ဩဂုတ်လဒေတာက မြန်မာ့ထုတ်လုပ်ရေးကဏ္ဍအခိုင်အမာ ဆုတ်ယုတ်လာနေခြင်းကို ပြသ


01 September, 2022

၂၀၂၂  စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



S&P Global မြန်မာ ထုတ်လုပ်မှု PMI™

ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့ရာ ထုတ်လုပ်ရေး ကဏ္ဍ အခြေအနေ ဆိုးဝါးလာခြင်း

အဓိက တွေ့ ရှိချက်များ

  • ထုတ်လုပ်မှုမှာ ၁၁ လအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခြင်း
  • စက်ရုံများ ရရှိသည့် အော်ဒါများ ၄လဆက်တိုက် ကျဆင်းလာခြင်း
  • ပစ္စည်းများ ပြတ်လပ်လာနေသည့်အကြားမှာ ဩဂုတ်လအတွင်း ဈေးနှုန်းများ၏ ဖိအားပေးမှုများ ထပ်တိုးလာခဲ့ခြင်း


သုံးသပ်ချက်

နောက်ဆုံးစစ်တမ်းရလဒ်များနှင့်ပတ်သက်၍ S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က မှတ်ချက်ပြုပြောကြားခဲ့သည်မှာ -

“ဩဂုတ်လဒေတာက မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝှမ်းမှာ အခြေအနေများ အခိုင်အမာ ဆုတ်ယုတ်လာနေခြင်းကို ပြသနေပါတယ်။ စစ်တမ်းထဲ ပါဝင်ခဲ့ကြတဲ့ လုပ်ငန်းများကို လေ့လာကြည့်လျှင် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ကြမ်းပြတ်လပ်မှုက ထုတ်လုပ်မှုကို နောက်ပြန်ဆွဲနေခဲ့ကြတယ်။ နိုင်ငံရေး မရေရာမှုနဲ့ ကိုဗစ်-၁၉က နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများအပေါ် လေးလံစွာ ဖိစီးနေကြတယ်ဆိုတော့ လာမည့်လများအတွင်းမှာ ဒီကဏ္ဍထဲက နောက်ဘက်သို့ ဆွဲနေကြတဲ့ အားတွေ အားပျော့သွားကြမယ်လို့ မထင်ရပါဘူး။

"ဆက်ပြောချင်သေးတာက ကျပ်ငွေရဲ့ ငွေလဲနှုန်း ဆက်လက် ကျဆင်းလာနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြတ်တောက်မှု ရှိနေတဲ့အတွက် ဈေးနှုန်းတွေ ရှေ့ဆက်ပြီး မြင့်တက်လာဖို့ များပါတယ်။ အဲဒါကြောင့် ဈေးဝယ်သူများဖက်မှ ဝယ်လိုအား ဆက်ကျဆင်းလာမယ်လို့ မျှော်မှန်းနိုင်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ကျန်ရှိနေသေးတဲ့ လများအတွင်းမှာ စားသုံးမှုနှုန်းဟာ နိမ့်ကျလာမှာပါ။

"အီးယူ နှင့် အမေရိကန် ပြည်ထောင်စုမှ ချမှတ်ထားတဲ့ ပိတ်ဆို့မှုများက အာဏာရ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကို ဟန့်တားကြမှာဖြစ်တဲ့အတွက် အနာဂတ် မျှော်မှန်းချက်များမှာ သိပ်ကို အားနည်းလှပြီး နိုင်ငံရဲ့ စီးပွားရေး အခြေခံ အဆောက်အအုံများအတွက် ကာလတို အခက်အခဲများကို ဖန်တီးပေးမယ်လို့ ယူဆရပါတယ်”


 

 

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍသည် ဩဂုတ်လတွင် လေးလဆက်တိုက်အဖြစ် ကျဆင်းလာခဲ့ပါသည်။ 
ထုတ်လုပ်မှုနှင့် အော်ဒါမှာယူမှု ပမာဏများ ပိုမိုမြန်ဆန်စွာ ကျဆင်းလာခဲ့မှုကြောင့် ထုတ်လုပ်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့ခြင်း ဖြစ်ပါသည်။ 
စစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့က ပစ္စည်းများပြတ်လပ်မှု နှင့် စွမ်းအင်ပြတ်လပ်မှုများက ထုတ်လုပ်မှုကို နောက်သို့ပြန်ဆွဲခဲ့ကြသည်ဟု ဆိုကြသည်။

