ဖေဖော်ဝါရီလ မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍ အမှာစာအသစ်များ ရရှိမှု မတည်မငြိမ်ဖြင့် လျော့ကျခြင်းများကြားတွင


01 March, 2024

ဖေဖော်ဝါရီလ မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍ အမှာစာအသစ်များ ရရှိမှု မတည်မငြိမ်ဖြင့် လျော့ကျခြင်းများကြားတွင် စိတ်ဓာတ်ပျက်ပြား

 

၂၀၂၄ မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U


မတည်ငြိမ်မှုနှင့် အော်ဒါသစ်များ ကျဆင်းလာမှုကြောင့် ယုံကြည်စိတ်အေးမှု ကျဆင်းလာခြင်း

 

S&P Global မြန်မာ ထုတ်လုပ်မှု PMI®

 

အဓိက တွေ့ရှိချက်များ

• စစ်တမ်း သမိုင်းတလျှောက် ဒုတိယအကြိမ်ယုံကြည်စိတ်အေးမှု ကျဆင်းသွားခြင်း

 

• ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ တဟုန်ထိုး လျော့နည်းသွားခြင်း

 

• စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုကြောင့် အလုပ်သမားဦးရေ ကျဆင်းလာခြင်း 

 

 S&P Global မှ နောက်ဆုံးရ PMI® စစ်တမ်းဒေတာက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ တခွင်လုံးမှာ လုပ်ငန်းလည်ပတ်မှုအခြေအနေများ ပိုမိုယိုယွင်းလာခြင်းကို မီးမောင်းထိုးပြသည်။

 

ဝယ်လိုအား အားနည်းနေသော အခြေအနေများက အမှာစာသစ်များ  လျှော့ချခြင်းကို ဖြစ်ပေါ်စေသည်။ ထိုအခါ လုပ်ငန်းများသည် အမှာစာသစ်များ ရရှိမှု လျော့ကျသဖြင့် ထုတ်လုပ်မှု ပမာဏများကို လျှော့ချကြရသည်။

သို့ဖြစ်ရာ ကုန်ထုန်လုပ်ငန်းများသည် ကုန်ကြမ်းဝယ်ယူမှု လျှော့ချသည်။ အလုပ်သမားဦးရေလည်း လျှော့ချသည်။ ထို့ပြင် ဧပြီလတွင် စတင်ရန် လျာထားသည် စစ်မှု မထမ်းမနေရ ဥပဒေကြောင့် အလုပ်ထွက်ကြသူများ ရှိနေသဖြင့်လည်း အလုပ်သမားဦးရေ လျော့ကျသည်။

ယခင် ဇန်နဝါရီလတွင် နှစ်သစ်နှစ်ကူးအချိန်အခါမှာ အကောင်းမြင်ပြီး ပြန်ကောင်းလာမည် မျှော်လင့်ထားကာ ယုံကြည်စိတ်အေးနေကြခြင်းများ ဖေဖော်ဝါရီလတွင် ပြောင်းပြန်ဖြစ်လျက် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။ ကုန်ထုတ်လုပ်သူတို့သည် ဖေဖေါ်ဝါရီလတွင် လာမည့် တစ်နှစ်တာအတွင်း ထုတ်လုပ်မှု ကျဆင်းလာမည်ဟု ခန့်မှန်းလာကြသည်။ ထိုသို့ ခန့်မှန်းကြရသည်မှာ နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများအတွက် စိုးရိမ်မှုများ ရှိနေကြခြင်းကြောင့် ဖြစ်သည်။

 

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု PMI - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ - ဖေဖေါ်ဝါရီလတွင် ၃လတာအတွင်း ၄၆.၇ ဖြင့် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ဇန်နဝါရီလ၏ ၄၄.၃ ထက် မြင့်တက်လာခဲ့သော်လည်း မြန်မာထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ လစဉ်လတိုင်း ဆုတ်ယုတ်လာမှုသည်  ငါးလ ဆက်တိုက်ရှိသွားပြီ ဖြစ်သည်။ 

 

