာလတွင် ပိုပြင်းထန်သည့်နှုန်းဖြင့် ဆုတ်ယုတ်ခဲ့

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

၂၀၂၂  အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



 မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ စက်တင်ဘာလတွင် ပိုပြင်းထန်သည့်နှုန်းဖြင့် ဆုတ်ယုတ်ခဲ့

အဓိက တွေ့ ရှိချက်များ

  • ထုတ်လုပ်မှုနှင့် အော်ဒါသစ် နှစ်ခုစလုံးအတွက် ကျဆင်းမှုနှုန်း မြန်လာခြင်း
  • ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် အချိန်များမှာ မှတ်တမ်းတွင်း အကြာဆုံးအဆင့်သို့ ဖြစ်လာခြင်း
  • ငွေကြေးဖောင်းပွမှုနှုန်းမှာ စစ်တမ်း အမြင့်ဆုံးသို့ ထိုးတက်သွားခြင်း

 

(ဒေတာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂-၂၂ ရက်များတွင် စုစည်းခဲ့ပါသည်)

 

 

S&P Global ထံမှ နောက်ဆုံး PMIT ဒေတာအရ မြန်မာ ထုတ်လုပ်ရေး စက်မှုလုပ်ငန်းသည် စက်တင်ဘာလတွင် ငါးလမြောက် ဆက်တိုက် ကျဆင်းလာခဲ့သည်။ ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ငွေလဲနှုန်း ကျလာနေမှုတို့ကြောင့် ဝယ်လိုအား အခြေအနေများ အားပျော့လာမှုက အကျဘက်သို့ ဦးလှည့်ရန် တွန်းအားပေးခဲ့ပါသည်။
 သို့ဖြစ်၍ ထုတ်လုပ်မှုရော အော်ဒါသစ်များပါ ၂၀၂၁ ခုနှစ် ဩဂုတ်လမှစပြီး အပြင်းထန်ဆုံး နှုန်းဖြင့် ကျဆင်းသွားသည်။
 ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုကြောင့် ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များ သိသာစွာ ကြာရှည်လာခဲ့ချိန်မှာ လက်ထဲကျန်ရစ်ခဲ့သည့် အလုပ်များ စုစည်းလာခဲ့မှုမှာလည်း စစ်တမ်းမှတ်တမ်းသမိုင်းတစ်လျှောက်တွင် အမြန်ဆုံး ဖြစ်လာပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်မည်ဆိုလျှင် ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ နောက်ဆုံး စစ်တမ်းလအတွင်း မြင့်တက်လာခဲ့ပြီး သွင်းအားစုနှင့် ထုတ်ကုန်ဈေးနှုန်း နှစ်ရပ်စလုံးမှာ စက်တင်ဘာလတွင် စံချိန်တင် မြင့်တက်လာကြသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှ အညွှန်းကိန်း PMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွန်းကိန်းကို စက်တင်ဘာလတွင် ၄၃.၁ မှာ မှတ်တမ်းဝင်သဖြင့် ဩဂုတ်လ၏ ၄၆.၅ ထက် နိမ့်ဆင်းသွားခဲ့သည် မေလမှစပြီး တိုးထုတ်လုပ်မှုနှင့် ကျဆင်းမှုကို ပိုင်းခြားပေးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀.၀ အောက်မှာ မှတ်တမ်းတင်ခဲ့သည့် နောက်ဆုံး အညွန်းကိန်းမှာ တစ်နှစ်အတွင်းတွင် အနိမ့်ဆုံး ဖြစ်လာပြီး မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ တဟုန်ထိုး ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။

