ဇွန်လတွင် အာဆီယံထုတ်လုပ်ရေး အခြေအနေများ အနည်းငယ် တိုးတက်လာ


03 July, 2023

ဇွန်လတွင် အာဆီယံထုတ်လုပ်ရေး အခြေအနေများ အနည်းငယ် တိုးတက်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

၂၀၂၃  ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


ဇွန်လတွင် ထုတ်လုပ်ရေး အခြေအနေများ အနည်းငယ် တိုးတက်လာခြင်း


အဓိက တွေ့ရှိချက်များ-

  • ထုတ်လုပ်မှု တိုးလာမှု အားပျော့လာခြင်း 
  • ထုတ်လုပ်မှုထဲက အလုပ်အကုိင်နေရာများ ကျဆင်းလာခြင်း 
  • ငွေကြေးဖောင်းပွမှု ဖိအားပေးခြင်းများ အားပျော့လာခြင်း 

 

 


(ဒေတာကို ဇွန် ၁၂-၂၆ ရက်နေ့များတွင် စုစည်းခဲ့သည်)

 

အာဆီယံ PMI နောက်ဆုံးဒေတာက ဇွန်လအတွင်း ဒေသတစ်ဝန်းက ထုတ်လုပ်မှု အခြေအနေများ အသင့်အတင့် တိုးတက်လာခြင်းကို ထောက်ပြနေသည်။ ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ဇွန်လတွင် တိုးလာခဲ့သည်။ 

သို့သော်လည်း စက်မှု ထုတ်လုပ်မှု ကြီးထွားလာခြင်းသည် ခြောက်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားချိန်တွင် စက်ရုံ အော်ဒါများမှာ မသိမသာ ပိုမြင့်သည့် နှုန်းဖြင့် တိုးတက်လာခဲ့ရာ အလားအလာများ ကွဲပြားလာခဲ့သည်။ 
တချိန်တည်းမှာပင် ဒုတိယသုံးလပတ်၏ အဆုံးပိုင်းတွင် ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များမှာ ထပ်မံလျော့ကျလာခဲ့ပြီး  ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုများမှာမူ ဆက်လက် အားပျော့လာခဲ့သည်။

သို့သော်လည်း ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍထဲက အရောင်းများ အခိုင်အမာ ဦးမော့နေသည့် တိုင်အောင် ထုတ်လုပ်ရေး ကုမ္ပဏီများသည် အလုပ်အကိုင်နေရာများကို မြှင့်တင်၍ မရခဲ့သည်မှာ လေးလဆက်တိုက် ဖြစ်လာသည်။

အဓိကအကျဆုံး S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI) ကို ဇွန်လတွင် ၅၁.၀ မှာ မှတ်တမ်းခဲ့ရာ မေလ၏ ၅၁.၁ ထက် နိမ့်ကျသွားသည်။ အဓိကအကျဆုံး အညွန်းကိန်းသည် ယခုဆိုလျှင် နှစ်လဆက်တိုက် ကျဆင်းလာခဲ့ပြီး နောက်ဆုံးတန်ဖိုးက မတ်လမှစပြီး လုပ်ကိုင်မှု အခြေအနေများ အနည်းဆုံးဖြင့် တိုးတက်လာမှုကို အချက်ပြနေသည်။

ဒေတာကို နိုင်ငံအလိုက် ခွဲခြမ်းကြည့်လျှင် အာဆီယံထဲ အကျုံးဝင်ကြပြီး စစ်တမ်းလေ့လာမှုထဲ ပါဝင်ကြသည့် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံက ဇွန်လတွင် စီးပွာရေး အခြေအနေများ တိုးတက်လာကြောင်း အစီရင်ခံကြသည်။ 


 


ဦးမော့မှုကို ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ ထိုင်းနိုင်ငံဖြစ်သည်။ တိုးထုတ်လုပ်မှု နှုန်းမှာ (PMI ၅၃.၂) ခိုင်မာနေသော်လည်း ဧပြီလ၏ စံချိန်တင်နှုန်းမှ ရှေ့ဆက် ကျဆင်းလာခဲ့ပြီး ဇွန်လတွင် တိုးထုတ်လုပ်မှု ပိုအားပျော့လာမှုကို အချက်ပြနေသည်။

စင်ကာပူ (၅၂.၇) နှင့် အင်ဒိုနီးရှား (၅၂.၅) နိုင်ငံများကို ကြည့်ပါက ၎င်းတို့၏ ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ဝန်း တိုးမြှင့်ထုတ်လုပ်မှုမှာ အသင့်အတင့်သာ ရှိခဲ့သည်။ သို့သော်လည်း ယင်းနှစ်နိုင်ငံစလုံးထဲက ထုတ်လုပ်မှု တိုးလာသည့် နှုန်းမှာမူ အရှိန်ရလာခဲ့လျက် စင်ကာပူသည် ခုနစ်လအတွင်းနှင့် အင်ဒိုနီးရှားသည် နှစ်လအတွင်း အားကောင်းစွာ ဦးမော့လာမှုကို ညွှန်ပြနေသည်။ 
ထို့အပြင် ထိုနှစ်နိုင်ငံတို့ကသာလျှင် ဇွန်လတွင် ထုတ်လုပ်မှု ပိုအားကောင်းလာခြင်းကို မှတ်တမ်းတင်ခဲ့ကြသည်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှစပြီး တွေ့မြင်ခဲ့ကြသည့်အတိုင်း ဖိလစ်ပိုင် ထုတ်လုပ်သူတို့သည် စက်မှုကဏ္ဍ၏ အခြေအနေများ ပိုကောင်းလာကြောင်းကို မှတ်တမ်း တင်ခဲ့ကြသည်။ သို့သော်လည်း ရာသီအလိုက် ချိန်ဆပေးထားသည့် အဓိကအညွန်းကိန်း (၅၀.၉) မှာ လက်ရှိ အစဉ်ထဲတွင် ဒုတိယ အနိမ့်ဆုံးဖြစ်ပြီး ခြုံကြည့်လျှင် အသင့်အတင့် တိုးတက်မှုကို အချက်ပြနေသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်ရေး ကုမ္ပဏီများသည်လည်း လုပ်ကိုင်မှု အခြေအနေများ မသိမသာ တိုးတက်မှုကို အစီရင်ခံကြသည်။ ဧပြီလရှိ စစ်တမ်း၏ စံချိန်တင် အမြင့်ဆုံးထက် များစွာ နိမ့်ကျသွားသော်လည်း အညွန်းကိန်းကို ၅၀.၀ အထက်တွင် မှတ်တမ်းတင်ခဲ့ခြင်းမှာ နောက်ဆုံး သုံးနှစ်ကာလအတွင်း လအများစုတွင် ကျဆင်းနေခဲ့သည့် စက်မှုကဏ္ဍအတွက် အပြုသဘော တိုးတက်မှု ဖြစ်ခဲ့သည်။

မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများအတွက် အဓိကအကျဆုံး အညွန်းကိန်းများသည် လုပ်ငန်း အခြေအနေများ ဆက်လက် ဆုတ်ယုတ်လာနေကြောင်းကို အချက်ပြနေပြီး ၎င်းတို့အသီးသီး အတွက် မလေးရှားသည် ဆယ်လမြောက် နှင့် ဗီယက်နမ်သည် လေးလမြောက် ဆက်တိုက်ကျဆင်းမှု ဖြစ်လာသည်။ 
မလေးရှား ထုတ်လုပ်သူတို့က ဇန်နဝါရီလမှစပြီး အမြန်ဆုံး (၄၇.၇) ဆုတ်ယုတ်မှုကို ပြသခဲ့ကြချိန်တွင် ဗီယက်နမ်နိုင်ငံ တစ်ဝန်းက ထုတ်လုပ်ရေး ကုမ္ပဏီများကမူ လွန်ခဲ့သည့်လတွင် ထုတ်လုပ်မှု တဟုန်ထိုး ကျဆင်းမှုကို အစီရင်ခံခဲ့သည့် နောက်မှာ နိမ့်ကျမှုအရှိန် (၄၆.၂) ပိုနှေးလာမှုကို ညွန်ပြနေသည်။

အာဆီယံ ထုတ်လုပ်ရေး အခြေအနေများ ခြုံငုံပြီး တိုးတက်လာခြင်းအတွက် အော်ဒါအသစ်ရရှိမှုနှင့် ထုတ်လုပ်မှုနှစ်ရပ်စလုံး တိုးလာခြင်းမှာ အဓိကပံ့ပိုးမှုများ ဖြစ်ခဲ့ပါသည်။ 
အော်ဒါအသစ်ရရှိခြင်းများ ပိုမြန်သည့်နှုန်းဖြင့် တိုးလာချိန်တွင် ထုတ်လုပ်မှု ပမာဏများသည် ၂၀၂၂ ဒီဇင်ဘာလမှစပြီး အားအပျော့ဆုံး အရှိန်ဖြင့် တိုးလာခဲ့ပါသည်။

ထုတ်လုပ်မှု ဦးမော့လာခြင်း အားပျော့လာခဲ့သည့်နှင့်အညီ ထုတ်လုပ်ရေး ကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ယူရေး လုပ်ငန်းများကို ငါးလအတွင်းမှာ အနှေးဆုံးနှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည်။ လက်ကျန်စာရင်းများကိုကြည့်လျှင် ကုမ္ပဏီများသည် မိမိတို့၏ ကုန်ကြမ်း သိုလှောင်မှုကိုရော အချောတပိုင်း ကုန်ချော သိုလှောင်မှုများကိုပါ သုံးလဆက်တိုက် တိုးမြှင့်ခဲ့ကြသည်။ သို့သော်လည်း ထုတ်လုပ်မှုနောက်ပိုင်း လက်ကျန်စာရင်းများမှာမူ ဒုတိယမြောက်လအဖြစ် ဆက်တိုက် ကုန်ခမ်းလာခဲ့သော်လည်း ဒသမဂဏန်းမျှသာ ဖြစ်ခဲ့သည်။

အခြားနိုင်ငံများကို လေ့လာကြည့်မည် ဆိုလျှင် ထည့်ကုန်များအတွက် ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များသည် ဇွန်လတွင် လေးလဆက်တိုက် လျော့လာခဲ့ရာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ၏ အခြေအနေ တိုးတက်လာသည့် လက္ခဏာများကို ဆက်လက် မြင်တွေ့ရပါသည်။
ပစ္စည်းပေးသွင်းရန် ကြာမြင့်ချိန်များ တိုးတက်လာခဲ့သည့်နှုန်းမှာ ခြုံကြည့်လျှင် အသင့်အတင့်သာ ဖြစ်ခဲ့သော်လည်း သုံးနှစ်ခွဲကာလအတွင်းမှာ အထင်ရှားဆုံး ဖြစ်လာသည်။

ထို့အပြင် ပစ္စည်းပေးသွင်းမှု အခြေအနေများ တိုးတက်လာခြင်းက ဇွန်လတွင် ဈေးနှုန်းများ၏ ဖိအားပေးမှုများကို လျော့နည်းလာစေခဲ့သည်။ 
စရိတ်စကများ၏ ဝန်ထုပ်ဝန်ပိုးများ တိုးလာခဲ့သည့်နှုန်းမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစပြီး အနှေးဆုံး ဖြစ်လာသည်။ သို့ဖြစ်သောကြောင့် ထုတ်လုပ်ရေး ကုမ္ပဏီများသည် မိမိတို့၏ ရောင်းဈေးများကို မြှင့်တင်ခဲ့ကြရာ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် စတင်ခဲ့သည့် ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှု တိုးလာခဲ့သည့် လက်ရှိအစဉ်ထဲတွင် အားအပျော့ဆုံးနှုန်း ဖြစ်လာသည်။

တိုးတက်မှုနှုန်း အနည်းငယ် နှေးလာခဲ့သော်လည်း ခိုင်မာခဲ့ခြင်းက အာဆီယံနိုင်ငံများ တစ်ဝန်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများအကြားမှာ ယုံကြည်စိတ်ချခြင်းကို ဇွန်လတွင် ပြန်လည် မြှင့်တင်ပေးခဲ့သည်။ အကောင်းမြင်ခြင်း ပမာဏမှာ မေလအထိ ၃၄ လအတွင်း အနိမ့်ဆုံးမှ ပြန်အားကောင်းလာခဲ့သည်။ သို့သော်လည်း နောက်ဆုံး အညွန်ကိန်းမှာ စစ်တမ်း သမိုင်းတလျှောက်တွင် မှတ်တမ်းတင်ထားသည့် ပျမ်းမျှထက် နိမ့်ကျနေပါသည်။