ထို့အပြင် ဈေးနှုန်း ဖိအားပေးမှုများ ပြင်းထန်လာခဲ့သောကြောင့် ရောင်း‌ဈေးများ တဟုန်ထိုး မြင့်တက်လာခဲ့ရာ စျေးဝယ်များထံတွင် ဘဏ္ဍာရေး အခက်အခဲရှိလာခြင်းဖြင့် ဝယ်လိုအားအပေါ် လေးလံစွာ သက်ရောက်ခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွန်းကိန်း PMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွန်းကိန်းမှာ ယခင်လအတိုင်း မပြောင်းမလဲ ရှိနေခဲ့ပြီး ဩဂုတ်လတွင် ၄၆.၅ တွင် မှတ်တမ်းတင်ခဲ့ပါသည်။ နောက်ဆုံး အညွန်းကိန်းက ကဏ္ဍ၏အခြေအနေမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ပူးတွဲအမြန်ဆုံး ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

ထုတ်လုပ်မှု ပမာဏများ တဟုန်ထိုး ကျဆင်းလာမှုက PMI အပေါ်သို့ ဖိစီးခဲ့ပါသည်။ ဩဂုတ်လဒေတာက ထုတ်လုပ်မှုမှာ ၁၁ လအတွင်း အမြန်ဆုံး ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ နောက်ဆုံး ကျဆင်းမှုမှာ ထုတ်လုပ်ရေး ကုမ္ပဏီများ ရရှိခဲ့သည့် အော်ဒါပမာဏများ ကျဆင်းလာမှုနှင့် ကျယ်ပြန့်စွာ ဆက်စပ်နေကြောင်း ပါဝင်ဖြေကြားသူတို့က ဆိုကြသည်။

ဝယ်လိုအား ထိုးကျသွားမှုအတွက် ဈေးနှုန်းများ မြင့်တက်လာမှုကို အပြစ်ဖို့ကြသည်။ ထို့ကြောင့် စက်ရုံများ ရခဲ့ကြသည့် အော်ဒါများသည်လည်း ဩဂုတ်လတွင် ဒသမဂဏန်းမျှ အရှိန်ရရှိကာ ကျဆင်းလာခဲ့ရာ လက်ရှိ ဆက်တိုက် ကျဆင်း‌နေသောဖြစ်စဉ်ကို လေးလသို့ တိုးမြှင့်ပေးလိုက်သည်။ ထို့အပြင် ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွန်းကိန်းမှာ ဆယ်လအတွင်း အနိမ့်ဆုံးတွင် မှတ်တမ်းတင်လိုက်ခြင်းဖြင့် အော်ဒါမှာယူမှု ပမာဏများ တဟုန်ထိုးကျဆင်းသွားမှုကို အရိပ်လက္ခဏာပြနေသည်။

 

အလုပ်အကိုင်နေရာများ ဒုတိယလမြောက် ကျဆင်းလာမှုကလည်း ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ လွှမ်းခြုံ ဆုတ်ယုတ်လာမှုကို ထင်ဟပ်နေပါသည်။ ကုမ္ပဏီများသည် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ နိမ့်ကျလာသည်နှင့်အမျှ ဝန်ထမ်း ပမာဏများကို လျှော့ချခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အခြားတစ်နေရာတွင် လစာတိုးရနိုင်မည့် မျှော်လင့်ချက်များကြောင့်လည်း ဝန်ထမ်းများ နှုတ်ထွက်မှု မြင့်မားလာခဲ့ပါသည်။