အဓိကအကျဆုံး အညွှန်းကိန်းကို အောက်ဘက်သို့ တွန်းပို့ပေးခဲ့သည်မှာ ထုတ်လုပ်မှု ပမာဏများ တဟုန်ထိုး ကျဆင်းခဲ့မှုဖြစ်သည်။ 
၁၃ လ အတွင်း အပြင်းထန်ဆုံး ကျဆင်းမှု ဖြစ်ကြောင်း အညွန်းကိန်းက ညွှန်ပြနေသည်။ထုတ်လုပ်မှု ကျဆင်းလာခြင်းမှာ ကုမ္ပဏီများက အော်ဒါ အသစ်များ ရရှိမှု နည်းလာခြင်းကြောင့်သည် အကြောင်းတစ်ချက်ဖြစ်သည်ဟု စစ်တမ်းဖြေဆိုသူတို့က ဆက်စပ်ရှင်းပြကြသည်။

တစ်ချိန်တည်းမှာ မြန်မာနိုင်ငံ တစ်ဝန်းရှိ ကုမ္ပဏီများ ရရှိခဲ့ကြသည့် လုပ်ငန်းအသစ်များသည်လည်း စက်တင်ဘာလတွင် ၁၃ လအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ပါသည်။ 
ကုန်ကြမ်း ရေးနှုန်းများ မြင့်တက်လာမှုကြောင့် ရောင်းဈေးများကို တိုးမြှင့်ခဲ့ရသည့်အပြင် ကျပ်ငွေလဲနှုန်း ပိုဆိုးဝါးလာမှု၏ ဒဏ်မှာ သုံးစွဲသူတို့၏ ဝယ်လိုအား အပေါ်သို့ ဖိစီးခဲ့သည်။

လုပ်ငန်းဆိုင်ရာ ဝယ်လိုအားများ ကျဆင်းလာသည်နှင့် တပြေးညီစွာ ကုမ္ပဏီများသည် ဝယ်ယူရေး လုပ်ငန်းများကို ဆက်လက်ပြီး လျှော့ချလာခဲ့ကြသည်။ ထို့အပြင် ကုန်ကြမ်း ပစ္စည်းများနှင့် တစ်ဝက်တစ်ပျက် အချောကိုင်ထားသည့် ကုန်စည်များ၏ ပမာဏ ကျဆင်းလာမှုနှုန်းမှာ ယခုလထဲတွင် ပိုမြန်လာခဲ့ပြီး သက်ဆိုင်ရာ အညွန်းကိန်းသည် ၁၃-လမြောက် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပါသည်။

 

 

အလားတူစွာပင် ကုမ္ပဏီများ၏ ရောင်းချမှုများ နည်းလာခဲ့ရာ ဝန်ထမ်း ဦးရေကိုပါ စက်တင်ဘာလတွင် လျှော့ချခဲ့ကြသည်။ အချို့သော ကုမ္ပဏီများက အလုပ်သမားများသည် အခြားအလုပ် ပြောင်းလုပ်ပါက လစာပိုရနိုင်မည့် မျှော်လင့်ချက်များဖြင့် အလုပ်မှ နှုတ်ထွက်ခဲ့ကြကြောင်းကိုပါ စစ်တမ်း ဖြေဆိုချက်တွင် ဖေါ်ပြကြပါသည်။

 သို့သော်လည်း အလုပ်နေရာများ ဖြတ်တောက်ခံရမှု နှုန်းမှာမူ ယခုလတွင် အားပျော့သွားပြီး သုံးလကြာ လက်ရှိ ကျဆင်းမှု အစဉ်အတွင်း အားအပျော့ဆုံး ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ပါသည်။

ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ တိုးလာမှုက ထုတ်လုပ်မှုကို ဆက်လက်ပြီး ကြန့်ကြာလာစေခဲ့သည်။ ပစ္စည်းပေးသွင်းမှု ပျမ်းမျှ ကြာမြင့်ချိန်များမှာ မှတ်တမ်းထဲက အကြာရှည်ဆုံး ဖြစ်လာကြောင်း ကုမ္ပဏီများက အစီရင်ခံခဲ့ကြသည်။ ထို့အပြင် ယင်းကဲ့သို့သော ရှားပါးမှုများနှင့် ကြန့်ကြာမှုများက မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေး ကုမ္ပဏီများအား ၎င်းတို့၏ လက်ကျန် အလုပ်များကို အသုံးချရန် အားထုတ်လာစေပါသည်။ မပြီးဘဲ လက်ထဲကျန်ရစ်နေသည့် လုပ်ငန်း ပမာဏများ ၂၃-လ ဆက်တိုက် မြင့်တက်လာနေခြင်းကို ညွှန်ပြသည့် စုပုံလာမှုနှုန်းမှာ စက်တင်ဘာတွင် စစ်တမ်းတွင်း အမြင့်ဆုံး ဖြစ်လာသည်။