နောက်ဆုံးအချက်အဖြစ် ထောက်ပြရလျှင် စက်မှုကဏ္ဍတစ်ရပ်လုံး၏ စွမ်းဆောင်ရည်မှာ ခြုံကြည့်လျှင် အပြုသဘောဆောင်ခဲ့သည့်တိုင်အောင် အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများသည် အလုပ်အကိုင်နေရာများ မြှင့်တင်မပေးနိုင်ခဲ့ကြသည်မှာ လေးလဆက်တိုက် ဖြစ်လာသည်။ အလုပ်အကိုင်နေရာများ လျှော့ချဖြတ်တောက်ခံရမှုများသည် အနည်းအကျဉ်းသာ ရှိနေခဲ့သော်လည်း ယခင် သုံးလအတွင်း မှတ်တမ်းတင်ခဲ့သည့်နှုန်းများနှင့် အလားတူ ဖြစ်ခဲ့ပါသည်။

 

သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်မှာ-

"အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍဟာ ဇွန်လမှာ လုပ်ကိုင်မှု အခြေအနေတွေ ရှေ့ဆက် တိုးတက်လာတာကို တွေ့မြင်ခဲ့ကြပေမဲ့ တိုးထုတ်လုပ်မှုနှုန်းကျတော့ သုံးလပတ် အစပိုင်းမှာ မြင်ခဲ့ရတာထက် သိသာစွာ အားပျော့လာခဲ့ပါတယ်။

"အော်ဒါအသစ် ရရှိမှုနဲ့ ထုတ်လုပ်မှု အခိုင်အမာ တိုးလာခြင်းက ကုမ္ပဏီတွေကို ၎င်းတို့ရဲ့ ဝယ်ယူရေး လုပ်ငန်းတွေကို မြှင့်တင်လာစေခဲ့ပါတယ်။ ဒါ့အပြင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ တိုးတက်လာခဲ့တဲ့ အတွက် ငွေကြေးဖောင်းပွမှု ဖိအားပေးမှု အားပျော့လာနေကြောင်း လက္ခဏာတွေကို ဆက်လက်တွေ့မြင်နိုင်ပါတယ်။ 

"အဲဒီလို ပြောလိုက်ရပေမဲ့ နောက်ဆုံး ဒေတာက ကုန်ထုတ်လုပ်ရေး အလုပ်နေရာများ ရှေ့ဆက် ကျဆင်းလာခြင်းကို အချက်ပြနေကာ လေးလဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ကျန် အလုပ်စာရင်းများ ရှေ့ဆက် တိုးလာမှုက ကုန်ထုတ်စွမ်းအားဆိုင်ရာ ဖိအားပေးမှုများ တိုးလာနေခြင်းကြောင့် ကုမ္ပဏီတွေကို လာမယ့်လတွေအတွင်းမှာ အလုပ်နေရာတွေကို တိုးချဲ့ဖို့ စေ့ဆော်ပေးလာမှာကို ညွှန်ပြနေပါတယ်။

"အနာဂတ်ဆီကို ကြည့်ရင် အာဆီယံ ဒေသဟာ ကိုဗစ်အလွန် လုပ်ငန်းများ တိုးတက်လာမှု အားပျော့လာနေတဲ့ တိုင်အောင် အခြေအနေ ဆက်လက်ပြီး အတော်ကလေး ကောင်းနေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ စီးပွားရေး အခြေအနေများ မရေမရာ ဖြစ်နေပြီး တစ်ကမ္ဘာလုံးမှာ အခြေခံအကျဆုံး ဘဏ်အတိုးနှုန်းတွေကို တိုးမြှင့်ပေးနေကြရတဲ့အတွက် ရှေ့မှာ စိန်ခေါ်မှုများ ရင်ဆိုင်ရမယ့် လမ်းကို ချီတက်ရဖို့ ရှိနေပါတယ်။”


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 318 times