ကမ္ဘောဇဘဏ်က SME များ သက်သာရာရစေရန် ကူညီပံ့ပိုးလျက်ရှိ


14 January, 2021

ကမ္ဘောဇဘဏ်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ သက်သာရာရစေရန် ကူညီပံ့ပိုးလျက်ရှိပါတယ်။ ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး အတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘောဇဘဏ်က အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ (SMEs) ကိုဗစ်-၁၉ ကြောင့် ထိခိုက်ဆုံးရှုံးနေတဲ့ အခြေအနေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့ ဘယ်လိုမျိုး ကူညီပံ့ပိုးပေးနေလဲဆိုတဲ့အကြောင်း ပြောပြဖို့ ရွေးချယ်ထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုဟာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး ပြဿနာကြီးတစ်ခု ဖြစ်လာခဲ့ပြီးတော့ ကမ္ဘာတစ်ဝန်းလုံံးမှာရော မြန်မာနိုင်ငံအတွင်းမှာပါ စီးပွားရေးလည်ပတ်မှု နှေးကွေးတာတွေ ဖြစ်လာပါတယ်။ ဒီကူးစက်ရောဂါကြီးဟာ လုပ်ငန်းတွေ ပုံမှန် လည်ပတ်ဆောင်ရွက်နိုင်အောင်၊ ငွေရေးကြေးရေး အခြေအနေ ကောင်းမွန် တိုးတက်လာအောင် ကြိုးစားရပ်တည်နေရတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) တော်တော်များများရဲ့ ခံနိုင်ရည်အားကို စမ်းသပ်နေသလိုလည်း ဖြစ်နေပါတယ်။

နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာ့စီးပွားရေးစနစ်ရဲ့ (၉၈) ရာခိုင်နှုန်းက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) တွေပဲ ဖြစ်ပြီး နိုင်ငံအတွင်းက လုပ်သားအင်အားရဲ့ (၉၅) ရာခိုင်နှုန်းဟာ ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။ ပြည်တွင်းက အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် COVID-19 ကပ်ရောဂါကြီးဟာ ကျန်းမာရေး အခက်အခဲတစ်ခုဆိုတာထက် ပိုပါတယ်။ ဒီကာလမှာ SME လုပ်ငန်းတော်တော်များများ မဖြစ်မနေ လုပ်ငန်းတွေ ယာယီရပ်နားလိုက်ရတဲ့အတွက် ငွေကြေးလည်ပတ်တဲ့နေရာမှာ အခက်အခဲဖြစ်သွားပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေသာမကပဲ ဒီလုပ်ငန်းကနေ ပံ့ပိုးပေးနေတဲ့ အခြားလူမှုအသိုက်အဝန်းတွေကိုပါ သက်ရောက်မှုတွေ ရှိလာပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ရဲ့ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) နဲ့အညီ ကမ္ဘောဇဘဏ်က SME လုပ်ငန်းရှင်တွေ အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကပ်ရောဂါကာလအတွင်းမှာ အသေးစား စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ သက်သာရာရစေဖို့နဲ့ ငွေကြေးအခြေအနေ တိုးတက်စေဖို့အတွက် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီအစီအစဉ်က လက်ရှိ SME customers တွေနဲ့ customers အသစ်တွေကို အရေးပေါ် ငွေကြေးထောက်ပံ့မှုပေးနိုင်ဖို့အတွက် ငွေကြေးထောက်ပံ့မှု ဒါမှမဟုတ် ချေးငွေ ပုံစံအမျိုးမျိုးကို ဝန်ဆောင်မှုပေးနေပါတယ်။

● လက်ရှိ စာရင်းပိုချေးငွေ (Overdraft Loan) နှင့် ကာလသတ်မှတ်ချေးငွေ (Term Loan) များကို (၆) လအထိ သက်တမ်းထပ်တိုးပေးခြင်း

● လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို (၆) လအထိ ဆိုင်းငံ့ပေးခြင်းနှင့်

● လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို (၆) လအထိ ဆိုင်းငံ့၍ အတိုးအရင်းပေါင်းအား ကျန်ချေးငွေသက်တမ်းတွင် အချိုးကျ ပြန်လည်ပေးဆပ်စေခြင်း

ဒီငွေကြေးထောက်ပံ့မှုပုံစံ အမျိုးမျိုးကို ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနမှာ ပုံမှန် ကာလသတ်မှတ်ချေးငွေ၊ စာရင်းပိုချေးငွေ ဒါမှမဟုတ် JICA SME နှစ်ဆင့်ချေးငွေ အစရှိတဲ့ ချေးငွေ ရယူထားသူတွေ လျှောက်ထားလို့ရပါတယ်။ ယနေ့အချိန်ထိ ကမ္ဘောဇဘဏ်ရဲ့ SME လုပ်ငန်းရှင် ချေးငွေ Customer ပေါင်း (၇,၀၀၀) ကျော်ထဲက ထက်ဝက်ကျော် ခန့်ဟာ စာရင်းပို ချေးငွေရယူထားပြီးကျန် Customer များမှာ ကာလသတ်မှတ်ချေးငွေ ဒါမှမဟုတ် JICA SME နှစ်ဆင့်ချေးငွေ တွေကို ရယူထားပါတယ်။

