ရိုးမဘဏ်နဲ့ Shop.com.mm တို့ပူးပေါင်းကာ ပထမဆုံး Online မှတစ်ဆင့် ငွေချေးနိုင်မယ့် အပေါင်ပစ္စည်းမဲ့ဒီဂျစ်တယ် အသေးစားချေးငွေ Smart Credit Plus ဝန်ဆောင်မှု အစီအစဉ်ကို မေ ၈ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါဝန်ဆောင်မှုအတွက် ဘဏ်သို့သွားရောက်လျှောက်ထားခြင်း၊ အပေါင်ပစ္စည်းနဲ့ စာရွက်စာတမ်းများ ပေးအပ်ရန်မလိုဘဲ Online မှတစ်ဆင့် ချေးငွေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ ချေးငွေဝန်ဆောင်မှုကို ဘဏ်ရဲ့မိတ်ဖက်အဖွဲ့အစည်းများနဲ့ ၎င်းရဲ့ အရောင်းကိုယ်စားလှယ်တွေသာ လျှောက်ထားနိုင်သေးတယ်လို့ သိရပါတယ်။
ရိုးမဘဏ်ရဲ့ Head of Digital Credit ဖြစ်သူ Jason Loughnane မှ ရိုးမဘဏ်က Shop.com.mm ကိုအသုံးပြုပြီး ကုန်ပစ္စည်းရောင်းချသူတွေကို အခုလိုဝန်ဆောင်မှုပံ့ပိုးပေးရတာ စိတ်လှုပ်ရှားမိပါတယ်။ Smart Account ရှိတာနဲ့ ရောင်းချသူတွေဟာ သူတို့ရဲ့ Smart Phone ကနေတစ်ဆင့် ချေးငွေကို လွယ်ကူစွာလျှောက်ထားနိုင်မှာဖြစ်သလို စာရွက်စာတမ်းတွေကို တင်သွင်းစရာမလိုဘဲ ရုံးဖွင့်ရက်တစ်ရက်အတွင်းမှာပဲ ချေးငွေကို လက်ခံရရှိမှာဖြစ်ပါတယ်။
Smart Credit Plus ချေးငွေဟာ Shop.com.mm ကို အသုံးပြုပြီး ကုန်ပစ္စည်းရောင်းချသူတွေရဲ့ ရောင်းအားပမာဏအပေါ် မူတည်ပြီး များရင်များသလို ချေးငွေများများရယူနိုင်မှာဖြစ်ပြီး ချေးငွေပြန်ဆပ်တဲ့အပေါ်မှာ မူတည်ပြီးလည်း ချေးငွေပေးအပ်သွားမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ဒီဂျစ်တယ် ချေးငွေဝန်ဆောင်မှုဟာ အသေးစားလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံမှာ ပထမဆုံးပေးအပ်တဲ့ ချေးငွေအမျိုးအစား အသစ်တစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့ ချေးငွေရယူမှု အလေ့အကျင့်နဲ့ အချိန်မှန်ပေးဆပ်ခြင်းတို့ကို လုပ်ဆောင်နိုင်အောင် Smart Credit Plus ရယူသူတွေကို လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့ပြင် ချေးငွေလျှောက်ထားသူဟာ Shop.com.mm ရဲ့ တရားဝင်ရောင်းချသူနဲ့ ရိုးမဘဏ်ရဲ့ Smart Account အသုံးပြုသူများက ချေးငွေလျှောက်ထားနိုင်ကြောင်းနဲ့ လျှောက်ထားပြီး နောက်တစ်နေ့မှာ လျှောက်ထားသူရဲ့ Smart Account ထဲကို ချေးငွေပမာဏ တိုက်ရိုက်ထည့်သွင်းပေးမယ်လို့ သိရပါတယ်။
Smart Credit Plus ချေးငွေဝန်ဆောင်မှုအစီအစဉ်မှ ချေးငွေပမာဏကို အနည်းဆုံး ကျပ်တစ်သိန်းနဲ့ အများဆုံး သိန်းငါးဆယ်ထိ တစ်လမှ သုံးလချေးငွေကာလအထိ လျှောက်ထားနိုင်သလို ပေးဆပ်ပြီး ပြန်လည်လျှောက်ထားသူများက အများဆုံး သိန်း ( ၁၀၀ ) ကို တစ်နှစ်ကြာ ရယူလျှောက်ထားနိုင်ပါတယ်။
Daily Eleven