မူဆယ်မှာ ပိတ်မိနေတဲ့ ဆန်တန်ချိန်ခြောက်သောင်းခန့်ကို တရုတ်နိုင်ငံသို့ အမြန်ဆုံးတင်ပို့နိုင်ရေး ယူနန်ပြည်နယ်အစိုးရ တာဝန်ရှိသူများနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ မေလတတိယပတ်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။
တရုတ်ဘက်က မဝယ်သဖြင့် နယ်စပ်မှာ ပိတ်မိနေတဲ့ ဆန်များကို တရုတ်နိုင်ငံသို့ တရားဝင်အခွန်ပေးဆောင်ပြီး ကုန်စည်ဖလှယ်တဲ့စနစ်ဖြင့် အမြန်ဆုံး ရောင်းချနိုင်ရေး ဆွေးနွေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးကပြောပါတယ်။
‘‘အသင်းချုပ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေသွားပြီးညှိနှိုင်းမှာပါ’’ လို့ ဦးမျိုးသူရအေးက ပြောပါတယ်။ ကုန်စည်ဖလှယ်တဲ့စနစ်နဲ့ ညှိနှိုင်းမှုပြီးရင် အရည်အသွေးပိုင်း စစ်ဆေးပြီး တရုတ်ကို ရောင်းချနိုင်မယ်လို့ မျှော်မှန်းကြောင်း ၎င်းကပြောပါတယ်။
တရုတ်နဲ့ ကုန်စည်ဖလှယ်တဲ့စနစ်မှာ ဆန်အပြင် ဆန်ကွဲကိုလည်း ထည့်သွင်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။
၂၀၁၈ ဧပြီ ၁ ရက်မှ ၂၀၁၉ မတ်လကုန်အထိ ဆန်ကွဲတန်ချိန် လေးသိန်းခွဲကျော် (ကန်ဒေါ်လာ သန်း ၁၃၀ ကျော်) တင်ပို့ခဲ့ပြီး ