JICA ချေးငွေများရယူမည့် SMEs လုပ်ငန်းရှင်များ သိရှိရမည့်အချက်များ


07 September, 2018

SMEs လုပ်ငန်းရှင်များအတွက် JICA မှ ချေးငွေရယူနိုင်မည့် သတင်းထုတ်ပြန်ချက်များကို ဖော်ပြထားပါသည်။

မြန်မာ့စီးပွားရေးဘဏ်သည် SMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူ၍ SME နှစ်ဆင့် ချေးငွေစီမံကိန်း အဆင့်-၁ (Phase-1)နှင့် အဆင့်-၂ (Phase-2) တို့တွင် စီမံကိန်းစီမံခန့်ခွဲသူ (Executing Agency) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးဝင်သော SMEs လုပ်ငန်းများ

*****

၂၀၁၅ ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ-(က)၊ (ခ) တွင်ပါရှိသည့် SME သတ်မှတ်ချက်နှင့် ညီညွှတ်သည့် အောက်ဖော်ပြပါ SME လုပ်ငန်းများ ချေးငွေရယူနိုင်ပါသည်။

(က) ကုန်ထုတ်လုပ်မှုလုပ်ငန်း

(ခ) လုပ်သားအခြေပြုလုပ်ငန်း

(ဂ) လက်လီရောင်းဝယ်ရေးလုပ်ငန်း

(ဃ) လက်ကားရောင်းဝယ်ရေးလုပ်ငန်း

(င) ဝန်ဆောင်မှုလုပ်ငန်း

(စ) အခြား

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သော လုပ်ငန်းများ

*****

(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ

(ခ) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ

(ဂ) ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ

(ဃ) အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်း

(င) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်း

(စ) ဖျော်ဖြေမှု၊ တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်း

(ဆ) လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများအား ငွေထုတ်မချေးပါ။

စဉ်

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်း ချေးငွေထုတ်ချေးခြင်းအတွက် သတ်မှတ်ချက်

SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင်သည့် ငွေပမာဏ

အများဆုံးကျပ် (၅၀၀) သန်း

ချေးငွေအားအသုံးပြုရာတွင် သတ်မှတ်ချက်

Fixed Capital အတွက် ၈၀ %

Working Capital အတွက် ၂၀ %

ချေးငွေအတိုးနှုန်း

၁ နှစ်လျှင် ၈.၅%

ချေးငွေသက်တမ်း

၁ နှစ် အထက်မှ ၅ နှစ်အထိ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များမှာ-

*****

(၁) အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်

(၂) မြန်မာ့ရှေ့ဆောင်ဘဏ်

(၃) မြန်မာနိုင်ငံသားများဘဏ်

(၄) ဧရာဝတီဘဏ်

(၅)ကမ္ဘောဇဘဏ်

(၆) သမဝါယမဘဏ်

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်

*****

JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2) တွင် ချေးငွေဂျပန်ယန်း (၁၄၉၄၉) သန်း ချေးယူရန် (၂၂- ၂- ၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးနဝမနေ့၌ အတည်ပြုခဲ့ပြီးဖြစ်ပါသဖြင့် ချေးငွေစာချုပ် (Loan Agreement) အား (၂၉- ၃- ၂၀၁၈) ရက်နေ့တွင် ချုပ်ဆိုခဲ့ပါသည်။

ယခုအခါ စီမံကိန်းအဆင့်-၂ အကောင်အထည်ဖော်ဆောင်ရွက်ရန် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်း Participating Financial Institutions (PFIs) ဘဏ်များအဖြစ် -

*****

(၁) မြန်မာနိုင်ငံသားများဘဏ်၊

(၂) ကမ္ဘောဇဘဏ်၊

(၃) မြန်မာ့စီးပွားရေးဘဏ်၊

(၄) သမဝါယမဘဏ်၊

(၅) ဧရာဝတီဘဏ်၊

(၆) ပထမပုဂ္ဂကဘဏ်နှင့်

(၇) ယူနိုက်တက်အမရဘဏ်တို့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ (၂- ၈- ၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ချေးငွေရရှိရေးလုပ်ငန်း (Working Committee) က အတည်ပြုရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ချေးငွေ ဂျပန်ယန်း ၃ ဘီလီယံနှင့် ညီမျှသော မြန်မာကျပ် ၃၆ ဘီလီယံခန့်အား ရွေးချယ်ထားသည့် PFIs ဘဏ် (၇) ခုမှတစ်ဆင့် နေပြည်တောင်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များသို့ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂျပန်ယန်း (၁၁.၅) ဘီလီယံ (မြန်မာကျပ် ၁၅၁.၆၈၅ ဘီလီယံခန့်) ကို ချေးငွေထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

“SME ကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် ဈေးကွက်လိုတယ်။ နည်းပညာလိုတယ်။ ချေးငွေလိုတယ်။ အရည်အသွေး ထိန်းချုပ် မှုစနစ်တွေလိုတယ်။ နိုင်ငံတော်ကတော့ JICA နဲ့ ချေးငွေကိစ္စကိုလုပ်တာပေါ့။ နောက်ဈေးကွက်လည်း ရှာရ ဦးမှာပေါ့။ နိုင်ငံတော်ကနေ ချေးငွေနဲ့ပတ်သက်တဲ့လိုအပ်ချက်ကို JICA Two-Step Loan နဲ့ ဖန်တီးပြီး စီစဉ်ပေးတာတော့ ကောင်းတာပေါ့။ ဒီထက်ပိုပြီးလုပ်ပေးနိုင်ဖို့ပဲ စဉ်းစားရမှာပေါ့” ဟု ကုန်သည်စက်မှု အသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။

ထို့အပြင် အဆိုပါ ပထမအဆင့်ထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသည့် အရင်းငွေများအား လှည့်ပတ်ရန်ပုံ ငွေစာရင်းတွင်ထားရှိ၍ ပြည်လည်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ပထမအဆင့်တွင် လုပ်ငန်းရှင် ၃၀ဝကျော် ကို ချေးငွေ ကျပ် ၆၇ဘီလျံခန့်ချေးငွေ ထုတ်ပေးခဲ့သည်ဟု ဒေါ်အေးအေးဝင်းက ဆိုသည်။ " ဘယ်ဒေသကိုဦးစားပေး ချေးပေးမယ်ဆိုပြီး မသတ်မှတ်ထားဘူး။ ဘောင်ဝင်တဲ့ SME တွေကို ချေးမှာပါပဲ " ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆိုသည်။

Source: UMFCCI

Tips Banking & Loan Read 907 times