ဇွန်လတွင် လုပ်ငန်းလုပ်ကိုင်မှု အခြေအနေများ  ပိုမြန်ဆန်စွာ ဆုတ်ယုတ်လာ


02 July, 2022

ဇွန်လတွင် လုပ်ငန်းလုပ်ကိုင်မှု အခြေအနေများ  ပိုမြန်ဆန်စွာ ဆုတ်ယုတ်လာ


၂၀၂၂  ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


ဇွန်လတွင် လုပ်ကိုင်မှု အခြေအနေများ  ပိုမြန်ဆန်စွာ ဆုတ်ယုတ်လာခြင်း

အဓိက တွေ့ရှိချက်များ

  • အရောင်းထိုင်းလာနေသည့် အကြားမှာ ထုတ်လုပ်မှု ကျဆင်းလာခြင်း
  • ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များမှာ စံချိန်တင်နီးပါး တိုးလာခြင်း
  • ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ လျင်မြန်စွာ မြင့်တက်လာခြင်း

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းတွင် လုပ်ကိုင်မှု အခြေအနေများ ပိုလျင်မြန်စွာ ဆုတ်ယုတ်လာနေကြောင်းကို နောက်ဆုံး စစ်တမ်း ဒေတာက ညွှန်ပြနေသည်။
ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုစလုံး ပိုမြန်ဆန်သည့် နှုန်းဖြင့် ကျဆင်းလာချိန်မှာ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းရန် ကြာမြင့်ချိန်များမှာ စံချိန်တင်နီးပါး တိုးလာခဲ့သည်။
ထို့အပြင် ထည့်သွင်းသုံးစွဲရသည့် ပစ္စည်းများအတွက် ထည့်ကုန်စရိတ်များနှင့် ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ရောင်းဈေးများမှာ ဇွန်လတွင် တဟုန်ထိုး မြင့်တက်သွားရာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစပြီး အမြန်ဆုံးနှုန်းများအနက် တစ်ခု ဖြစ်လာသည်။
အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMITM - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းကို  ဇွန်လတွင် ၄၈.၂ ဟု မှတ်တမ်းတင်ခဲ့ရသည်ဖြစ်ရာ မေလ၏ အညွှန်းကိန်း ၄၉.၉ ထက် နိမ့်ကျသွားသည်။
သို့ဖြစ်၍ မေလတွင် ကဏ္ဍ၏ အခြေအနေ ဒသမဂဏန်းမျှ ဆုတ်ယုတ်ခဲ့သည့်နောက်တွင် နောက်ဆုံး အညွှန်းကိန်းအရ စက်မှုကဏ္ဍသည် အနုတ်လက္ခဏာ နယ်ပယ်တွင်းသို့ အခိုင်အမာ ကျဆင်းသွားသည်။ ထိုသို့ ဆိုရသော်ငြားလည်း လုပ်ငန်း အခြေအနေများ ဆုတ်ယုတ်လာခဲ့သည့်နှုန်းမှာမူ အသင့်အတင့်မျှသာ ဖြစ်ပါသည်။
အညွှန်းကိန်း ကျဆင်းလာခဲ့ရမှုအတွက် အဓိကအကျဆုံး အကြောင်းအချက်မှာ ထုတ်လုပ်မှု ပမာဏများ ပိုမြန်ဆန်စွာ ကျဆင်းလာမှုကြောင့် ဖြစ်ပါသည်။ 
ကုမ္ပဏီများက ထုတ်လုပ်မှု ပမာဏများ နိမ့်ကျလာခြင်းကို ဝယ်ယူသုံးစွဲသူများဘက်တွင် ဝယ်လိုအား ပျော့လာခြင်းနှင့် လည်းကောင်း၊ ကုန်ကြမ်းများနှင့်လျှပ်စစ် ပြတ်လပ်မှုများနှင့်လည်းကောင်း ဆက်စပ်နေကြောင်း ရှင်းပြကြသည်။
ထို့အပြင် ရောင်းဈေးများ မြင့်တက်လာပြီး ဝယ်ယူသုံးစွဲသူများသည် အကန့်အသတ်ဖြင့်သာ ငွေကြေးသုံးစွဲနိုင်ကြသောကြောင့် ထုတ်လုပ်ရေး ကုမ္ပဏီများ ရရှိသည့် လုပ်ငန်းများမှာ နှစ်လဆက်တိုက် နည်းပါးလာခဲ့ပါသည်။ ကျဆင်းမှုနှုန်းမှာ မတ်လနောက်ပိုင်း အနက်ရှိုင်းဆုံး ဖြစ်လာသည်။
ရောင်းချရမှုများ ကျဆင်းလာခဲ့သည်နှင့်အညီ ဝယ်ယူရေး လုပ်ငန်းများပါ တဟုန်ထိုး ကျသွားခဲ့ပြီး ကုမ္ပဏီများသည် ထည့်သွင်းသုံးစွဲရသည့် ပစ္စည်းများကို ဝယ်ယူရန် လက်တွန့်နေခဲ့ကြသည်။ 
ကျဆင်းမှု အရှိန်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစပြီး အမြန်ဆုံး ဖြစ်လာပါသည်။ 
စစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့က ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာမှုကလည်း ထည့်သွင်းသုံးစွဲရသည့် ပစ္စည်းများ ဝယ်ယူမှုများ အပေါ်မှာ ဖိစီးနေခဲ့ကြောင်းကို ညွှန်ပြခဲ့ကြသည်။
ကုမ္ပဏီများသည် အော်ဒါများကို ဖြည့်စွမ်းပေးရန် လက်ရှိ သိုလှောင်ကုန်များကို ဆက်လက်အားကိုးခဲ့ကြောင်း ဇွန်လ၏ ဒေတာက ထောက်ပြနေသည်။ သို့ဖြစ်၍ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်ရပ်စလုံး ကျဆင်းသွားခဲ့ပြီး ကျဆင်းသည့်နှုန်းမှာ ပြင်းထန်ခဲ့ပါသည်။

