အာဆီယံ ထုတ်လုပ်မှုကဏ္ဍ ၂၀၂၄ နှစ်စပိုင်းတွင် ပြန်လည်နိုးကြွလာသော တိုးတက်မှုကို တွေ့မြင်ရ


01 February, 2024

အာဆီယံ ထုတ်လုပ်မှုကဏ္ဍ ၂၀၂၄ နှစ်စပိုင်းတွင် ပြန်လည်နိုးကြွလာသော တိုးတက်မှုကို တွေ့မြင်ရ

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

၂၀၂၄  ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

 


 

အာဆီယံ ထုတ်လုပ်မှုကဏ္ဍသည် ၂၀၂၄ နှစ်စပိုင်းတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၌ ပြန်လည်နိုးကြွလာသော တိုးတက်မှုကို တွေ့မြင်ရခြင်း

 

 

အဓိကတွေ့ ရှိချက်များ

 

• အာဆီယံ ထုတ်လုပ်မှု PMI သည် ၅၀.၃ သို့တက်လာပြီး ငါးလအတွင်း ပထမဆုံးအဖြစ် အလယ်မှတ်ဖြစ်သော ၅၀,ဝ အထက် ရောက်လာခြင်း

 

• ထုတ်လုပ်ရေးတိုးတက်မှု အရှိန်ရလာခြင်း

 

• ဈေးနှုန်းဖိအားများသည် ဆယ်လအတွင်း အမြင့်ဆုံးသို့ ရောက်လာခြင်း

 

(ဒေတာကို ဇန်နဝါရီလ ၁၁-၂၅ ရက်တွင် စုစည်းခဲ့သည်)

 

နောက်ဆုံးရ PMI ဒေတာအရ နှစ်စပိုင်းတွင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတဝန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၌ ပြန်လည်နိုးကြွလာသော တိုးတက်မှုကို မြင်ခဲ့ရသည်။ 

ထုတ်လုပ်မှု ထပ်မံတိုးလာပြီး လွန်ခဲ့သော ဩဂုတ်လနောက်ပိုင်းတွင် အသိသာဆုံးနှုန်းဖြင့် ဖြစ်သည်။ 

ကဏ္ဍစုံ အမှာစာအသစ်များ လျော့နည်းသည့် အလျောက် အလုပ်ကြွေးကျန်များကို ထပ်မံလျှော့ချနိုင်မှုက ထုတ်လုပ်မှုကို ပိုမိုမြင့်မားစေခဲ့သည်။ 

မည်သို့ပင်ဖြစ်စေ ရောင်းချမှုများ၌ နောက်ဆုံးကျဆင်းမှုသည် လက်ရှိ ငါးလဆက်တိုက် ကျဆင်းမှုတွင် အနည်းပါးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

ဈေးနှုန်းပိုင်းတွင် ငွေကြေးဖောင်းပွမှု ဖိအားများမှာ ပြင်းထန်ခဲ့ပြီး ဝယ်ယူသည့် ဈေးနှုန်းများရော ထုတ်လုပ်မှု အဖိုးအခများပါ ဆယ်လအတွင်း အားအကောင်းဆုံး နှုန်းများဖြင့် မြင့်တက်ခဲ့သည်။

 

ငါးလအတွင်း ပထမဆုံးအဖြစ် အလယ်မှတ်ဖြစ်သော ၅၀.၀ စံနှုန်း၏ အထက်သို့ ရောက်ရှိကာ ခေါင်းစီး S&P Global အာဆီယံ ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMP) သည် ဒီဇင်ဘာလတွင် ၄၉.၇ ရှိရာမှ ဇန်နဝါရီလတွင် ၅၀.၃ သို့ တက်လာခဲ့သည်။ သို့ရာတွင် နောက်ဆုံးရမှတ်အရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ အနည်းငယ်မျှသာ တိုးတက်မှုရှိကြောင်း ပြသခဲ့သည်။

 

ထုတ်လုပ်မှု တိုးတက်ခဲ့သည်မှာ ဇန်နဝါရီလအထိဆိုလျှင် နှစ်ဆယ့်ရှစ်လ ဆက်တိုက်ရှိခဲ့ပြီး လွန်ခဲ့သော ဩဂုတ်လနောက်ပိုင်းတွင် အလျင်မြန်ဆုံးနှုန်း ဖြစ်ခဲ့သည်။ အမှာစာအသစ်များ ထပ်မံလျော့ကျခဲ့သည့်အလျောက် လုပ်ငန်းများသည် အလုပ်ကြွေးများကို ခုနစ်လဆက်တိုက် လျှော့ချနိုင်ခဲ့ပြီး မြင့်တက်မှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။

 

