အရှေ့တောင်အာရှမှ ကားထုတ်လုပ်တဲ့ သုံးနိုင်ငံ မောင်းနှင်တဲ့လမ်းကြောင်းများ


31 July, 2021

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ထိုင်းနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ မော်တော်ယာဉ် ထုတ်လုပ်မှု ဗဟိုချက်ဟာ ထိုင်းနိုင်ငံလို့ ပြောနိုင်ခဲ့တယ်။ ဘယ်သူမှ အငြင်းပွားစရာ အကြောင်းမရှိဘူး။
COVID-19 က ကာလတိုတစ်ခုအတွင်း ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပွားစေခဲ့တယ်။
COVID-19 မစခင်မှာကတည်းက အင်ဒိုနီးရှားက ထိုင်းနိုင်ငံကို ပခုံးချင်းယှဉ်နိုင်ဖို့အတွက် မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးရေးကို စတင်ဆောင်ရွက်ခဲ့တယ်။ 
အခုနောက်ပိုင်းမှာ အရှေ့တောင်အာရှ မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍမှာ ထိုင်းနိုင်ငံက ဆက်လက်ကြီးစိုးထားနိုင်မှာလားဆိုတဲ့ မေးခွန်း ပေါ်ထွက်လာခဲ့တယ်။ 

အရှေ့တောင်အာရှမှာ မော်တော်ယာဉ်ဈေးကွက် ပေါ်ထွက်လာတဲ့အခါ ဒေသတွင်းမှာ ကားတွေ အမြောက်အမြား ထုတ်လုပ်ရေးကို ပန်းတိုင်အဖြစ် ဆောင်ရွက်ခဲ့ကြတာ ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့တယ်။ 

 ကားတစ်စီး တည်ဆောက်ထုတ်လုပ်ရတာ အင်မတန် ရှုပ်ထွေးခက်ခဲပြီး ယာဉ်ပစ္စည်း ပေးသွင်းတဲ့ လုပ်ငန်းတွေနဲ့ အချိတ်အဆက်မိမိ လုပ်ကိုင်ဖို့လည်း လိုအပ်တယ်။ ကားထုတ်လုပ်တဲ့ကဏ္ဍက အလုပ်အကိုင် ထောင်ချီပြီး ဖန်တီးပေးထားနိုင်တဲ့အပြင် ရေရှည်တည်တံ့တဲ့အတွက် အရေးပါတယ်။ ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံပြီး ခြေလှမ်းကြီးကြီး လှမ်းနိုင်ဖို့လည်း လိုအပ်တယ်။ ရေရှည်ကြီးထွားဖို့အတွက် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေထံမှ တတ်ကျွမ်းနားလည်မှုများနဲ့ နည်းပညာများကို လွှဲပြောင်းရယူထားနိုင်ဖို့လည်း လိုအပ်တယ်။ 
ပြည်တွင်းဈေးကွက်တစ်ခုတည်းဖြင့် ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ပြည်ပတင်ပို့နိုင်ဖို့ လည်းလိုအပ်တယ်။ အာရှမှ ဂျပန်နဲ့ တောင်ကိုရီးယားတို့က စက်မှုဖွံ့ဖြိုးခဲ့ပြီး ကမ္ဘာ့ဈေးကွက်များထံသို့ ကားများ တင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံများအဖြစ် ဦးဆောင်နေတယ်။ သူတို့ကို အားကျပြီး အတူယူ လုပ်ကိုင်မယ်ဆိုရင် ဖားတုလို့ ခရုခုန် အိုင်ပျက်တာပဲ အဖတ်တင်မယ်။ 

ကားတွေ အမြောက်အမြား ထုတ်လုပ်နိုင်တဲ့အပြင် ပြည်ပဈေးကွက်တွေကိုပါ တင်ပို့နေတဲ့ နိုင်ငံ ဖြစ်လာဖို့အတွက် အရှေ့တောင် အာရှနိုင်ငံအချို့က ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာမှာ မလေးရှားလည်း အပါအဝင် ဖြစ်ပါတယ်။ 
မလေးရှားက ပြည်တွင်းထုတ်ကားကုမ္ပဏီဖြင့် လုပ်ကိုင်ခဲ့တာမှာ လုပ်ငန်းကို အကာအကွယ်ပေးထားရန် ကုန်သွယ်ရေး အတားအဆီးများ ပြဋ္ဌာန်းပေးထားတယ်။  ပြည်ပမှ ကားတင်သွင်းပါက ဈေးကြီးနေအောင် လုပ်ထားတယ်။ ပြည်တွင်းမှာ ကားကို ဒီဇိုင်းထုတ်ပြီး မော်တော်ယာဉ် ထုတ်လုပ်မှုကို Proton အမည်ဖြင့် အိမ်စီးကားများ ထုတ်လုပ်ခြင်းဖြင့် စတင်ခဲ့တယ်။  ပြည်ပမှ တင်သွင်းသော ကားကို ဝယ်ပါက ဈေးမတန်တဆ ဖြစ်နေသဖြင့် ပြည်တွင်းထုတ် ပရိုတွန် ကားများကိုသာ ဝယ်စီးကြရတယ်။ ပြည်ပဈေးကွက်တွင် အလွန်လူသိနည်းပါတယ်။ ပြည်ပဈေးကွက်ကို မရောက်နိုင်တာကြောင့် ပြည်တွင်းဈေးကွက်ထဲမှာ ကားဝယ်လိုအား ပြည့်ဝသွားတဲ့အခါ စီးရေတိုးပြီး ထုတ်ဖို့အတွက် လိုအပ်တဲ့ ရောင်းအား မရရှိနိုင်ဘူး။ ကုမ္ပဏီ မကြီးထွားနိုင်တဲ့အပြင် ပြန်ကျုံ့နေရတာမို့ မအောင်မြင်တဲ့ကားလုပ်ငန်းအဖြစ်သို့ ရောက်ရှိသွားတယ်။ ပြည်ပထုတ် ကားတွေကိုလည်း အရည်အသွေးသာမက ဈေးနှုန်းအရလည်း မယှဉ်နိုင်တဲ့ ပရိုတွန်ကားတွေ ဖြစ်ပါတယ်။  


ထိုင်းနိုင်ငံသွားတဲ့ လမ်းကြောင်းက မလေးရှားနဲ့ တခြားစီ ဖြစ်ပါတယ်။ ထိုင်းက နိုင်ငံဂုဏ်ဆောင် ပြည်တွင်းထုတ်ကား ဆိုတဲ့ ရူးသွပ်မှုကို မလုပ်ဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး ကားလုပ်ငန်းကဏ္ဍကို လုပ်ကိုင်စေတယ်။ ကားထုတ်လုပ်ဖို့အတွက် တင်သွင်းတဲ့ ယာဉ်အစိတ်အပိုင်း သွင်းကုန်တွေကိုလည်း တံခါးဖွင့်ပေးထားတယ်။ ပြည်တွင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုပြုပြီး ထုတ်လုပ်စေတယ်။ ၁၉၉၅ ခုနှစ်မှာ ထိုင်းနိုင်ငံပြည်တွင်းဈေးကွက်အတွက် စီးရေ ၆၀၀,၀၀ ဝန်းကျင် ထုတ်လုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံက တစ်နှစ်လျှင် ကားစီးရေ ၁.၉ သန်း ထုတ်လုပ်တဲ့အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စီးရေ ရှစ်သိန်းဝန်းကျင်ကို ပြည်တွင်းမှာ ရောင်းချတယ်။ ကျန်တဲ့ကားတွေကို ပြည်ပသို့ တင်ပို့တယ်။ 

အင်ဒိုနီးရှားက မလေးရှားနဲ့ ထိုင်းတို့ရဲ့ ကြားမှာ ရှိနေတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ၁၉၇၀ မှ ၁၉၈၀ ခုနှစ်အထိ အမျိုးသားအကျိုးစီးပွား ကာကွယ်ပေးထားရေးကို လုပ်ဆောင်တယ်။ ပြည်တွင်းထုတ် ယာဉ်အစိတ်အပိုင်း မဖြစ်မနေ ပါဝင်ရမယ့် ရာခိုင်နှုန်း ပြဋ္ဌာန်းပေးထားတယ်။ ပြည်တွင်း ကားထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးကို ကြိုးပမ်းတယ်။ ဈေးကွက် ပြုပြင်ပြောင်းလဲမှုကို ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ စတင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သမ္မတ ဆူဟာတိုရဲ့ သားဖြစ်သူက ပြည်တွင်းကုမ္ပဏီ Timor Putra Nasiona ထူထောင်ပြီး နိုင်ငံဂုဏ်ဆောင် ပြည်တွင်းထုတ်ကား ထတ်လုပ်ဖို့ ကြိုးပမ်းတယ်။ ၁၉၉၇ ခုနှစ် ငွေကြေးပြိုလဲတဲ့ အကျပ်အတည်းမှာ ကားကုမ္ပဏီ ပျက်သွားတယ်။ ပြည်ပကားလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ပြီး ကားတွေ ထုတ်လုပ်ကြတယ်။ ပြည်တွင်းဈေးကွက် ဝယ်လိုအားဖြင့် အားယူကြတယ်။ ၂၀၀၉ ခုနှစ်မှာ စီးရေ ၄၈၆,၀၀ ထုတ်လုပ်ခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ စီရေး ၁.၂ သန်း ထုတ်လုပ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်လိုအား အားကောင်းတဲ့အပြင် ပြည်ပဈေးကွက်သို့ပါ ကားထုတ်လုပ်တဲ့ ပြည်ပလုပ်ငန်းတွေက တင်ပို့ခဲ့ကြတာ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြည်ပတင်ပို့ရန် ကားစီးရေ ၃၃၂,၀၀ ထုတ်လုပ်ပြီး တင်ပို့ခဲ့တယ်။
၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်မှု စီးရေ ၁.၃ သန်းသို့ ရောက်ရှိလာခဲ့ပေမဲ့ ထိုင်းကိုတော့ မမီသေးဘူး။ 
 

Tips Read 1974 times