ဖေဖော်ဝါရီလမှာ အော်ဒါအသစ်များ ကျဆင်းလာခဲ့သည့်တိုင်အောင် အာဆီယံ ကုန်ထုတ်လုပ်မှု အခိုင်အမာ ကြီးထွားလာခ


01 March, 2024

ဖေဖော်ဝါရီလမှာ အော်ဒါအသစ်များ ကျဆင်းလာခဲ့သည့်တိုင်အောင် အာဆီယံ ကုန်ထုတ်လုပ်မှု အခိုင်အမာ ကြီးထွားလာခဲ့

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

၂၀၂၄  မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

 


အော်ဒါအသစ်များ ကျဆင်းလာခဲ့သည့်တိုင်အောင် အာဆီယံ စက်မှု ထုတ်လုပ်မှု အခိုင်အမာ ကြီးထွားလာခြင်း

အဓိကတွေ့ ရှိချက်များ

 

• အာဆီယံ ထုတ်လုပ်မှု PMI သည် ၅၀.၄ သို့ တက်လှမ်းလိုက်ခြင်း

 

 • စက်ရုံအော်ဒါများ ရှေ့ဆက်ကျဆင်းလာခဲ့သည့်တိုင်အောင် ထုတ်လုပ်မှု အသင့်အတင့် တိုးလာခြင်း

 

• အလုပ်နေရာများ အသစ်တဖန် မြင့်တက်လာခြင်း

 

(ဒေတာကို ဖေဖေါ်ဝါရီ ၀၂-၂၃ ရက်တွင် စုစည်းခဲ့သည်)

S&P Global ၏ နောက်ဆုံး PMI® ဒေတာအရ အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် ဖေဖေါ်ဝါရီလ အတွင်းမှာ ဆက်လက်ပြီး မသိမသာ တိုးတက်လာခဲ့သည်။ 

ခိုင်မာသည့် တိုးတက်မှုကို ပံ့ပိုးပေးခဲ့သည်မှာ အလုပ်နေရာများ အသစ်တဖန် အခိုင်အမာ တိုးလာခဲ့ခြင်းနှင့် မပြီးပြတ်သေးသည့် လက်ကျန် အလုပ်များ ရှေ့ဆက် ကျဆင်းလာခဲ့ခြင်းတို့ ဖြစ်ပါသည်။ သို့သော်လည်း အော်ဒါအသစ်များမှာမူ အနုတ်လက္ခဏာ နယ်ပယ်ထဲတွင် ရောက်ရှိနေသည်မှာ ခြောက်လ ဆက်တိုက် ဖြစ်လာသည်။ 

အဓိကအကျဆုံး S&P Global အာဆီယံ ထုတ်လုပ်မှု ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) သည် ဇန်နဝါရီလတွင် ၅၀.၃ ရှိခဲ့ရာမှ ဖေဖေါ်ဝါရီလမှာ ၅၀.၄ သို့ တက်လှမ်းလိုက်ခြင်းဖြင့် လုပ်ကိုင်မှု အခြေအနေများ နှစ်လဆက်တိုက် လစဉ် တိုးတက်လာမှုကို ပြသနေသည်။ မည်သို့ပင်ဖြစ်စေကာမူ တိုးတက်မှု အရှိန်မှာမူ ဒသမဂဏန်းမျှသာဖြစ်သည်။

 

အော်ဒါ လက်ကျန်များကို ယူပြီး လုပ်ကိုင်ခဲ့ခြင်းနှင့် ဝန်ထမ်း ဦးရေ တိုးလာမှုက အာဆီယံ ထုတ်လုပ်မှုကို နှစ်ဆယ့်ကိုးလမြောက် တိုးမြှင့်ရန် ပံ့ပိုးပေးခဲ့သည်။ ဇန်နဝါရီလထက် အားပျော့လာခဲ့ပြီး အသင့်အတင့်မျှသာ ရှိခဲ့သော တိုးမြှင့်ထုတ်လုပ်မှု နှုန်းသည် စစ်တမ်း ပျမ်းမျှထက် မြန်ဆန်ခဲ့ပါသည်။

 

ဇန်နဝါရီလတွင် တန့်နေသည့် နောက်မှာ အလုပ်နေရာများသည် ဖေဖေါ်ဝါရီလတွင် သုံးလအတွင်းမှာ ဒုတိယအကြိမ် မြင့်တက်လာခဲ့သည်။ မသိမသာမျှသာ ဖြစ်သော်လည်း အလုပ်သစ် ဖန်တီးမှုနှုန်းမှာ ၂၀၂၂ စက်တင်ဘာမှစပြီး အမြန်ဆုံး ဖြစ်လာသည်။

 