 

ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းတွင် ထုတ်လုပ်မှုနှင့် အလုပ်အသစ်များ ကျဆင်းခဲ့သည့်တိုင်အောင် ကုမ္ပဏီများသည် ထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးရန် ဆက်ပြီး ဝန်ထမ်းများကို ထပ်မံငှားရမ်းခဲ့ကြသည်။ 
သို့သော်လည်း အလုပ်နေရာသစ် ဖန်တီးမှု နှုန်းမှာမူ ခုနစ်လအတွင်းမှာ အနိမ့်ဆုံးသို့ အားပျော့သွားခဲ့ပြီး ဝန်ထမ်း ဦးရေမှာ ဒသမဂဏန်းခန့်သာ တိုးလာခဲ့ခြင်းကို ညွှန်ပြနေသည်။ ထို့အပြင်  အလုပ်သမားများ အလုပ်မှ နှုတ်ထွက်ခြင်းများသည် အလုပ်သမား ဦးရေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အဓိက အဟန့်အတား ဖြစ်ကြောင်း ဆိုကြပါသည်။
ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများမှာ ဇွန်လတွင် ထုတ်လုပ်ရေး ကဏ္ဍအပေါ်မှာ လေးလံစွာ ဖိစီးနေခဲ့ပါသည်။ သွင်းအားစုများအတွက် ပေးသွင်းချိန်များ ပိုကြာလာခြင်းက ထုတ်လုပ်မှုကို နောက်ပြန်ဆွဲသလို ရှိခဲ့ပြီး မပြီးဘဲ ကျန်ရစ်ခဲ့သည့် အလုပ်များ၏ ပမာဏမှာ လနှစ်ဆယ်ဆက်တိုက် တိုးလာခဲ့ပြန်သည်။ 
ပစ္စည်းပေးသွင်းသူတို့သည် ကုန်ကြမ်း ပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများနှင့် ပို့ဆောင်မှု ကြန့်ကြာမှုများကို ရင်ဆိုင်နေရကြောင်း ပါဝင်ဖြေကြားသူတို့က မှတ်ချက်ချကြသည်။ သို့ဖြစ်၍ ဝယ်ယူရသည့် ပစ္စည်းများအတွက် ပေးသွင်းမှု ပြီးဆုံးချိန်များမှာ မှတ်တမ်းထဲတွင် ဒုတိယ အမြန်ဆုံး နှုန်းဖြင့် တိုးလာခဲ့ပါသည်။
ဈေးနှုန်းများနှင့် ပတ်သက်ပြီး ပြောရလျှင် ပျမ်းမျှ ကုန်ကျစရိတ်များနှင့် ကုန်စည် ထုတ်လုပ်သူတို့က တောင်းဆိုကြသည့် ရောင်းဈေး နှစ်ရပ်စလုံး တဟုန်ထိုးမြင့်တက်လာခဲ့သည်။ 
ကုမ္ပဏီများက ကုန်ကြမ်းပစ္စည်းများနှင့် ပို့ဆောင်ရေးကဲ့သို့သော စရိတ်စကများစွာတို့မှာ မြင့်တက်လာခဲ့ကြောင်းကို ထောက်ပြလျက် ရောင်းဈေးများကိုမြှင့်တင်ပေးခြင်းဖြင့် တစ်စိတ်တစ်ဒေသကို ဈေးဝယ်များအပေါ်သို့ လွှဲချခဲ့ရကြောင်းကို ဖေါ်ပြကြသည်။
ခြုံကြည့်လျှင် ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း အကျဘက်သို့ ဦးတည်မှုမှာ ဇွန်လတွင် အရှိန်ပိုရလာခဲ့ခြင်းက လုပ်ငန်းများ၏ ယုံကြည်မှုအပေါ် သက်ရောက်ခဲ့ပါသည်။ စစ်တမ်းထဲ ပါဝင်ခဲ့ကြသည့် လုပ်ငန်းများထဲက ၁% တို့ကသာလျှင် လာမည့် နှစ်ထဲတွင် ထုတ်လုပ်မှုတိုးလာမည်ဟု မျှော်မှန်းကြခြင်းမှာ မှတ်သားဖွယ် ကောင်းပါသည်။

