ဩဂုတ်လတွင် အော်ဒါအသစ်များ တဟုန်ထိုး တိုးမြင့် ရရှိခြင်းက  မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍကို ဆက်လက်မြှင့်တ


01 September, 2023

ဩဂုတ်လတွင် အော်ဒါအသစ်များ တဟုန်ထိုး တိုးမြင့် ရရှိခြင်းက  မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍကို ဆက်လက်မြှင့်တင်‌ပေးခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင်  ထုတ်ပြန်သည့်  ၂၀၂၃ ခုနှစ် ဩဂုတ်လအတွက် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


အော်ဒါအသစ်များ တဟုန်ထိုး တိုးရလာမှုက စက်မှုထုတ်လုပ်မှုကို ရှေ့ဆက် မြှင့်ပေးလိုက်ခြင်း

 

အဓိက တွေ့ ရှိချက်များ

• ထုတ်လုပ်မှု ပမာဏများ အခိုင်အမာ မြင့်တက်လာခြင်း 
• ပစ္စည်းပေးသွင်းရေး ကွင်းဆက် ပြတ်တောက်မှုများ စစ်တမ်းတလျှောက်တွင် အဆိုးဆုံး ဖြစ်လာခြင်း 
• ဩဂုတ်လတွင်  ဈေးနှုန်းများ၏ ဖိအားပေးမှုများ သိသိသာသာ ပြင်းထန်လာခြင်း

 

 

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဝယ်လိုအား အခြေအနေများ ဆက်တိုးတက်လာနေသည့် နောက်ခံတွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ပိုလျင်မြန်စွာ ဦးမော့လာနေခြင်းကို တတိယသုံးလပတ် အလယ်လဖြစ်သော ဩဂုတ်လတွင် တွေ့မြင်လာရပြီး ခိုင်မာသည့် စွမ်းဆောင်နိုင်စွမ်းကို မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ 
သို့သော်လည်း အလုပ်အကိုင် ခန့်ထားသည့် နေရာများနှင့် ဝယ်ယူရေး လုပ်ငန်းများမှာ ဩဂုတ်လတွင် လျော့နည်းလာခဲ့ကြောင်းကို မှတ်တမ်းတင်ခဲ့ပါသည်။

သိုလှောင်ထားသည့် ကုန်စည်များ လက်ကျန် လျော့ကျခဲ့သည်။  
 • လုပ်သားများနှင့် ကုန်ကြမ်းများ မလုံလောက် ဖြစ်လာမှုကြောင့်လည်းကောင်း၊ 
 • သွင်းအားစုများ ဈေးမြင့်တက်လာမှုကြောင့် လည်းကောင်း၊ 
 • ရောင်းအား မြင့်တက်လာမှုကို ဖြည့်တင်းပေးရန် လိုအပ်ခဲ့သည့်အတွက် လည်းကောင်း သိုလှောင်ထားသည့် ကုန်စည်များ ယူသုံးခဲ့သဖြင့်  လက်ကျန် သိသိသာသာ ကုန်ခမ်းသွားစေခဲ့သည်။
 
ဩဂုတ်လဒေတာအရ ပစ္စည်းပေးသွင်းရေး ကွင်းဆက် ပြတ်တောက်မှုများနှင့် ဈေးနှုန်း ဖိအားပေးမှုများမှာ သိသိသာသာ ပြင်းထန်လာနေပါသည်။ 
ကန်ဒေါ်လာအတွက် ကျပ် ငွေလဲနှုန်း တန်ဖိုးကျလာနေပြီး ပို့ဆောင်‌ရေးနှင့် ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဩဂုတ်လတွင် ရောင်းဈေးများ  မြင့်တက်လာခဲ့စေပါသည်။

ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းဖြစ်ပြီး အဓိကအကျဆုံးဖြစ်သော "S&P Global မြန်မာ စက်မှုထုတ်လုပ်မှု အညွှန်းကိန်းများ" ၏ အရေးပါသည့် ကြားနေအမှတ် ၅၀.၀ အထက်တွင် မှတ်တမ်းတင်ခဲ့သည်မှာ ဩဂုတ်လတွင် ခုနှစ်လဆက်တိုက် ရှိပြီ ဖြစ်ပါသည်။ ဇူလိုင်လတွင် ၅၁.၁ ဖြစ်ခဲ့ပြီး ဩဂုတ်လတွင် ၅၃.၀ သို့ မြင့်တက်လာသော အညွှန်းကိန်းမှာ သုံးလအတွင်း လုပ်ငန်းအခြေအနေများ အားအကောင်းဆုံး တိုးတက်လာမှုကို ညွှန်ပြနေပါသည်။ 

