စီးပွားရေး ချောက်ကျခါနီးလာလို့ အရှေ့တောင်အာရှ ပြန်ဖွင့်


15 September, 2021

ကမ္ဘာ့အဆိုးဝါးဆုံး Covid-19 ကူးစက်မှုများအကြား အရှေ့တောင်အာရှ နိုင်ငံတွေ ရုန်းကန်နေကြရင်း ကိုဗစ်ကို တွန်းလှန်ဖို့အတွက်  ပြဌာန်းပေးထားတဲ့ ကန့်သတ်တားမြစ်ချက်တွေကြောင့် စီးပွားရေးထော့ကျိုးဖြစ်နေတာကို ဆက်တောင့်ခံဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ တဖြည်းဖြည်း သဘောပေါက်လာကြတယ်။
ဗီယက်နမ်နဲ့ မလေးရှားတို့မှာ တည်ရှိတဲ့ စက်ရုံကြမ်းပြင်တွေပေါ်မှာ၊ ဖိလစ်ပိုင်မှ ဆိုင်တွေမှာ၊ စင်ကာပူမှ ရုံးတွေမှာ   အာဏာပိုင်တွေက ပြန်ဖွင့်ဖို့ အစီအစဉ်တွေ ရှေ့ကို ထုတ်ပြလာကြတယ်။ ဗိုင်းရပ်စ် ထိန်းချုပ်ရေးကို လူအများ ဝင်ငွေရရှိနေရေးနဲ့ ချိန်ဆ ကြည့်ကြတယ်။ စမ်းသပ်မှုတွေလည်း စမ်းကြည့်ကြတယ်။ လုပ်သားတွေ သီးခြား သီးသန့်ခွဲပြီးထားတယ်။ ကွက်ကြား နေရာသေးသေးအလိုက် လော့ဒေါင်းချတယ်။ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေမှာ  ဆေးအပြည့်ထိုးပြီးသူများ လာရောက် ဈေးဝယ်ခွင့်  ခွင့်ပြုတယ်။ ရုံးတက်ခွင့် ပေးတယ်။

ဆေးထိုးထားပြီးလည်း ကူးစက်မှု ရှိနေဆဲ
ဥရောပနဲ့ အမေရိကန်တို့မှာ ဖွင့်ချထားပြီးပြီ။ 
 အရှေ့တောင်အာရှမှာတော့ အခုမှ ပြန်ဖွင့်တဲ့ဆီကို ရောက်မယ့် လမ်းကြောင်းပေါ် ရွှေ့နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဆေးထိုးပြီးသူဦးရေ နည်းပါးနေခြင်းကြောင့် delta မျိုးကွဲ ကူးစက်မှုမှ ရောဂါပြင်းထန်တဲ့ အဖြစ်ကို ရင်ဆိုင်ကြရတယ်။ ဒါပေမဲ့ စီးပွားရေး လူမှုရေးတို့မှာ ခံနိုင်ရည် နည်းပါးနေပြီဖြစ်လို့ လော့ဒေါင်းတွေ ရုပ်သိမ်းဖို့ နည်းလမ်းတွေ ကြံဆသုံးစွဲ လာကြတယ်။ အသက်နဲ့ အသက်မွေးခြင်းတို့အကြား ချိန်ဆပြီး ဖွင့်ပေးရတာဖြစ်လို့  သိမ်မွေ့ခက်ခဲတယ်။
ဖွင့်လိုက်ပြန်ပိတ်လိုက် ပြန်ဖွင့်လိုက် ဖြစ်နေကြရင်း ဖွင့်ထားမယ့်ဘက်ကို ပိုရောက်လာကြတယ်။ 
အရှေ့တောင်အာရှမှာ စက်ရုံတွေ ပိတ်ထားလိုက်ရင် လှိုင်းဂယက်က ကမ္ဘာ့အခြားနေရာတွေဆီကို ရောက်တယ်။ ပစ္စည်းပေးသွင်းတဲ့ ကွင်းဆက် ကျို့ထိုးနေစေတယ်။ အရှေ့တောင်အာရှမှ ယာဉ်ပစ္စည်းတွေ မရလို့ တိုယိုတာကားလုပ်ငန်းက ယာယီအားဖြင့် စက်ရုံတွေ ပိတ်ထားရတယ်။ ထုတ်လုပ်တဲ့ စီးရေကိုလည်း လျှော့ချနေရတယ်။

