မတ်လတွင် ထုတ်လုပ်မှု အခြေအနေများ  လေးလတာအတွင်းအမြန်ဆုံး ဆုတ်ယုတ်လာ


01 April, 2022

မတ်လတွင် ထုတ်လုပ်မှု အခြေအနေများ  လေးလတာအတွင်းအမြန်ဆုံး ဆုတ်ယုတ်လာ

၂၀၂၂ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global  မြန်မာ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

 

 

ထုတ်လုပ်မှု အခြေအနေများ မတ်လတွင် လေးလအတွင်း အမြန်ဆုံး ဆုတ်ယုတ်လာခြင်း

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုသည် နောက်ဆုံး အောက်တိုဘာမှစပြီး အနက်ရှိုင်းဆုံး နှုန်းဖြင့် ကျဆင်းလာခဲ့ခြင်း
  • ပစ္စည်းပေးသွင်းမှု အချိန်များ နှစ်နှစ်အတွင်းမှာ အမြန်ဆုံး အရှိန်ဖြင့် တိုးလာခြင်း
  • သွင်းကုန် ဈေးနှုန်း ငွေကြေးဖောင်းပွမှုမှာ စစ်တမ်းသမိုင်းတစ်လျှောက် စံချိန်သစ်ကို တင်လိုက်ခြင်း

 

(ဒေတာကို ၂၀၂၂ ခုနှစ် မတ်လ ၁၁ - ၂၃ ရက်များတွင် စုစည်းခဲ့သည်)


မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့ ရင်ဆိုင်ခဲ့ရသည့် လုပ်ကိုင်မှု အခြေအနေများမှာ မတ်လတွင် ထပ်မံပြီး ဆုတ်ယုတ်လာခဲ့ပါသည်။ 
ကုန်ကြမ်း ပြတ်တောက်မှုများ၊ သွင်းကုန် ကုန်ကျစရိတ်များ တိုးလာခဲ့ခြင်း နှင့် လျှပ်စစ်မီး ပြတ်တောက်မှုများက ထုတ်လုပ်မှုအပေါ် လေးလံစွာ ဖိစီးခဲ့ပြီး အချို့ဖြစ်ရပ်များတွင် လုပ်ငန်းများကို ယာယီပိတ်သိမ်းရမှုများပင် ရှိခဲ့ပါသည်။
တစ်ချိန်တည်းမှာ စီးပွားရေး လုပ်ငန်းများက ဝယ်လိုအား အားပျော့လာခဲ့ပြီး အော်ဒါအသစ်များမှာ ငါးလအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ကြောင်း ပြောပြကြသည်။ 
ပစ္စည်းပေးသွင်းရေး ကွင်းဆက်များသည်လည်း ဖိအားကျရောက်မှုများကို ဆက်လက်ခံစားနေရပြီး သွင်းကုန်များအတွက် ပစ္စည်းပေးသွင်းမှု အချိန်များမှာ နှစ်နှစ်အတွင်း အကြာရှည်ဆုံးသို့ မြင့်တက်သွားခဲ့သည်။ 
ကုမ္ပဏီများက ၎င်းတို့၏ လုပ်သားဦးရေကို ဆက်လက်ပြီး တိုးမြှင့်ခဲ့ကြခြင်းမှာ အားရစရာကောင်းခဲ့သော်လည်း အလုပ်နေရာအသစ် ဖန်တီးမှုနှုန်းမှာ မသိသာခဲ့ပါ။
ဤအတောအတွင်း ငွေကြေးဖောင်းပွမှု ဖိအားများမှာ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် ပြင်းထန်လာခဲ့ပါသည်။ 
သွင်းကုန် ဈေးနှုန်းများ မှတ်တမ်းတစ်လျှောက်တွင် အမြန်ဆုံးနှုန်းဖြင့် မြင့်တက်သွားခဲ့ချိန်မှာ ထွက်ကုန်ရောင်းဈေးများမှာ စစ်တမ်း သမိုင်းထဲတွင် ဒုတိယအမြန်ဆုံးနှုန်းဖြင့် မြင့်တက်သွားခဲ့သည်။  
အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု PMI™ – ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းကို မတ်လတွင် ၄၇.၁ တွင် မှတ်တမ်းတင်ခဲ့ရာ ဖေဖေါ်ဝါရီလ၏ ၄၇.၃ ထက် မသိမသာ နိမ့်ကျသွားခြင်းဖြင့် ကဏ္ဍ၏ စွမ်းဆောင်နိုင်စွမ်း အခြေအနေ ၁၉ လ ဆက်တိုက် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။
ကျဆင်းမှနှုန်းမှာမူ ပြီးခဲ့သည့် နိုဝင်ဘာလမှစပြီး အမြန်ဆုံးဖြစ်ခဲ့ပြီး ခြုံပြောရလျှင် ကျဆင်းမှနှုန်းအားကောင်းခဲ့မှုမှာ မှတ်သားထိုက်ပါသည်။
နောက်ဆုံး ဒေတာက မတ်လတွင် ထုတ်လုပ်မှု ထပ်ပြီး ကျဆင်းလာခဲ့ခြင်းကို ညွှန်ပြနေပြီး ငါးလအတွင်းမှာ အနက်ရှိုင်းဆုံး နှုန်းဖြစ်လာသည်။ 
ထုတ်လုပ်မှုကျဆင်းခဲ့ခြင်း အကြောင်းတရားများအတွက် ရောင်းချရမှုများ ကျဆင်းမှုလာကြောင့်သာမက၊ လျှင်စစ်မီးပြတ်တောက်မှုများ နှင့် ကုန်ကြမ်း ပစ္စည်းများ ရှားပါးမှုကိုပါ အပြစ်တင်ရပါမည်။
လုပ်ငန်းသစ် စုစုပေါင်းသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ပြီး၊ ကုမ္ပဏီများက သုံးစွဲသူများထံတွင် ငွေရေးကြေးရေး အခက်အခဲများ ရှိနေခြင်း နှင့် ရောင်းဈေးများ အတော်အတန် ကြီးမြင့်လာမှုက အော်ဒါအသစ်များ၏ ပမာဏကို နှိမ့်ချခဲ့ကြောင်း သုံးသပ်ဖေါ်ပြခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် မတ်လမှစပြီး မြင်ခဲ့ကြရသည့်အတိုင်း ကုမ္ပဏီများသည် ပထမသုံးလပတ် အကုန်ပိုင်းတွင် ၎င်းတို့၏ ဝယ်ယူမှုများကို လျှော့ချခဲ့ကြသည်။
ကုမ္ပဏီများက ၎င်းတို့၏ ဝယ်ယူမှုများ လျှော့ချခဲ့ရသည်မှာ ရောင်းချရမှုများ နည်းလာခြင်း နှင့် ရှိနေဆဲ လက်ကျန် စာရင်းများကို တိုးပြီး အသုံးချနေရခြင်းကြောင့်ဟု ရှင်းပြကြသည်။ 
သို့ဖြစ်၍ မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့ လက်ထဲတွင် ကျန်ရှိနေသည့် လက်ကျန် စာရင်းများမှာ မတ်လတွင် သိသာသည့် အရှိန်ဖြင့် ထပ်မံပြီး ကျဆင်းလာခဲ့သည်။
လျှပ်စစ်မီး ပြတ်တောက်မှုများ နှင့် ကုန်ကြမ်းများနှင့် ဝန်ထမ်း မလုံလောက်မှုများက မပြီးစီးဘဲ ကျန်ရစ်နေသည့် အလုပ်များကို တိုးလာစေခဲ့သည်။ လက်ကျန် အလုပ်များ စုပုံလာသည့်နှုန်းမှာ စစ်တမ်းမှတ်တမ်းတစ်လျှောက်တွင် ဒုတိယ အမြန်ဆုံး ဖြစ်လာခြင်းမှာ မှတ်သားရမည့် အချက်ဖြစ်ပါသည်။

 