ပို့ကုန်ဈေးကွက်တဝှမ်းတွင် ဝယ်လိုအားနည်းမှုမှာ အထူးမှတ်သားဖွယ်ရာ ဖြစ်ခဲ့ပြီး ယင်းက ကဏ္ဍစုံတွင် အမှာစာအသစ်များ လျော့ကျမှုကို ငါးလဆက်တိုက် ဖြစ်ပေါ်စေခဲ့သည်။ 

မည်သို့ပင်ဖြစ်စေ လျော့ကျမှုနှုန်းသည် ဤကာလအတွင်း မြင်တွေ့ခဲ့ရသမျှတွင် အားအပျော့ဆုံးဖြစ်ပြီး အနည်းအကျဉ်းမျှသာ ဖြစ်သည်။

 

အလုပ်ခန့်အပ်မှုပိုင်းတွင် သုံးလအတွင်း ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းအရေအတွက် မပြောင်းလဲဘဲ ရှိနေခဲ့ပြီး ယင်းက ဝန်ထမ်းအသစ်များ ခေါ်ယူရန် လုပ်ငန်းများ တုံ့ဆိုင်းနေမှုကို ပြသနေခဲ့သည်။

 

မျှော်တွေးကြည့်လျှင် ထုတ်လုပ်မှုအပေါ် ၁၂ လတာ ရှုမြင်သုံးသပ်မှုကို ဆန်းစစ်ရာတွင် အာဆီယံ ထုတ်လုပ်သူများက အားကောင်းသော အကောင်းမြင်စိတ်ကို ဆက်လက်ပြသခဲ့ကြသည်။ ခြုံငုံ၍ အပြုသဘောဆောင်သော သဘောထားအဆင့်မှာဒီဇင်ဘာလတွင် မြင့်တက်ခဲ့သည့်တိုင်သမိုင်းစဉ်အရ ပျမ်းမျှအောက်တွင် ဆက်ရှိနေခဲ့သည်။

 

 

နိုင်ငံလိုက်အဆင့်တွင် တိုးတက်မှုရှိကြောင်း အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံအနက် လေးနိုင်ငံတွင် မှတ်တမ်းဝင်ခဲ့ပြီး မြင့်တက်မှုကို အင်ဒိုနီးရှားနိုင်ငံက သိသိသာသာ ဦးဆောင်နေခဲ့သည်။ 

 

လတ်တလောတွင် အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်သော ယိုယွင်းမှု အခြေအနေများကို မြန်မာနိုင်ငံ၌ တွေ့ခဲ့ရသည်။

 

သုံးသပ်ချက်

 

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

 

“တိုးတက်မှုက အနည်းငယ်မျှသာ ဖြစ်ပေမယ့်လည်း နှစ်သစ်စတင်မှုက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေတွေမှာ ပြန်လည်နိုးကြွလာတဲ့ တိုးတက်မှုကို ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇန်နဝါရီလမှာ ဖောက်သည်တွေရဲ့ ဝယ်လိုအား ဆက်လက်နည်းပါးနေခဲ့ပြီး အမှာစာအသစ် ရရှိမှုတွေ ထပ်မံလျော့နည်းသွားတာကြောင့် ထုတ်လုပ်မှု ပိုမိုတိုးတက် အားကောင်းလာခြင်းက မြင့်တက်မှုကို အဓိကဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဝန်ထမ်းအရေအတွက် မပြောင်းလဲဘဲ ရှိနေခြင်းက ကဏ္ဍရဲ့စွမ်းဆောင်ရည် ငြိမ်သက်နေတယ်လို့ ဆိုလိုခြင်း ဖြစ်ခဲ့ပါတယ်။ လတ်တလောမှာ ဝယ်ယူမှု ကုန်ကျစရိတ်ရော ရောင်းဈေးဖောင်းပွမှုကပါ ဆယ်လအတွင်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဈေးနှုန်းဖိအားတွေက ပြင်းထန်နေခဲ့ပါတယ်။

 

"ရှေ့ဆက်ပြီး ထုတ်လုပ်သူတွေဟာ ထုတ်လုပ်ရေး တိုးတက်မှုနဲ့ ဝယ်လိုအား လိုအပ်ချက်တွေကို ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ အမှာစာအသစ်တွေ ဆက်ပြီးကျဆင်းနေမယ်ဆိုရင် PMI က ၅၀.၀ မှတ်အောက် ပြန်ရောက်သွားတာကို မြင်ရနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း များစွာနဲ့ အခြေခံအားဖြင့် နှေးကွေးနေတဲ့ နိုင်ငံရပ်ခြား ဈေးကွက်တွေက ဝယ်လိုအားက အနာဂတ်မှာ ကဏ္ဍအပေါ် ဆက်လက်ဖိစီးနေနိုင်ပါတယ်။”


TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

Industry Reviews Read 230 times