၂၀၂၃ ခုနှစ် နိုဝင်ဘာနောက်ပိုင်း အမှာစာအသစ် ရရှိသည့်နှုန်း ကျဆင်းခြင်းသည် အားအပျော့ဆုံး ဖြစ်ခဲ့သည်။ သို့သော် အမှာစာအသစ်များ ရရှိမှု လျော့ကျလာနေသည်မှာ ၆ လ ဆက်တိုက်ရှိပြီ ဖြစ်ပြီး ခြုံကြည့်လျှင် ကုန်ထုတ်လုပ်ငန်းများ အထိနာ‌စေစသည်အထိ ပြင်းထန်ပါသည်။

 

အဓိကအကြောင်းရင်းမှာ ဝယ်လိုအား အားနည်းနေသည့် စီးပွားဝန်းကျင်ကြောင့် ဖြစ်သည်။ ဝယ်လိုအား အားနည်းနေရသည်မှာ စားသုံးများ ငွေကြေးမပြေလည်သည့် ပြဿနာများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ကုန်ထုတ်လုပ်ငန်းများက စစ်တမ်းမှာ ဖြေဆိုကြသည်။

ဝယ်လိုအား အားနည်းနေသည့် စီးပွားဝန်းကျင်ကြောင့် ထုတ်လုပ်မှုလည်း ဖေဖော်ဝါရီလတွင် သိသိသာသာ ထိုးကျသွားသည်။ 

ထို့ပြင် ကုန်ကြမ်း ပြတ်လပ်မှုများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့်လည်း ထုတ်လုပ်မှု လျော့ကျပါသည်။

 

အော်ဒါသစ် ပမာဏများနှင့် ထုတ်လုပ်မှု ပမာဏများ ညင်သာစွာ ဆက်လက်ကျဆင်းမှုကြောင့် ကုန်ထုတ်လုပ်သူများ ကုန်ကြမ်းဝယ်ယူမှုသည် ရှေ့လျှောက် ဆက်လက်ကျဆင်းလာသည်။

ကုမ္ပဏီများက ကုန်ကြမ်း ဝယ်ယူမှုများကို ရှစ်လ ဆက်တိုက် သိသာသည့်နှုန်းဖြင့် လျှော့ချခဲ့ကြပြီးပြီ ဖြစ်သဖြင့် ဖေဖော်ဝါရီလတွင် ကုန်ကြမ်း ဝယ်ယူမှုများ ကျဆင်းမှုသည် လွန်ခဲ့သည့် နိုဝင်ဘာလမှစပြီး အားအနည်းဆုံး ဖြစ်လာခဲ့ပါသည်။

 

ဖေဖော်ဝါရီလ စစ်တမ်းကောက်ယူမှုအတွင်း အလုပ်သမားဦးရေ  လျှော့ချသည့်နှုန်း မြန်ဆန်လာပါသည်။

ကုန်ထုတ်လုပ်ငန်းတွင် လုပ်သားလိုအပ်ချက်များ မရှိသဖြင့် အလုပ်သမားများကို အလုပ်ထုတ်ကြချိန်မှာ မကြာမီက ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကလည်း အလုပ်မှ နှုတ်ထွက်မှု တအားများလာစေသည့် တွန်းအားတစ်ခု ဖြစ်ပါသည်။

အလုပ်သမားဦးရေ လျော့နည်းနေခြင်း၊ ကုန်ကြမ်း ပြတ်လပ်ခြင်း၊ ဓာတ်အား ပြတ်တောက်ခြင်းတို့ကြောင့် ကုမ္ပဏီများသည် ကုန်ထုတ်လုပ်ငန်းများမှာ ထုတ်လုပ်မှု စွမ်းအား အပြည့်အဝ မသုံးနိုင်ခြင်းကို ထပ်မံကြုံကြသည်။

သို့ဖြစ်ရာ မပြ္းပြတ်သည့် အလုပ်ကြွေးကျန်များ သိသိသာသာ ပိုများပြီး အလုပ်အကြွေးများ စုပုံနေစေသည်။ အလုပ်ကြွေးကျန်နှုန်းသည် ဖေဖော်ဝါရှလတွင် အနည်းငယ် ပိုမြန်ခဲ့ပါသည်။

 

ကုန်ထုတ်လုပ်ငန်းများထံ ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်မှာ ဖေဖေါ်ဝါရီလတွင် ဆက်လက်ဆုတ်ယုတ်လာခဲ့ သည်။ ထိုသို့ဖြစ်ရသည်မှာ ကုမ္ပဏီများက သွင်းကုန်လိုင်စင် ရယူမှု အခက်အခဲများ၊ ကုန်ကြမ် ပစ္စည်းများ ရှားပါးမှုနှင့် နိုင်ငံ့မြောက်ပိုင်းမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုဖြင့် ဆက်စပ် ရှင်းပြကြသည်။ ပစ္စည်းပေးသွင်းမှု ပြီးပြတ်ရန် ပျမ်းမျှ ကြာမြင့်ချိန်များ သိသိသာသာ ပိုကြာလာခဲ့သော်လည်း၊ ဖေဖော်ဝါရီလတွင် ကြန့်ကြာမှုများမှာ နိုဝင်ဘာလ‌နောက်ပိုင်း အနည်းဆုံး ဖြစ်ပါသည်။

 

သိုလှောင်ထားသည့် ကုန်ကြမ်းများကို ထုတ်သုံးခြင်းသည် မြန်မာနိုင်ငံတွင်း ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများ၏ အဓိက လုပ်နည်းကိုင်ဟန်အဖြစ် ဆက်လက် ကျင့်သုံးနေကြပါသည်။

ဝယ်လိုအား အားနည်းလာသည့် အခြေအနေကြောင့် ကုမ္ပဏီများသည် လက်ကျန် ကုန်ကြမ်းကို ပိုများအောင် ဖြည့်ထည့်လိုစိတ် မရှိကြချေ။ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းအတွက် သိုလှောင်ထားသည့် ကုန်ကြမ်းများကို အားကိုးခဲ့ကြသည်။ 

ထို့ပြင် ကုန်ကြမ်း ဖြည့်တင်းရန် ဝယ်ယူမည်ဆိုပါက ရရှိရန် ကြာချိန်သည် ယခင်ထက် ပိုမိုကြာမြင့်ခြင်း၊ ပစ္စည်းပြတ်နေခြင်းများ ဖြစ်ပေါ်နေသည်ကို ရင်ဆိုင်ရမည် ဖြစ်ပါသည်။ 

ကုန်မထုတ်လုပ်ခင် ကုန်ကြမ်းလက်ကျန်နှင့် ထုတ်လုပ်ပြီးချိန် ကုန်ချောလက်ကျန် နှစ်မျိုးစလုံး ဖေဖော်ဝါရီလတွင် အကြီးအကျယ် လျော့နည်းသွားခဲ့ပါသည်။ 

 

ဈေးနှုန်းများ၏ အခြေအနေအရပ်ရပ်ကို ကြည့်လျှင် ဖေဖော်ဝါရီစစ်တမ်းကာလ အတွင်းမှာ ကုန်ဈေးနှုန်း မြင့်တက်ခြင်း၏ ဖိအားပေးမှုများ တိုးလာခဲ့ရာ၌ ထည့်ကုန်များ အတွက်ရော ရောင်းကုန်များ အတွက်ပါ ကုန်ဈေးနှုန်း မြင့်တက်မှုမှာ ငါးလအတွင်း အမြင့်ဆုံး ဖြစ်လာသည်။

 ပို့ဆောင်ရေး စရိတ်များနှင့် ကုန်ကြမ်း စရိတ်များ တိုးလာမှုကြောင့်လည်းကောင်း၊ အမေရိကန် ဒေါ်လာအတွက် ကျပ်ငွေ တန်ဖိုး ကျဆင်းလာမှုကြောင့် လည်းကောင်း ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာခြင်းကြောင့် ရောင်းဈေးများ တဟုန်ထိုး ထိုးတက်သွားခဲ့ပါသည်။

 

နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ လာမည့် ၁၂-လ ကာလအတွက် ယုံကြည်စိတ်အေးမှုသည် အဆိုးဘက်ကို လားရာပြုနေပြီး ထုတ်လုပ်သူတို့ အကြားရှိ စိုးရိမ်မှုများနှင့် မရေရာမှုများကို ထင်ဟပ်နေပါသည်။ 

နိုင်ငံရေး မတည်ငြိမ်မှုနှင့် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခ အရှိန်မြင့်လာသည့် အလားအလာများက အကောင်းမျှော်မှန်းခြင်းအပေါ်  ဖိစီးနေပါသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ စတင်ခဲ့သည့် စစ်တမ်း သမိုင်းတလျှောက်တွင် ဖေဖော်ဝါရီလမှာ အမှတ် ၅၀.၀ အောက်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့ပါသည်။ 

 

သုံးသပ်ချက်

 

နောက်ဆုံးစစ်တမ်းရလဒ်များကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ  Maryam Baluch က ပြောကြားသည်မှာ-

 

"လွန်ခဲ့တဲ့နှစ် နှောင်းပိုင်းမှာ စဖြစ်လာခဲ့ကြတဲ့ စစ်အစိုးရနှင့် ဆန့်ကျင်ရေးတပ်များကြား ပြင်းထန်ခဲ့တဲ့ ပဋိပက္ခများဟာ အနည်းအကျဉ်း အရှိန်ကျလာခဲ့တယ်။ တိုက်ခိုက်မှုများ အရှိန်ကျလာခြင်းက ဖေဖော်ဝါရီလအတွင်း ကုန်ထုတ်လုပ်မှု ကျဆင်းမှုကို အားပျော့သွားစေခဲ့ပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအပေါ် ကျရောက်နေသည့် ဖိအားများကို လျော့နည်းသွားစေခဲ့ပါတယ်။ ကျဆင်းမြဲ ကျဆင်းလာခဲ့တဲ့ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များဟာ အားပျော့တဲ့ နှုန်းဖြင့် ဆက်လက်ကျဆင်းလာခဲ့ပါတယ်။

 

"ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရမှ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေက နိုင်ငံ့တစ်ဝန်း တောက်လောင်နေတဲ့ ပြည်တွင်းစစ် ပြီးဆုံးရန် ဝေးနေသေးကြောင်းနှင့် လက်တွေ့မှာ အရှိန်မြင့်လာနိုင်ကြောင်းကို မီးမောင်းထိုးပြနေတယ်။ ကျင့်သုံးမည့် ဥပဒေရဲ့ အကျိုးသက်ရောက်မှုကို PMI တိုင်းတာမှုများတွင် အကြီးအကျယ် ခံစားရပါတယ်။ အများစုရဲ့ ထောက်ပြချက်အရ အလုပ်သမားများဟာ သူတို့ရဲ့ ဇာတိနေရပ်ရွာသို့ ပြန်သွားခြင်း ဒါမှမဟုတ် စစ်တပ်ထဲ အမှုထမ်းရန် ဆွဲခေါ်ခံရမှာကို ရှောင်ရှားဖို့ နိုင်ငံခြားသို့ ထွက်ခွာကြခြင်းတို့ကြောင့် နုတ်ထွက်မှုများ များပြားလာပါတယ်။ ဒါ့အပြင် ကုမ္ပဏီများက အလုပ်သမား ရှားပါးနေကြောင်း အစီရင်ခံနေတဲ့ကြားမှာ စစ်မှုထမ်းဥပဒေဟာ အလုပ်သမားများကို ပိုရှားပါးလာစေမှာပါ။

 

“အနာဂတ်ဆီ လှမ်းမျှော်ကြည့်ရင် နိုင်ငံရေး မတည်ငြိမ်မှု ပိုကြီးထွားလာခြင်းနဲ့ လက်နက်ကိုင် တိုက်ပွဲများ အရှိန်မြင့်လာနေခြင်းတို့လို ပြည်တွင်း အခက်အခဲများ ကြီးထွားလာနေခြင်းက လုပ်ငန်းဆိုင်ရာ ယုံကြည်စိတ်‌ေအးမှုကိုပါ ဖေဖေါ်ဝါရီလတွင် ထိုးနှက်ပါတယ်။ ကုမ္ပဏီများက လာမည့်တစ်နှစ်အတွင်းမှာ ထုတ်လုပ်မှု ကျဆင်းလာမယ်လို့ ခန့်မှန်းကြရာ နှစ်ဆန်းပိုင်းတွင် မြင်ခဲ့ရတဲ့ အကောင်းမြင်ခြင်းက နေပြီး ပြောင်းပြန် ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်”


TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

Industry Reviews Read 260 times