အလုပ်နေရာများမှာ စတုတ္ထမြောက်လအဖြစ် ဆက်တိုးလာခြင်းမှာ အပြုသဘောမှတ်သားစရာ ဖြစ်ပါသည်။ သို့သော်လည်း ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းမှာမူ အပြောင်းအလဲမရှိ အမှတ် ၅၀ ထက် ဒသမဂဏန်းမျှသာ မြင့်နေခဲ့ရာ အလုပ်သစ် ဖန်တီးမှု နှုန်းမှာ ဒသမဂဏန်းသာ ရှိခဲ့ခြင်းကို ညွှန်ပြနေပြီး ယင်းကာလအတွင်းမှာ အနှေးဆုံးနှုန်းဖြစ်ပါသည်။
မတ်လတွင် လုပ်ငန်းများ ပြီးဆုံးရန် ကြာမြင့်ချိန်များ အသစ်တစ်ဖန် တိုးလာခဲ့သည့်အတွက် လုပ်ငန်းများက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲတွင် အခက်အခဲရှိနေခြင်းကို စစ်တမ်းဖြေဆိုကြသူတို့က ထောက်ပြခဲ့ကြသည်။ 
ကုန်ကြမ်းပစ္စည်းများ ရှားပါးမှု နှင့် ပို့ဆောင်ရေး ကြန့်ကြာမှုများကြောင့် နှစ်နှစ်အတွင်းမှာ အကြာမြင့်ဆုံး ဖြစ်လာသည့် ပစ္စည်းပေးသွင်းမှု အချိန်များ ပိုကြန့်ကြာလာခဲ့ရကြောင်း ဖေါ်ပြခဲ့ကြသည်။
လာမည့် ၁၂-လ အတွင်း ထုတ်လုပ်ရေး မျှော်မှန်းချက်ကို စဉ်းစာကြရာတွင် ကုမ္ပဏီများက လာမည့် ၁၂-လ ကာလအတွင်း ထုတ်လုပ်မှုမှာ ယေဘုယျအားဖြင့် မပြောင်းမလဲ ရှိနေမည်ဟု မျှော်လင့်ကြသည်။ 
ကုမ္ပဏီ များစွာတို့က လျှပ်စစ်မီး ပြတ်တောက်မှုများ နှင့် ကုန်ကြမ်း ရှားပါးမှုများ ဆက်ရှိနေခြင်းက အနာဂတ်တွင် ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို ထိပါးစေမည်ဟု ထောက်ပြခဲ့ကြသည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-
"မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍအတွက် နောက်ဆုံး PMI ဒေတာက မတ်လတွင် ထုတ်လုပ်မှု အခြေအနေများ ထပ်မံပြီး ဆုတ်ယုတ်လာခဲ့ခြင်းကို ဖေါ်ပြနေပါသည်။
 လျှပ်စစ်မီး ပုံမမှန်မှုများ၊ ပစ္စည်းပေးသွင်းမှု ပြတ်တောက်မှုများ နှင့် ဈေးနှုန်းများ မြင့်တက်လာမှုများကြောင့် လုပ်ငန်းလုပ်ကိုင်မှုများ အပြင်းအထန် နစ်နာခဲ့ကြရပါသည်။ 
အချို့ကိစ္စများမှာ ဆိုလျှင် စက်ရုံများကို ယာယီပိတ်ခဲ့ရမှုများလည်း ရှိပါသည်။
ထို့အပြင် နောက်ဆုံးလက ထုတ်လုပ်မှုထဲမှာရော၊ အလုပ်အသစ်များထဲမှာပါ ငါးလအတွင်း အနက်ရှိုင်းဆုံး ကျဆင်းမှုကို ထောက်ပြနေပြီး ထုတ်လုပ်မှုထဲက ကျဆင်းမှုမှာ စုစုပေါင်း ရောင်းချရမှုများထဲတွင် မြင်ရသည့် ကျဆင်းမှုထက် သိသိသာသာ များလျက်ရှိနေဆဲဖြစ်သည်။
ကုမ္ပဏီများက ၎င်းတို့၏ ဝန်ထမ်းဦးရေကို ဆက်တိုးခန့်ခဲ့ကြသော်လည်း နောက်ဆုံး အလုပ်နေရာ တိုးလာမှုမှာ မသိမသာမျှသာ ဖြစ်ခဲ့ပြီး လေးလအတွင်း အားအပျော့ဆုံးဖြစ်သည်။ 
လက်ရှိအစဉ် ဆက်မြဲနေမည်ဆိုလျှင် လူအသစ် ငှားရမ်းရန် လိုအပ်ချက် ဆက်အားနည်းလာမည် ဆိုပါက လာမည့်လများအတွင်း အလုပ်နေရာများ တန့်သွားနိုင်ပါသည်။
ခြုံပြီးပြောရလျှင် ထုတ်လုပ်ရေး ကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်တွင် ကူးစက်မြန်ရောဂါ၊ ထို့နောက်မှာ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခံရမှုကို ရင်ဆိုင်ခဲ့ရသည့် နောက်ဆုံး နှစ်နှစ်ကာလအတွင်းက ပြင်းထန်သည့် အခက်အခဲများကို ကျော်လွှားရန် ဆက်လက်ပြီး ရုန်းကန်နေခဲ့ရပါသည်။
ဆက်လက်၍ ပြည်တွင်းထဲကရော၊ ဒေသတွင်းထဲကပါ နိုင်ငံရေး မတည်ငြိမ်မှုများက လာမည့် လများအတွင်း မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍနှင့် ၎င်း၏စွမ်းဆောင်နိုင်စွမ်းတို့နှင့် ပတ်သက်၍ စိုးရိမ်မှုများ နှင့် မရေရာမှုများကို ပိုလို့ပင် တိုးမြှင့်ပေးသကဲ့သို့ ရှိနေပါသည်။