လော့ဒေါင်းတွေ ထပ်ချပြန်ဦးမှာလား
အရှေ့တောင်အာရှ နေ့စဉ်သေဆုံးနှုန်းက ကမ္ဘာ့နေ့စဉ် ပျမ်းမျှသေဆုံးနှုန်းထက် ပိုမြင့်မားနေဆဲ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးတဲ့နှုန်းက နှေးနေဆဲဖြစ်သော်လည်း ဆေးထိုးပြီးကြတဲ့အထိ ဆက်စောင့်ရင် စီးပွားရေးတွေ အတွက် ရင်လေးစရာ ဖြစ်နေမှာကို ပူပန်လာကြတယ်။ မလေးရှားက ၂၀၂၁ ခုနှစ် စီးပွားရေး တိုးတက်ကြီးထွားနှုန်းကို ထက်ဝက်လျှော့ချခန့်မှန်းလိုက်ပြီး ၃ -၄ % လို့ ပြင်ဆင်သတ်မှတ်လိုက်တယ်။ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း ပြန်နာလန်ထဖို့ လုပ်စဉ်မှာ ကိုဗစ်လှိုင်းထလို့ ပြန်နာလန်ထရေး ကွယ်ပျောက်သွားခဲ့ပါတယ်။ 
 အခြေအနေ မဆိုးတဲ့ နိုင်ငံတွေလည်း ရှိနေတယ်။ ဗီယက်နမ်က ယခုနှစ်မှာ ၆% တိုးတက်ကြီးထွားနှုန်း ရရှိပြီး စင်ကာပူက ၇% အထိ ရရှိတယ်။  
ကမ္ဘာ့ ပစ္စည်းပေးသွင်းမှု ကွင်းဆက်မှာ တစ်စို့နေတာကို ဖယ်ရှားဖို့ ဖိအားတွေလည်း ကျရောက်နေတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ထားမယ့် အရေးလည်း ရှိနေတယ်။ 
လော့ဒေါင်းတွေ အကြိမ်ကြိမ် ချခဲ့လို့ စီးပွားရေးထိခိုက်နစ်နာမှုနဲ့အတူ လူဦးရေအကြား စိတ်ကုန်လာကြတာတွေ ပိုများလာနေတယ်။ လော့ဒေါင်းတွေ ထပ်ချပြန်ဦးမှာလားဆိုတဲ့ မေးသံတွေ ထွက်ပေါ်နေတယ်။ 


ကမ္ဘာ့ ပစ္စည်းပေးသွင်းမှု ကွင်းဆက်
ဗီယက်နမ်ကြောင့် ကမ္ဘာ့ ပစ္စည်းပေးသွင်းမှု ကွင်းဆက်မှာ ထိခိုက်တာ ပြင်းထန်တယ်။ delta မျိုးကွဲပျံ့နှံ့တာကို တားဖို့အတွက် စက်ရုံတွေ တင်းတင်းကျပ်ကျပ် ပိတ်ခိုင်းထားလိုက်လို့ ကုန်ထုတ်လုပ်သူတွေ ထိခိုက်နစ်နာကုန်ကြတယ်။ ပြည်ပပို့ကုန်လုပ်ငန်းတွေလည်း ကျရှုံးကုန်ကြတယ်။ 
ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးက ဒီအတိုင်း ဆက်သွားနေရင် ပြည်ပမှ အမှာစာဖောက်သည်တွေ ဗီယက်နမ်ကို ကျောခိုင်းလိုက်ကြလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့တယ်။ ဗီယက်နမ်မှာ လုပ်ကိုင်နေတဲ့ ဥရောပကုန်သည်ကြီးများ အဖွဲ့ရဲ့ခန့်မှန်းချက်အရ ဗီယက်နမ်မှ ထုတ်လုပ်မှုကို အခြားနိုင်ငံသို့ ရွှေ့ပြောင်း မှာယူကြတဲ့ အဖွဲ့ဝင်တွေ ၁၈% ကျော် ရှိနေပြီလို့ ဆိုတယ်။ နောက်ထပ် ရွှေ့ပြောင်းမှာကြားမယ့်သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 


ဗိုင်းရပ်စ်ကို တိုက်ပွဲဝင်နေတဲ့ကာလက ရှည်ကြာလာတဲ့အခါ အာဆီယံဒေသတွင်းမှ လူအများတို့အကြား သည်းခံနိုင်ရည် ကျဆင်းလာကြတယ်။ မလေးရှားမှာ လော့ဒေါင်းတွေ ချပေမဲ့လည်း ကူးစက်နှုန်းက လျော့ကျမသွားဘူး။ အလုပ်လက်မဲ့ဦးရေ တိုးလာနေတယ်။ 
ဗီယက်နမ်နိုင်ငံမှာ နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ လုပ်ကိုင်နေတဲ့ လူလတ်တန်းစား အလုပ်တွေ ပြုတ်ကုန်ကြလို့ အစိုးရအနေဖြင့် ပြန်ဖွင့်ဖို့ ဖိအားကျရောက်နေတယ်။ 
ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့ရဲ့ လမ်းတွေပေါ်မှာ နိုင်ငံရေးဆန္ဒပြမှုတွေ ပြင်းထန်လာနေတယ်။ 
စင်ကာပူနဲ့ ဖိလစ်ပိုင်တို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေက လော့ဒေါင်းချတာကြောင့် ရေရှည်အစီအစဉ်ချမှတ် လုပ်ကိုင်ဖို့ အခက်အခဲ ရှိနေတာကို ပြောဆိုသံတွေ ကျယ်လောင်လာတယ်။ အစိုးရရဲ့ မူဝါဒတွေ ရေရာသေချာမှု ရှိဖို့ ပြောဆိုလာကြတယ်။ 


