အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း အော်ဒါအသစ်များ ပြန်ဦးမော့လာနေချိန်မှာ တိုးမြှင့်ထုတ်လုပ်မှု ပိုအားကောင


01 February, 2023

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း အော်ဒါအသစ်များ ပြန်ဦးမော့လာနေချိန်မှာ တိုးမြှင့်ထုတ်လုပ်မှု ပိုအားကောင်းလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ၂၀၂၃  ဖေဖော်ဝါရီလ ၂  ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အော်ဒါအသစ်များ ပြန်ဦးမော့လာနေချိန်မှာ တိုးမြှင့်ထုတ်လုပ်မှု ပိုအားကောင်းလာခြင်း


အဓိက တွေ့ရှိချက်များ- 

  • ထုတ်လုပ်မှု ကြီးထွားနှုန်း မြန်လာနေခြင်း
  • အော်ဒါအသစ်များ နှစ်လကြာ ကျဆင်းခဲ့ပြီးနောက် ပြန်ဦးမော့လာနေခြင်း 
  • ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများ အရှိန်မြင့်လျက် ရှိနေသေးခြင်း

(ဒေတာကို ဇန်နဝါရီ ၁၂-၂၅ ရက်နေ့များတွင် စုစည်းခဲ့သည်)

 

အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများက ၂၀၂၃ ခုနှစ် အစပိုင်းတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်း အစီရင်ခံကြသည်။ ထုတ်လုပ်မှု ပမာဏများ အသင့်အတင့် မြင့်တက်လာခြင်းနှင့် စက်ရုံတွင် အော်ဒါများ အသစ်တဖန် တိုးရလာမှုက ကဏ္ဍ၏ ဦးမော့မှုကို ပံ့ပိုးပေးခဲ့ပါသည်။ ထို့အပြင် ဝယ်လိုအား ကြီးလာမှုကို ဖြည့်ဆည်းပေးရန် ကုမ္ပဏီများက ၎င်းတို့၏ သွင်းကုန် ဝယ်ယူမှုများကို မြှင့်တင်လာခဲ့ကြရာ သုံးလအတွင်းမှာ အမြန်ဆုံးနှုန်း ဖြစ်လာသည်။

အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ တစ်ဝန်း၏ တိုးမြှင့်ထုတ်လုပ်မှုမှာ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင် တွားသွားရုံမျှအထိ နှေးလာခဲ့ရာမှ ဇန်နဝါရီလတွင် လုပ်ကိုင်မှု အခြေအနေများ၏ နှုန်းမှာ အရှိန်ရလာခဲ့သည်။ အဓိကအကျဆုံး PMI အညွန်းကိန်းသည် ဒီဇင်ဘာလ၏ ၅၀.၃ မှ သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာသည့် ၅၁.၀ သို့ တက်လှမ်းလိုက်သည်။ သို့သော်လည်း ထုတ်လုပ်မှု တိုးနှုန်းမှာ လွန်ခဲ့သည့်နှစ်၏ ပျမ်းမျှနှင့် နှိုင်းစာလျှင် အားပျော့လျက် ရှိနေပါသေးသည်။

 

စစ်တမ်းထဲတွင် စောင့်ကြည့်နေသည့် အာဆီယံ ခုနှစ်နိုင်ငံအနက် လေးနိုင်ငံက ၎င်းတို့၏ ထုတ်လုပ်ရေးကဏ္ဍသည် ဇန်နဝါရီလတွင် ကြီးထွားလာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ကြရာ ဒီဇင်ဘာလက သုံးနိုင်ငံထက် တိုးလာခြင်း ဖြစ်ပါသည်။ 

ထိုင်းထုတ်လုပ်သူတို့သည် ဖိလစ်ပိုင်ကို ကျော်ဖြတ်လျက် ဇန်နဝါရီလတွင် လုပ်ကိုင်မှ အခြေအနေများ တဟုန်ထိုး တိုးတက်လာမှုကို အစီရင်ခံခဲ့ကြပြီး ၁၇ လအတွင်းမှာ ပထမအကြိမ် ထိပ်ဆုံးအဆင့်သို့ တက်လှမ်းလိုက်ကြသည်။ ထို့အပြင် ထုတ်လုပ်မှ တိုးနှုန်း (၅၄.၅)သည် စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး (၂၀၂၂ ခုနှစ် စက်တင်ဘာ၏ နောက်မှာ) ဒုတိယ အမြန်ဆုံး ဖြစ်လာပါသည်။

ဖိလစ်ပိုင် ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းက ထုတ်လုပ်မှုသည် ဇန်နဝါရီလ၏ အဆင့်အလိုက် နေရာကို ဆုံးဖြတ်ရာတွင် ဒုတိယသို့ ဆင်းပေးလိုက်ရသည်။ သို့သော်လည်း အဓိကအကျဆုံး အညွှန်းကိန်းသည် ၅၃.၅ တွင် ရှိနေခဲ့ပြီး ခုနစ်လအတွင်း အမြင့်ဆုံး နေရာ ဖြစ်လာသည့်အပြင် ခြုံပြောရလျှင် လုပ်ကိုင်မှု အခြေအနေများ အခိုင်အမာ တိုးတက်လာခဲ့မှုကို အချက်ပြနေသည်။