ကုမ္ပဏီများသည် မိမိတို့၏ လက်ကျန်ပစ္စည်းများ အသုံးပြုမှုကို ဦးစားပေးခဲ့ကြကြောင်း ဒေတာများက ထောက်ပြနေပါသည်။ ထုတ်လုပ်ရေး ကုမ္ပဏီများ သိုလှောင်ထားကြသည့် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးစလုံး ဆက်လက် ကျဆင်းလာခဲ့သည်။ စက်ရုံများ ရရှိခဲ့ကြသည့် အော်ဒါများ လျော့နည်းလာလျက် ကုန်စည်များကို ချက်ချင်း တင်ပို့နေရမှုကြောင့် သိုလှောင်ကုန်များ သိသာစွာ ကျဆင်းလာခဲ့ကြောင်း ကုမ္ပဏီများက ညွန်ပြကြသည်။ တစ်ချိန်တည်းမှာ ထုတ်လုပ်မှ ပမာဏများ ကျဆင်းလာနေပြီး ရရှိသည့် အော်ဒါများ နည်းလာမှုကြောင့် ကုမ္ပဏီများသည် ဝယ်ယူမှုများကို ထပ်လျှော့ချခဲ့ကြရာ လက်ရှိ ကျဆင်းမှု အစဉ်ကို လ ပေါင်း ၃၀ တိုင်အောင် ဆွဲဆန့်ပေးလိုက်ကြသည်။ ထို့အပြင် ယင်းကျဆင်းမှုနှုန်းမှာ တစ်နှစ်အတွင်း အမြန်ဆုံး ဖြစ်ခဲ့ရုံသာမက ခြုံပြောရလျှင် ပြင်းထန်ခဲ့ပါသည်။

ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာ ဩဂုတ်လတွင် စံချိန်တင် အမြင့်ဆုံးနှုန်းဖြင့် ပိုကြာရှည်လာခဲ့ပါသည်။ သို့ဖြစ်၍ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ကုန်ကြမ်း ရှားပါးမှုများနှင့်အတူ ကျပ်ငွေနှုန်း ကျဆင်းလာနေခြင်းက သွင်းအားစုများ၏ ဈေးနှုန်းများ မြင့်တက်စေရေး ဖိအားပေးမှုကို အားဖြည့်ပေးခဲ့သည်။ သွင်းအားစုများ၏ ဈေးနှုန်းများ ဖောင်းပွလာမှုမှာ စစ်တမ်း သမိုင်းထဲတွင် အမြန်ဆုံးတစ်ခု ဖြစ်လာသည်။

ပါဝင်ဖြေကြားသူ အများစု ထောက်ပြခဲ့ကြသည့်အတိုင်း ဩဂုတ်လတွင် ထုတ်ကုန်များအတွက် တောင်းခံခဲ့သည့် ဈေးနှုန်းများကို တိုးမြှင့်ပေးခြင်းဖြင့် မြင့်တက်လာသည့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများကို စျေးဝယ်များအပေါ်သို့ အတတ်နိုင်ဆုံး လွဲဖို့ချခဲ့ကြသည်။ စက်ရုံများ၏ ရောင်း‌ေဈးများမှာ ၃၁ လမြောက် ဆက်တိုက် မြင့်တက်လာခဲ့ပြီး နောက်ဆုံး ဖောင်းပွမှုနှုန်းမှာမူ ယနေ့အထိ မှတ်တမ်းထဲတွင် ဒုတိယအမြန်ဆုံး ဖြစ်လာပါသည်။

နောက်ဆုံးအနေနှင့် လုပ်ငန်း အခြေအနေများ ဆက်လက် ဆုတ်ယုတ်လာနေမှု၏ ရလဒ်အဖြစ် ဩဂုတ်လတွင် လုပ်ငန်းများ၏ လာမည့် ၁၂-လအတွက် မျှော်မှန်းချက်မှာ အားပျော့သွားသည်။ ထုတ်လုပ်ရေး ကုမ္ပဏီအများစုက ထုတ်လုပ်မှု ပမာဏများ ပြောင်းလဲလာမည်မဟုတ်ဟု မျှော်လင့်နေကြသောကြောင့် အနာဂတ်မျှော်မှန်းချက်များမှာ မှေးမှိန်လျက် ရှိနေဆဲဖြစ်သည်။ စိတ်ချယုံကြည်မှု အဆင့်မှာ အများအားဖြင့် အားနည်းလျက်ရှိနေပြီး ပါဝင်ဖြေကြားခဲ့သူ အနည်းငယ်တို့ကသာ   ဦးမော့လာမည်ဟု မျှော်လင့်ချက်ထားရှိကြသည်။

#MyanmarIndustryGuide
Telegram Channel https://t.me/Guid4U


 

Industry Reviews Read 904 times