ထုတ်လုပ်မှုကို ရှေ့ဆက်ပြီး ထိုးနှက်လိုက်သည့် နောက်တစ်ချက်မှာ စစ်တမ်းအတွက် စံချိန်တင် ဖြစ်လာသော သွင်းအားစု ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှု နှုန်းထားဖြစ်သည်။ အကျိုးဆက်အဖြစ် ထုတ်လုပ်သူတို့က ၎င်းတို့၏ ရောင်းစျေးများကို စံချိန်တင် အမြင့်ဆုံးနှုန်းသို့ မြှင့်တင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ တစ်ရပ်လုံး၏ စွမ်းဆောင်ရည်သည် စိတ်ပျက်ဖွယ်ရာ ကောင်းနေပြီး ဆုတ်ယုတ်မှု နှုန်းမှာ အရှိန်မြင့်လာနေရာ လာမည့် ၁၂ လအတွက် မျှော်လင့်ချက်များမှာ အားယုတ်လျော့နေပါသည်။
 ပါဝင်ဖြေခဲ့ကြသူ ၂% တို့ကသာလျှင် ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်လင့်ကြသည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ

“တတိယ သုံးလပတ်အဆုံးပိုင်းက မြန်မာနိုင်ငံတစ်ဝန်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ စက်တင်ဘာလတွင် ဆက်ပြီး ဆုတ်ယုတ်လာနေကြောင်းကို ထုတ်ဖေါ်ပြလိုက်ပါတယ်။ ကျဆင်းမှုနှုန်းမှာ အရှိန်ပိုရလာပြီး ထုတ်လုပ်မှု ပမာဏများရော အော်ဒါအသစ်များ ရရှိမှုပါ အဟုန်ပြင်းစွာ ကျဆင်းလာနေတာကို မြင်ကြရပါတယ်။

"အဲ့ဒါအပြင် ကျပ်ငွေလဲနှုန်း ဆက်ကျဆင်းလာနေပြီး ရေနံနှင့် ကုန်ကြမ်းပစ္စည်း ဈေးနှုန်းများ နိုင်ငံတကာမှာ မြင့်တက်လာနေကြတယ်ဆိုတော့ ငွေကြေးဖောင်းပွမှုရဲ့ ဖိအားပေးမှုများမှာ စံချိန်တင် ပြင်းထန်လာခဲ့လို့ သုံးစွဲသူတို့ရဲ့ ဝယ်လိုအားကို ထိုးကျသွားစေပါတယ်။ ဝယ်လိုအား အခြေအနေတွေ အားနည်းလာမှုနှင့် ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲတွေ ပေါင်းဆုံမိခြင်းကြောင့် ကျဆင်းမှု နောက်တစ်လကို ရင်ဆိုင်လာခဲ့ရပါတယ်။

"နောက်ဆုံးအနေနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီများအကြားတွင် လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ အဓိကအားဖြင့် ကြားနေ အနေအထားမှာ ရှိနေပါတယ်။ ရုန်းကန်နေရတဲ့ စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများက အနာဂတ် ၁၂-လဆိုင်ရာ မျှော်မှန်းချက်အပေါ်မှာ လေးလံစွာ ဖိစီးလျက်ရှိနေပါတယ်။”
S&P Global မြန်မာ ထုတ်လုပ်မှု PMI™

#MyanmarIndustryGuide
TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

Industry Reviews Read 580 times