ယင်းအတောအတွင်းမှာ ရာသီအလိုက် ချိန်ဆပေးထားသည့် အော်ဒါအသစ်များဆိုင်ရာ အညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် ကြားနေ အမှတ် ၅၀.၀ ၏ အောက်မှာ ရှိနေသေးရာ ဝယ်လိုအား မသိမသာ ကျလာမှုကို အချက်ပြနေသည်။ စက်ရုံ အော်ဒါများ လျော့နည်းလာခဲ့သည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ထိုင်းနိုင်ငံ တစ်ဝန်းမှာ အလုပ်သစ်များ ရရှိမှု လျင်မြန်စွာ ကျဆင်းလာမှုအပြင် စောင့်ကြည့်လေ့လာနေသည့် အာဆီယံ ခုနစ်နိုင်ငံအနက် အလုပ်အကိုင် ရရှိကြသည့် အခြေအနေများ အဆိုးဝါးဆုံး ဆုတ်ယုတ်မှုကို မှတ်တမ်းတင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

အာဆီယံ ကုန်စည်များအတွက် ပြည်ပမှ ဝယ်လိုအားပါ ဖေဖေါ်ဝါရီလတွင် အားပျော့လာခဲ့ရာ လက်ရှိ ကျဆင်းမှုအစဉ်ကို ၂၁ လသို့ ဆွဲဆန့်ပေးလိုက်သည်။ သို့သော်လည်း ပြည်တင်ပို့မှု အော်ဒါများ နောက်ဆုံး ကျဆင်းမှုသည် လွန်ခဲ့သည့် ဧပြီလမှစပြီး အားအပျော့ဆုံး ဖြစ်လာသည်။

 

ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ သမိုင်းစဉ်အရ အားကောင်းခဲ့ပြီး ထည့်ကုန် တန်ဖိုးများသည် တစ်နှစ် အတွင်းမှာ တဟုန်ထိုး တက်လာခဲ့သည်။ ဤအတောအတွင်း ရောင်းဈေး၏ ငွေကြေးဖောင်းပွမှုနှုန်းမှာမူ ဇန်နဝါရီလနှင့်စာလျှင် အနည်းငယ် ပြောင်းလဲခဲ့ပြီး ခြုံပြောရလျှင် ခိုင်မာခဲ့သည်။

 

နောက်ဆုံးအနေနှင့် တင်ပြလိုသည်မှာ  အာဆီယံ ထုတ်လုပ်သူတို့သည် လာမည့် ၁၂ လ အတွင်းမှာ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကောင်းမြင်ကြသည်။ သို့သော်လည်း ခြုံကြည့်လျှင် ယုံကြည်စိတ်‌ေအးခြင်းသည် လေးလတာတွင် အနိမ့်ဆုံးသို့ နိမ့်ဆင်းသွားခဲ့ပြီး စစ်တမ်း၏ ရေရှည် ပျမ်းမျှ အောက်မှာ ရှိနေသည်။

 

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ  Maryam Baluch က ပြောကြားသည်မှာ 

 

"အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍဟာ ဖေဖေါ်ဝါရီလမှာ လုပ်ငန်း အခြေအနေများ ရှေ့ဆက် တိုးတက်လာကြောင်းကို မှတ်တမ်းတင်ခဲ့ကြပေမဲ့ ဒသမဂဏန်းမျှ တိုးတက်မှုပါ။ ယခင်လများမှ အော်ဒါများ စုစည်းလာမှုနှင့် ဝန်ထမ်းဦးရေ အားကောင်းလာခြင်းက ထုတ်လုပ်မှု အခိုင်အမာ တိုးလာရေးကို ပံ့ပိုးပေးခဲ့တယ်။ ဒါပေမဲ့ ထိုင်း၊ မြန်မာနှင့် မလေးရှား နိုင်ငံများမှာ ဈေးဝယ်များဘက်မှ ဝယ်လိုအား နိမ့်ကျလာခဲ့လို့ ထုတ်လုပ်သူတို့ဟာ အော်ဒါအသစ်များ တိုးရလာခြင်း မရှိခဲ့ပါ။

 

“ဝယ်လိုအားရဲ့ အားပျော့မှုမှာ ဘောင် အကန့်အသတ် ရှိတဲ့အတွက် လာမည့် လများအတွင်းမှာ ဒေသထဲက အခြေအနေ တစ်ရပ်လုံး ရှေ့ဆက် တိုးတက်လာမှာကို မျှော်လင့်ရနိုင်ပါတယ်။ ဒါပေမဲ့ စစ်တမ်းရဲ့ နောက်ဆုံး နှစ်လအတွင်းမှာ မြင်ခဲ့ရသလို လက်ရှိ တိုးထုတ်လုပ်ရေး အရှိန်အဟုန်မှာ အားနည်းလျက် ရှိနေသေးတာမို့ ကဏ္ဍရဲ့ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့် ဝယ်လိုအား အခြေအနေများကို အထူးဂရုစိုက် စောင့်ကြည့်နေရန် လိုအပ်ပါတယ်။"


TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

Industry Reviews Read 178 times