 

သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global  Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-
"ဇွန်လအတွက် PMI ဒေတာက မြန်မာနိင်ငံ ထုတ်လုပ်ရေးကဏ္ဍတွင်း လုပ်ကိုင်မှု အခြေအနေများ ပိုပြီး အထင်အရှား ဆုတ်ယုတ်လာမှုကို ထောက်ပြနေပါတယ်။ ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး ပိုမြန်တဲ့ နှုန်းများဖြင့် ကျဆင်းလာခဲ့ပြီး ဝယ်ယူမှုများပါ ကျဆင်းသွားခဲ့ပါတယ်။
"အလုပ်နေရာ တိုးလာမှုပါ နှေးလာပြီး ရပ်တန့်လုနီး လက္ခဏများကို ပြနေပါတယ်။ ဝန်ထမ်း ဦးရေ ပမာဏများမှာ ဒသမဂဏန်းမျှ တိုးလာခဲ့ပြီး နှုန်းမှာ ခုနစ်လအတွင်း အနှေးဆုံးပါ။
"ဝယ်လိုအား အခြေအနေများ အားပျော့လာခဲ့ကာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများဟာ ထုတ်လုပ်ရေးကဏ္ဍ အပေါ်မှာ ဆက်ဖိစီးနေခဲ့ကြတယ်။ ထို့အပြင် စွမ်းအင် အကျပ်အတည်းနှင့် ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုများ ရှိမြဲရှိနေခြင်းက ထုတ်လုပ်ရေး ကုမ္ပဏီများ ရင်ဆိုင်နေကြရတဲ့ ပြဿနာများကို ပိုဆိုးဝါးလာစေနေပါတယ်။
"လာမည့် တစ်နှစ်ကာလအတွက် မျှော်မှန်းချက်များမှာ အားပျော့လာခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာ အားကောင်းနေလျက် နိုင်ငံရေးမှာ မရေမရာဖြစ်မြဲဖြစ်နေခြင်းက ကဏ္ဍရဲ့ အခြေအနေကို ပိုခက်ခဲလာစေပါတယ်။
အလားအလာများက မြန်မာနိင်ငံရှိ ထုတ်လုပ်ရေး ကဏ္ဍနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့အတွက် ဒီကဏ္ဍဟာ မကြာတော့တဲ့ အနာဂတ် တစ်ချိန်ချိန်မှာ တိုးတက်မှုဘက်ဆီ ဦးမော့လာမယ်လို့ ပြောဖို့ခဲယဉ်းပါတယ်”

#MyanmarIndustryGuide
 Telegram Channel
https://t.me/Guid4U

 

Industry Reviews Read 3929 times