ရန်ကုန်တိုင်း SME စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ကုန်ပစ္စည်းများပြပွဲ နှင့် ပြိုင်ပွဲကျင်းပ


19 November, 2018

နိုင်ငံတော်၏ “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ” သည် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအသီးသီးတွင် ကျင်းပပေးလျက်ရှိရာ သတ္တမအကြိမ်မြောက်ကို ယနေ့နံနံပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအလှည့်ကျအဖြစ် သာကေတမြို့နယ်ရှိ Myanmar Expo ခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲများကျင်းပရခြင်းမှာ မြန်မာနိုင်ငံတွင် သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများ များပြားလာစေရန်၊ ဒေသအသီးသီးမှာရှိတဲ့ ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှုကဏ္ဍအချင်းချင်းချိတ်ဆက်မှုဖြစ်စေရန်၊ မိရိုးဖလာစီးပွားရေးလုပ်ငန်းမှ တီထွင်ဆန်းသစ်မှုများသို့ ပြောင်းလဲလာစေရန်နှင့် ဈေးကွက်ချဲ့ထွင်၍ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်အတွင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေမှ ပြောကြားခဲ့ပါတယ်။

နိုင်ငံအသီးသီးတွင် စီးပွားရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရာမှာ ယခုအခါ သတင်းအချက်အလက်နှင့်နည်းပညာကို အသုံးပြုသော Digital Economy သို့ ကူးပြောင်းနေကြပြီဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွင်းရှိတဲ့ MSMEs လုပ်ငန်းများလည်း ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနဲ့ ကုန်သွယ်မှုကဏ္ဍတွေမှာ ဒီဂျစ်တယ်နည်းပညာများကိုအသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် ဒုတိယသမ္မတမှ တိုက်တွန်းခဲ့ပါတယ်။

လုပ်ငန်းကော်မတီအဖွဲ့ဝင်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှလည်း ရန်ကုန်တိုင်း၏ အဓိကပင်မစီးပွားရေးကျောရိုးသည် MSMEs ကို အခြေခံနေပြီး ၎င်းတို့ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်သည့်နည်းပညာနှင့် ငွေကြေးသုံးစွဲမှုနှင့် ဈေးကွက်တို့ဖန်တီးတည်ဆောက်ရန်အတွက် ဘဏ်များ၏ ချေးငွေဖြင့် တွန်းအားပေးမောင်းနှင်သွားမည်ဖြစ်ကြောင်းနှင့် တိုးတက်ပြောင်းလဲလာသော နည်းပညာနှင့်အတူ E-commerce ကို ပြောင်းလဲ ကျင့်သုံးနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေကြောင်း၊ ပြောကြားခဲ့ပါတယ်။

ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ MSMEs များဟာ ဒေသထွက်စားသောက်ကုန်၊ ဖျော်ရည်အမျိုးမျိုး၊ စက်မှုလက်မှုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ နှင့် လျှပ်စစ်ပစ္စည်းများ စတဲ့ ဆိုင်ခန်းပေါင်း (၃၀၀) ကျော်ကို နိုဝင်ဘာလ ၁၈ ရက်အထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။အဆိုပါဒေသထွက်ထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ပြိုင်ပွဲများကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်လက် ကျင်းပသွားရန်ရှိပြီး အမျိုးသားအဆင့်ပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ် မတ်လတွင် နေပြည်တော်၌ ကျင်းပသွားမှာဖြစ်ပါတယ်။

ယနေ့အခမ်းအနားကို မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တရားလွှတ်တော်တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

 

Events & Exhibition Read 569 times