အော်ဒါအသစ်များကို ရှစ်လဆက်တိုက် ရရှိလာခဲ့သည့်အတွက် ဩဂုတ်လ ဒေတာက ဝယ်လိုအား အခြေအနေများကို ပံ့ပိုးပေးသည့် တိုးတက်မှုများ ဆက်ရှိနေခြင်းကို ထောက်ပြနေသည်။ ထိုအချက်က စက်မှုကုန်ထုတ်လုပ်မှု လျင်မြန်စွာ တိုးလာရေးကို ပံ့ပိုးပေးခဲ့သည်။

သို့သော်လည်း ဒေတာကို ရှေ့ဆက် ဆန်းစစ်ကြည့်လျှင် အရေးကြီးဆုံး အညွှန်းကိန်းသည် အဓိကအားဖြင့် ထုတ်လုပ်ရေးကဏ္ဍကို မြှင့်တင်ပေးရာ၌ ထောက်ကူပေးသည့် ဝယ်လိုအား အပေါ်တွင် များစွာ မှီခိုနေရချိန်မှာ ကုမ္ပဏီများသည် အလုပ်မှ နုတ်ထွက်မှုများ ကျယ်ပြန့်လာနေသည့် အကြား အလုပ်အကိုင် နေရာများကို တိုးမြှင့်ခန့်ထားနိုင်ဖို့ ခဲယဉ်းနေပါသည်။

 

 

အလုပ်အကိုင် နေရာများ လျှော့ချကြသည်မှာ ဩဂုတ်လတွင် သုံးလဆက်တိုက် ဖြစ်လာပြီး လျှော့ချခံရသည့်နှုန်းမှာ ဇူလိုင်လထက် အရှိန်ပိုမြင့်လာသည်။

တချိန်တည်းမှာ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေချိန်မှာ ကုမ္ပဏီများသည် သိုလှောင်ကုန်များကို သုံးစွဲခဲ့ကြပြီး မကြာမီက လုပ်ငန်းအခြေအနေများ ထိုးတက်လာခဲ့သည့် တိုင်အောင်  ဝယ်ယူဖြည့်တင်းမှုများကို တိုးချဲ့လိုစိတ် မရှိခဲ့ကြပါ။

လုပ်သားများ၊ ကုန်ကြမ်းများနှင့် လျှပ်စစ်မီးတို့ မလုံလောက်မှုများ အကြားတွင် ကုမ္ပဏီများသည် လက်ထဲရှိ အလုပ်များကို ပြီးစီးရန် အားထုတ်နေကြရရာ လက်ကျန် အလုပ်များမှာ ဩဂုတ်လတွင် ထင်ရှားသည့် နှုန်းဖြင့် မြင့်တက်လာခဲ့ပြန်ပါသည်။ ယင်း အတောအတွင်း ထုတ်လုပ်မှုအကြို နှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ကုန်များသည် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန် အလို့ငှာ ရယူသုံးစွဲသဖြင့် လက်ကျန်ကုန်ခမ်းလာခဲ့ပါသည်။

ကုန်ကြမ်း ပြတ်တောက်မှုများ၊ ငွေလဲနှုန်း ပိုဆိုးလာနေခြင်းနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာနေမှုက နောက်ဆုံး၌ ထည့်ကုန်များ၏ ဈေးနှုန်းများ  မြင့်တက်လာစေခဲ့ပါသည်။

ဩဂုတ်လအတွင်း ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးများမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သွင်းအားစု ကုန်ကျစရိတ်များ၏ ငွေကြေးဖောင်းပွမှုမှာ တစ်နှစ်နီးပါးအတွင်း အလျင်မြန်ဆုံး ဖြစ်လာသည်။ အလားတူစွာပင် ထည့်ကုန်များ၏ မြင့်တက်လာခဲ့သည့် ဈေးနှုန်းများကို ထည့်တွက်လျက် ရောင်းဈေးများပါ မြင့်တက်လာခဲ့ကြရာ ၁၁ လအတွင်း အလျင်မြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့ပါသည်။

ထို့အပြင် ပစ္စည်းပေးသွင်းသူတို့၏ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များသည် ဩဂုတ်လအတွင်းမှာ ထပ်တိုးလာခဲ့ပါသည်။ ပစ္စည်းပေးသွင်းမှု ပြီးစီးရန် ကြာမြင့်ချိန်များ တိုးလာခဲ့သည့်နှုန်းမှာ  ၂၀၂၂ စက်တင်ဘာမှစပြီး အသိသာဆုံး ဖြစ်လာလျက် စစ်တမ်းမှတ်တမ်းတလျှောက်တွင် တတိယ အဆိုးဆုံး ဖြစ်လာပါသည်။