စင်ကာပူနိုင်ငံ၏ ထုတ်လုပ်မှု အခြေအနေများသည် ဒီဇင်ဘာလတွင် ၁၆ လအတွင်း ပထမဆုံးအကြိမ် ဆုတ်ယုတ်လာခဲ့သည့် နောက်မှာ အဓိက အကျဆုံး PMI အညွန်းကိန်းသည် ဇန်နဝါရီလတွင် ကြီးထွားမှု နယ်ပယ်ထဲသို့ ပြန်ဝင်လာနိုင်ခဲ့သည်။ သို့သော်လည်း တိုးလာခဲ့သည့် နှုန်းမှာမူ အသင့်အတင့်မျှသာ (၅၁.၉) ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တွင် မြင်ခဲ့ရသည်ထက် သိသာစွာ အားပျော့နေပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ထုတ်လုပ်မှု အခြေအနေများသည် ဇန်နဝါရီလတွင် အသင့်အတင့် ပိုကောင်းလာခဲ့ပါသည်။ ထို့အပြင် ယခုလထဲတွင် ထုတ်လုပ်မှု တိုးနှုန်းသည် လွန်ခဲ့သည့် အောက်တိုဘာလမှစပြီး အမြန်ဆုံး (၅၁.၃) သို့ မြင့်တက်သွားသည်။

PMI အညွန်းကိန်းများ ၅၀.၀ အောက်မှာ ရှိနေကြသည့် နိုင်ငံများအနက် အားအပျော့ဆုံး အကျဘက် ဦးတည်မှုကို ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍ တစ်ဝန်းမှာ တွေ ့နိုင်ပါသည်။ ထို့အပြင် ၄၉,၆ တွင် ရှိနေသည့် အညွန်းကိန်းက ၂၀၂၂ ခုနှစ် မေလတွင် စတင်ခဲ့ပြီး ကိုးလကြာလာပြီ ဖြစ်သည့် လက်ရှိဖြစ်စဉ်ထဲတွင် အားအပျော့ဆုံး ကျဆင်းမှုကို အချက်ပြခြင်း ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သူတို့ကလည်း ဇန်နဝါရီလတွင် အခြေအနေများ ဆုတ်ယုတ်မှုမှာ ဒီဇင်ဘာလနှင့် စာလျှင် ပိုနှေးလာကြောင်း အစီရင်ခံကြသည်။ သို့သော်လည်း ကျဆင်းမှု နှုန်းမှာမူ (အညွှန်းကိန်း ၄၇.၄) ခြုံကြည့်လျှင် ခိုင်မာလျက် ရှိနေဆဲဖြစ်ပြီး လက်ရှိကျဆင်းမှုအစဉ်ကို သုံးလဆက်တိုက်သို့ ဆွဲဆန့်ပေးလိုက်သည်။

ထုတ်လုပ်မှု အခြေအနေများ ဇန်နဝါရီလထဲတွင် ပိုနက်ရှိုင်းစွာ ဆုတ်ယုတ်လာခဲ့သည့် တစ်ခုတည်းသော နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်သည်။ ထို့အပြင် ကျဆင်းမှု နှုန်းမှာ လေးလ ဆက်တိုက် အရှိန်ရလာခဲ့ပြီး ၄၆.၅ တွင် ရှိနေသော PMI အညွှန်းကိန်းမှာ ၁၇ လအတွင်း မှတ်တမ်း တင်ခဲ့သည့် အနိမ့်ဆုံး အညွန်းကိန်း ဖြစ်လာသည်။

ခြုံပြောရလျှင် အာဆီယံ ဒေသတစ်ဝန်းက ထုတ်လုပ်မှု အခြေအနေများသည် ဇန်နဝါရီလတွင် ၁၆ လမြောက် ဆက်တိုက် တိုးတက်လာခဲ့ပြီး နောက်ဆုံး မြင့်တက်လာမှုမှာ သုံးလအတွင်း အမြန်ဆုံး ဖြစ်လာပါသည်။ ထုတ်လုပ်မှ ဦးမော့လာမှုနှင့် အော်ဒါအသစ်များကို နှစ်လကြာ ကျဆင်းမှုနောက်မှာ အသစ်တဖန် တိုးရလာမှုက PMI ထိုးတက်လာရေးကို ပံ့ပိုးပေးခဲ့ပါသည်။

လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ ကြီးထွားလာမှုကို ဖြည့်တင်းပေးရန် ဝယ်ယူရေး လုပ်ငန်းများကိုပါ တိုးမြှင့်လုပ်ဆောင် လာခဲ့ရပေရာ အောက်တိုဘာလမှစပြီး အမြန်ဆုံး တိုးတက်မှုနှုန်း ဖြစ်လာသည်။ 