ပုံမှန်အခြေအနေအသစ်
မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ဗိုင်းရပ်စ်နှင့် အတူနေထိုင်လုပ်ကိုင်တဲ့ ‘ပုံမှန်အခြေအနေအသစ်’ မဟာဗျူဟာကို ရွေးချယ်လာကြတယ်။  အသက်နဲ့ အသက်မွေးခြင်းတို့အကြား အသက်ကို ကာကွယ်ပေးထားရင်း အသက်မွေးခြင်း ပြုခွင့်ပေးတဲ့ အလယ်အလတ်လမ်းကို ရွေးချယ်လိုက်ကြတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှားမှာ အသွားအလာ ကန့်သတ်လိုက် ပြန်ဖွင့်ပေးလိုက် ဆောင်ရွက်ခြင်းအစား မတ်စ် မတပ်မနေရ ပြဋ္ဌာန်းပြီး သွားလာခွင့်ပေးတဲ့ ပုံစံကို ပြောင်းလိုက်ကြတယ်။ 
နေ့စဉ် အတည်ပြုလူနာသစ် တွေ့တဲ့ အရေအတွက်ကို သိပ်အရေးမပါတော့ဘူး။ ဗိုင်းရပ်စ်နှင့် အတူနေထိုင်လုပ်ကိုင်တဲ့ ‘ပုံမှန်အခြေအနေအသစ်’ ရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ ခံယူထားလိုက်ကြတယ်။ 
စင်ကာပူမှာ လူဦးရေ ၈၀% ဆေးထိုးပြီးပြီ ဖြစ်သော်လည်း အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ 

ကွက်ကြားဧရိယာ
လော့ဒေါင်းချတဲ့ ဧရိယာကို ကျုံ့လိုက်ကြတယ်။ ဖိလစ်ပိုင်မှာ ဇုန်သတ်မှတ်ပြီး လော့ဒေါင်းချတယ်။ လမ်းပိုင်းတစ်ခုကိုပဲ လော့ဒေါင်းချတာ ရှိသလို အိမ်တစ်လုံးတည်းကို ကွက်ပြီး လော့ဒေါင်းချတာမျိုးလည်း ကျင့်သုံးတယ်။ ဗီယက်နမ်ကလည်း  ‘ပုံမှန်အခြေအနေအသစ်’ မဟာဗျူဟာကို စမ်းသပ်အသုံးပြုနေတယ်။ 

ဆေးထိုးကတ်
ဆေးထိုးပြီးကြောင်း ကတ်ပြားဖြင့်လည်း ကန့်သတ်မှုတွေ ပြုပေးကြတယ်။ အင်ဒိုနီးရှားမှာ ဆေးထိုးကတ် ပြနိုင်သူတွေ စူပါမားကက်မှာ ဝင်ရောက်ခွင့် ပေးတယ်။ မလေးရှားမှာ ဆေးထိုးကတ် ပြနိုင်သူတွေ ရုပ်ရှင်ရုံမှာ ဝင်ခွင့်ပေးတယ်။ စင်ကာပူမှ စားသောက်ဆိုင်တွေမှာ ဆေးထိုးကတ် ပြနိုင်သူတွေကိုသာ ဆိုင်ထိုင်စားဖို့ ခွင့်ပြုတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဆေးထိုးပြီးသူများ အလုပ်ဆင်းခွင့် ရှိတယ်။ အများဆုံး ဘတ်စ် စီးခွင့်ပေးတယ်။ 

ရှေ့ဆက်ပြီး ဖွင့်ပေးဖို့ လိုနေသေးတဲ့ တံခါးချပ်က ပြည်ဝင်ပြည်ထွက် သွားလာမှုတွေကို ခွင့်ပြုပေးဖို့ ဖြစ်ပြီး ယခုအခါ ဆေးထိုးပြီးသူတွေကို နိုင်ငံအလိုက် ရွေးချယ်ပြီး ခွင့်ပြုလာတာကို တွေ့ရတယ်။ 
လာမယ့်လပိုင်းအတွင်းမှာ ကူစက်မှုတွေ ဆက်ရှိနေဦးမှာ ဖြစ်သော်လည်း ဗိုင်းရပ်စ်နှင့် အတူနေထိုင်လုပ်ကိုင်တဲ့ ‘ပုံမှန်အခြေအနေအသစ်’ကို အသက်နဲ့ အသက်မွေးခြင်းတို့အကြား ချိန်ဆပြီး ထိန်းကျောင်းပေးကြမှာ ဖြစ်ပါတယ်။
 

How To Read 249 times