ကုန်ကြမ်း ရှားပါးမှုများ၊ အကောက်ခွန်ဌာန၏ ကြန့်ကြာမှုများနှင့် ပို့ဆောင်ရေး အခက်အခဲများက စက်မှုထုတ်ကုန်များကို အချိန်မီ ဖြန့်ချိမရအောင် နှောင့်ယှက်ခဲ့ကြောင်း ပါဝင်ဖြေဆိုသူတို့က ထောက်ပြခဲ့ကြသည်။

အနာဂတ်ဆီကို လှမ်းမျှော်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ တစ်ဝန်းတွင် တွေ့မြင်ရသည့် စိတ်ချလက်ချဖြစ်သည့် ပမာဏများမှာ အားပျော့ပြီး ကျန်ရစ်ပါသည်။ စစ်တမ်းမှ မေးမြန်းခဲ့သည့် လုပ်ငန်းများထဲက ၆% ကသာလျှင် လာမည့် ၁၂ လ အတွင်းမှာ ထုတ်လုပ်မှု ပမာဏများ တိုးလာမည်ဟု မှန်းဆကြပါသည်။


သုံးသပ်ချက်

S&P Global မှ စီးပွားရေးပညာရှင် Maram Baluch က နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် ပြောကြားသွားသည်မှာ

“ဩဂုတ်လ ဒေတာက ဝယ်လိုအား အလားအလာ တိုးတက်လာနေခြင်းက ကုမ္ပဏီတွေကို ရောင်းချရမှုများကို တိုးမြှင့်ဖို့နှင့် ထုတ်လုပ်မှုကို တိုးချဲ့ဖို့ အားပေးနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍတစ်ဝန်း အခြေအနေများ ရှေ့ဆက် ပိုကောင်းလာခြင်းကို ဖေါ်ပြနေပါတယ်။ ဒါပေမဲ့ ဒေတာက စိုးရိမ်ရမယ့် နယ်ပယ်တချို့ကိုပါ ညွှန်ပြနေတာကြောင့် ဩဂုတ်လတွင် ဦးမော့လာခြင်းမှာ ခဏတဖြုတ်များလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

“အလုပ်အကိုင်နေရာနဲ့ ဝယ်ယူရေး လုပ်ငန်းများဟာ ဩဂုတ်လထဲမှာ နှိမ့်ကျလျက် ရှိမြဲရှိနေပြီး သိုလှောင်ကုန်များမှာ စစ်တမ်းသမိုင်းစဉ်အတွင်း တဟုန်ထိုး မြင့်မားတဲ့ နှုန်းများဖြင့် ကုန်ခမ်းလာနေကြတဲ့အတွက် ကုမ္ပဏီတွေက ကုန်ကြမ်းနဲ့ လုပ်သားများကို ရှာကြံရန် များစွာမှ ရှန်းကန်နေကြရခြင်းကို မီးမောင်းထိုးပြနေပြီး ဝယ်လိုအား တိုးလာနေခြင်းကို ဖြည့်ဆည်းပေးရန် မိမိတို့လက်ထဲရှိ သိုလှောင်ကုန်များကို အားကိုးနေရတာကို ပြသနေပါတယ်။

“ဒါ့အပြင် ထည့်ကုန်များအတွက် ပေးသွင်းရေး ကြာမြင့်ချိန်များဟာ စစ်တမ်းမှတ်တမ်းထဲမှာ အဆိုးဆုံးအဆင့်သို့ တိုးလာခဲ့ပြီး ထုတ်လုပ်သူတွေအနေနဲ့ ကုန်ကြမ်းများကို စိတ်ချလက်ချ အချိန်မီ ရရှိဖို့အတွက် အခက်အခဲများ ရင်ဆိုင်နေရခြင်းကို အလေးပေးထောက်ပြနေပါတယ်။ ထို့အပြင် ဒေါ်လာ ကျပ်ငွေလဲလှယ်နှုန်း ပိုဆုတ်ယုတ်လာနေခြင်းက ငွေကြေးဖောင်းပွခြင်း၏ ဖိအားပေးမှုများကို တိုးမြင့်စေကာ တစ်နှစ်နီးပါးအတွင်းမှာ အားအပြင်းထန်ဆုံး ဖြစ်လာပါတယ်။

“ပစ္စည်းပေးသွင်းသူမှုဆိုင်ရာ ရုပ်ပုံကားချပ်က တိုးတက်လာနေကြောင်း လက္ခဏာများကို ပြသရွေ့ မြန်မာနိုင်ငံ တစ်ဝန်း လတ်တလော တိုးမြှင့်ထုတ်လုပ်နိုင်မှုဟာ တဖက်စောင်းနင်း ဖြစ်နေဦးမှာဖြစ်ပြီး လက်ကျန်ကုန်များ ကုန်ခမ်းသွားတာနဲ့ ရပ်တန့်သွားမှာ စိုးရပါတယ်။“
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 669 times