ထို့အပြင် အလုပ်နေရာ ပမာဏများသည်လည်း ဇန်နဝါရီလ အတွင်းမှာ တည်ငြိမ်လာခဲ့သည်။ လွန်ခဲ့သည့် စစ်တမ်း နှစ်လတွင် မှတ်တမ်းတင်ဖြစ်ခဲ့သည့် အားပျော့သည့် ကျဆင်းမှုများနှင့် ယှဉ်ကြည့်လျှင် ထိုအချက်မှာ သိသာသော တိုးတက်မှု ဖြစ်ပါသည်။

ဈေးနှုန်းများနှင့် ပတ်သက်လျှင် ထည့်သွင်းမှု ကုန်ကျစရိတ်၏ ငွေကြေးဖောင်းပွမှု နှုန်းမှာ နှစ်နှစ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သော ဒီဇင်ဘာလမှနေပြီး ဇန်နဝါရီလတွင် မြင့်တက်လာခဲ့သည်။ သို့သော်လည်း ငွေကြေးဖောင်းပွမှု နှုန်းမှာမူ ကူးစက်မြန်ရောဂါ နောက်ပိုင်းကာလ၏ ပျမ်းမျှထက် အားပျော့နေပါသည်။ 
ယင်းတစ်ချိန်တည်းမှာ ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှု နှုန်းသည် သုံးလမြောက် ဆက်တိုက် အသင့်အတင့်တွင် ရှိနေပြီး တစ်နှစ်အတွင်း အားအပျော့ဆုံး ရောင်းဈေး မြင့်တက်လာမှုကို အချက်ပြလိုက်သည်။

ပစ္စည်းပေးသွင်းရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်ရှိနေခဲ့ချိန်မှာ ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များ ပိုကြာလာမှုမှာ လက်ရှိ ဆုတ်ယုတ်မှု အစဉ် စတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလမှစပြီး အနှေးဆုံး ဖြစ်လာပြီး ပေးသွင်းရေး ကွင်းဆက်များ၏ ဖိအားပေးမှုများ အားပျော့လာနေခြင်းကို အချက်ပြနေသည်။

အာဆီယံ ထုတ်လုပ်မှု ကဏ္ဍ၏ အခြေအနေ တိုးတက်လာခြင်းက နှစ်သစ် စတင်ချိန်မှာ လာမည့် ၁၂-လ အတွက် ထုတ်လုပ်မှု မျှော်မှန်းချက်ဆိုင်ရာ ယုံကြည်စိတ်ကို မြှင့်တင်ပေးခဲ့ပါသည်။ သို့သော်လည်း ခြုံကြည့်လျှင် အကောင်းမြင်မှ အဆင့်သည် သမိုင်းစဉ် ပျမ်းမျှထက် နိမ့်ကျနေသည်မှာ သုံးလဆက်တိုက် ဖြစ်လာပါသည်။

အာဆီယံ ကုန်ထုတ်လုပ်မှ PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

"နောက်ဆုံးရရှိတဲ့ PMI ဒေတာက အာဆီယံ ထုတ်လုပ်မှု ကဏ္ဍတစ်ဝန်းက အခြေအနေများဟာ ဇန်နဝါရီလတွင် ရှေ့ ဆက် တိုးတက်လာတာကို ထောက်ပြနေပါတယ်။ ထုတ်လုပ်မှုဟာ နှစ်လဆက်တိုက် ကျဆင်းမှုရဲ့ နောက်ပိုင်းမှာ မြန်ဆန်စွာ အရှိန်ရလာခဲ့ပါတယ်။ ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းက အရှိန်အဟုန်ဟာ အသင့်အတင့်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ပျမ်းမျှထက် နှေးခဲ့တာက အဓိကအားဖြင့် ဝယ်လိုအား ပျော့လာခဲ့လို့ပါ။

“ဘယ်လိုပဲဖြစ်ဖြစ် ပစ္စည်းပေးသွင်းရေးဆိုင်ရာ ဖိအားပေးမှုများ အားပျော့လာနေပြီး ငွေကြေးဖောင်းပွမှု နှုန်းများဟာ ကူးစက်မြန် ရောဂါရဲ့ နောက်ပိုင်းကာလ ပျမ်းမျှထက် နည်းနေခြင်းက လာမည့် အနာဂတ် လများအတွင်းမှာ လုပ်ငန်း အခြေအနေများ ရှေ့ဆက် ပိုကောင်းလာရေးကို ပံ့ပိုးပေးနိုင်မှာပါ။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုဟာ ခြုံကြည့်လျှင် မြင့်မားလျက် ရှိနေသေးလို့ ဒေသတွင်းမှာ အတိုးနှုန်းများ ရှေ့ဆက် မြှင့်တင်သွားနိုင်ကြောင်း ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဝယ်လိုအား အခြေအနေများ ဆက်နာလန်ထူလာလျက် ၂၀၂၃ ရဲ့ ကျန်ရှိနေသေးတဲ့ ကာလများတွင် တိုးထုတ်လုပ်ရေး အရှိန်ကို ပံ့ပိုးပေးနိုင်ဖို့ သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။”
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 301 times