 

စစ်တမ်း နည်းစနစ်

S&P Global မြန်မာ ထုတ်လုပ်မှု PMI® ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။ ဒေတာ စုစည်းမှုကို ၂၁၀၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။
အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။ 

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- 

  • အော်ဒါသစ်များ (၃၀%)၊
  • ထုတ်လုပ်မှု (၂၅%)၊ 
  • အလုပ်နေရာ (၂၀%)၊
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ  (၁၅%) နှင့်
  • သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။ 
  • PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း

များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။


PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။


S&P Global အကြောင်း
S&P Global (NYSE: SPGI) S&P Global သည် အရေးပါသည့် အချက်အလက်များကို စီစဉ်ပေးပါသည်။ အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ နှင့် လိုအပ်သူများအတွက် ကျွန်ုပ်တို့သည် မှန်ကန်သည့် ဒေတာ၊ ကျွမ်းကျင်မှုများ နှင့် ဆက်စပ် နည်းပညာကို တပ်ဆင်ပေးလျက် ယုံကြည်စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ထောက်ကူပေးပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူတို့အား ရင်းနှီးမြှုပ်နှံမှုအသစ်များကို စိစစ်တန်ဖိုးဖြတ်နိုင်ရန် ကူညီပေးမှုမှအစ ESG နှင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ တစ်ဝန်းမှာ စွမ်းအင်ကို ပုံစံပြောင်းပေးရာတွင် ၎င်းတို့အား လမ်းညွှန်ပေးခြင်းဖြင့် ကျွန်ုပ်တို့သည် အခွင့်အလမ်းများကို ဖွင့်ထုတ်ပေးရင်း စိန်ခေါ်မှုများကို ဖြေရှင်းလျက် ကမ္ဘာကြီးအတွက် တိုးတက်မှုအရှိန်ကို တိုးမြှင့်ပေးကြပါသည်။
နိုင်ငံတကာ အရင်းအနှီး၊ ကုန်စည်နှင့် မော်တော်ယာဉ် ဈေးကွက်များတွင် ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်များ၊ စံညွှန်းများ၊ ဆန်းစစ်လေ့လာမှုများနှင့် လုပ်ငန်းစီးဆင်းမှု ဆိုင်ရာ ဖြေရှင်းနည်းများအတွက် ကမ္ဘာ့ထိပ်သီး အဖွဲ့အစည်း အများအပြားတို့က ကျွန်ုပ်တို့အား ရှာဖွေ ချဉ်းကပ်ကြရပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ကမ်းလှမ်းချက်တိုင်းဖြင့် ကမ္ဘာ့ထိပ်သီး အဖွဲ့အစည်းများအား အနာဂတ်အတွက်၊ ပစ္စုပန်အတွက် စီမံရေးဆွဲနိုင်ရန် ထောက်ကူပေးကြပါသည်။
 www.spglobal.com.


PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။
 ihsmarkit.com/products/pmi.html
 

Industry Reviews Read 2097 times