တောင်ကိုရီးယား တရားမဝင်နေထိုင်သူများ မိမိဆန္ဒအလျောက် ထွက်ခွာလျှင် ဒဏ်ကြေး ကင်းလွတ်ခွင့်နှင့် ပြည်ဝင်


20 September, 2023

တောင်ကိုရီးယား တရားမဝင်နေထိုင်သူများ မိမိဆန္ဒအလျောက် ထွက်ခွာလျှင် ဒဏ်ကြေး ကင်းလွတ်ခွင့်နှင့် ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ဆိုင်းငံ့ထားမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ မြန်မာသံရုံးက တရားမဝင်နေထိုင်သူများ မိမိဆန္ဒအလျောက် ထွက်ခွာလျှင် ဒဏ်ကြေး ကင်းလွတ်ခွင့်နှင့် ပြည်ဝင်ခွင့်ကန့်သတ်ချက်များလည်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုရီးယားနိုင်ငံတွင် တရားမဝင်နေထိုင်နေသည့် နိုင်ငံခြားသားများ မိမိဆန္ဒအလျောက် ထွက်ခွာသည့်စနစ်နှင့် ပတ်သက်၍ မြန်မာသံရုံးသို့ အကြောင်းကြားလာခြင်း

၁။ ကိုရီးယားသမ္မတနိုင်ငံ၌ တရားမဝင်နေထိုင်နေသည့် နိုင်ငံခြားသားများအနေဖြင့် ၁၁-၉-၂၀၂၃ ရက်နေ့မှ ၃၁-၁၂-၂၀၂၃ ရက်နေ့အတွင်း မိမိဆန္ဒအလျောက်ထွက်ခွာမည်ဆိုပါက ဒဏ်ကြေး ကင်းလွတ်ခွင့်ရမည့်အပြင် ပြည်ဝင်ခွင့်ကန့်သတ်ချက်များလည်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေးဝန်ကြီးဌာနမှ မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ အကြောင်းကြားလာပါသည်။

၂။ အဆိုပါ အကြောင်းကြားလာချက်တွင် ၃၁-၁၂-၂၀၂၃ ရက်နေ့မတိုင်မီအထိ မိမိဆန္ဒအလျောက် ထွက်ခွာမည်ဆိုပါက ကြိုတင်သတင်းပို့စနစ်အရ နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက် ထွက်ခွာသည့် အကြောင်းကြားစာ၊ လေယာဉ်လက်မှတ်အစရှိသည့် စာရွက်စာတမ်းများဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း၊ အွန်းလိုင်းဖြင့်သော်လည်းကောင်း လျှောက်ထားရမည်ဖြစ်ပြီး၊ လျှောက်ထားပြီးနောက် လေဆိပ်မှတစ်ဆင့် နေ့ချင်းထွက်ခွာမည်ဆိုပါက ဒဏ်ကြေးကင်းလွတ်ခွင့်နှင့် ပြည်ဝင်ခွင့်ကန့်သတ်ချက် ဆိုင်းငံ့ခြင်းအားခံယူပြီး နိုင်ငံတွင်းမှ ထွက်ခွာနိုင်မည်ဖြစ်ပါကြောင်းနှင့် အဆိုပါစနစ် စတင်သက်ရောက်သည့်နေ့ ၁၁-၉-၂၀၂၃ ရက်နေ့နောက်ပိုင်း 
• တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားနှင့် ခိုးဝင်ဝင်ရောက်နေထိုင်သူ၊ 
• နိုင်ငံကူးလက်မှတ် အတုပြုလုပ်ထားသူ၊ 
• ပြစ်မှုကျူးလွန်ထားသူ၊ 
• ထွက်ခွာမိန့်အား လိုက်နာရန်ပျက်ကွက်ထားသူ 
အစရှိသူများ မပါဝင်ကြောင်း ဖော်ပြထားပါသည်။

၃။ အသေးစိတ်အချက်အလက်များအား ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေးဝန်ကြီးဌာန၏ နိုင်ငံခြားသား အထွေထွေလမ်းညွှန်စင်တာ (1345) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး Hikorea ( http://www.hikorea.go.kr ) နှင့် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာန ( http://www.immigration.go.kr )
တို့တွင် အသေးစိတ်ဖတ်ရှုနိုင်ပါကြောင်းနှင့် နိုင်ငံခြားသား အထွေထွေလမ်းညွှန်စင်တာ (1345) သို့ ဆက်သွယ်ရာတွင် စကားပြန်များဖြင့် ဆွေးနွေးလိုပါက နံနက် (၀၉:၀၀) နာရီမှ ည (၂၂:၀၀) နာရီ အတွင်း အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားများဖြင့် ဆွေးနွေးနိုင်ပြီး၊ နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၈:၀၀) နာရီအတွင်း ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ရုရှား၊ မွန်ဂို၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ပြင်သစ်၊ ဂျာမန်၊ စပိန်၊ ဖိလစ်ပိုင်၊ အာရပ်နှင့် သီရိလင်္ကာအစရှိသည့် ဘာသာစကားများဖြင့် ဆွေးနွေးနိုင်ပါကြောင်း အကြောင်းကြားလာမှုအား အသိပေးကြေညာအပ်ပါ သည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့

ရက်စွဲ၊ ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Labour Affairs Read 288 times