ဒီအစီအစဉ်က ကမ္ဘောဇဘဏ်ရဲ့ SME Customer တွေအနေနဲ့ လက်ရှိငွေသားစီးဆင်းမှုကို ချေးငွေပြန်ဆပ်ဖို့အတွက် လုံးပန်းနေရမယ့်အစား သူတို့ရဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက်ပဲ အသုံးပြုနိုင်တာကြောင့် ကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဥပမာအနေနဲ့ဆိုရင် ချေးငွေထုတ်ပြီး တစ်နှစ်ကြာတဲ့အခါမှာ ချေးငွေပြန်ပေးရမယ့် စာရင်းပိုချေးငွေယူထားတဲ့ customer တွေက ချေးငွေပြန်ဆပ်ဖို့အတွက် နောက်ထပ်ခြောက်လ သက်တမ်းထပ်တိုးပေးလိုက်တဲ့အတွက် customer တွေအနေနဲ့ အခုလိုမျိုး ခက်ခဲနေတဲ့အချိန်မှာ စိတ်သက်သာရာ ရသွားစေပါတယ်။

“အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် ပင်မကျောရိုး တစ်ခုဖြစ်ပြီး COVID-19 Credit Assistance Program for SMEs အစီအစဉ်က ကိုဗစ်-၁၉ ကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ customers တွေကို သက်သာရာရစေပါတယ်။ ဒီအစီအစဉ်က ကျွန်တော်တို့ရဲ့ customers တွေ ချေးငွေပြန်ဆပ်ရမယ့်အချိန်ကို အဆင်ပြေသလို ရွေးချယ်စီမံနိုင်တဲ့အတွက် လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်အောင်၊ ငွေရေးကြေးရေးအရ ပြန်ပြီး ကုစားနိုင်အောင် စတဲ့ အရေးတကြီး ဆောင်ရွက်ရမယ့်အလုပ်တွေကို ဦးစားပေး လုပ်ကိုင်နိုင်တဲ့ အတွက် နိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ဆက်လက် ပါဝင်ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။ အခုလို တိုင်းပြည် အနေနဲ့ ခက်ခဲကျပ်တည်းတဲ့အချိန်တွေကို ဖြတ်ကျော်နေရတဲ့ ကာလမှာ ဘဏ်လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့နေရာမှာ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက် ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ အဖွဲ့သားတွေကလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နလံထူနိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေပေးနိုင်ဖို့ အစွမ်းကုန် ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာပါ” လို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာဖြစ်တဲ့ ဦးဇော်လင်းအောင် က ပြောပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကစလို့ SMEs တွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးအကြံပေးတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင်၊ သူတို့ရဲ့ လုပ်ငန်းတွေ ရှေရှည်ရပ်တည်နိုင်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းဖြေရှင်းချက်တွေကို လမ်းညွှန်ပေးနိုင်အောင် ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနမှာ လိုအပ်တဲ့ အင်အားဖြည့်တင်းမှုတွေ ပိုမို ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ SME customer တွေထဲမှာ (၃၀) ရာခိုင်နှုန်းက အမျိုးသမီးဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်ပြီး သူတို့တွေက Business Matching ဝန်ဆောင်မှုတွေ အပါအဝင် ငွေရေးကြေးရေးနဲ့ ဒစ်ဂျစ်တယ် အသိပညာပေး သင်တန်းတွေ ပေးအပ်ဖို့ ဘဏ်ကို အဆိုပြုထားကြပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ နဲ့ ရင်ဆိုင်တိုက်ခိုက်ရာမှာ အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ အခုလို ပြည်တွင်းက SMEs တွေကို ပံ့ပိုးပေးရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီကပ်ရောဂါဆိုးကြီး ပြီးတဲ့နောက် ကာလတွေမှာလည်း ဘဏ်ဝန်ဆောင်မှု ရယူထားခြင်း မရှိသေးတဲ့ SMEs လုပ်ငန်းတွေကို ပုံမှန် ဘဏ္ဍာရေး စနစ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်လာအောင်၊ နိုင်ငံရဲ့ လုပ်သားအင်အားနဲ့ တိုးတက်မှုပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်တဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက မောင်းနှင်သူတွေဖြစ်လာအောင် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ၊ နည်းပညာတွေနဲ့ သင်တန်းတွေ ပံ့ပိုးပေးအပ်သွားမှာပါ” ဟု ဦးဇော်လင်းအောင်က အခုလို ထပ်မံ ပြောကြားပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ SME Credit Assistance Program အတွင်းက SMEs လုပ်ငန်းတွေအတွက် အခြား ဝန်ဆောင်မှုတွေ အကြောင်း ပိုပြီးသိရှိလိုတယ်ဆိုရင်

https://www.kbzbank.com/en/covid-19-credit-assistance-program-for-smes/

မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

Banking & Loan Read 340 times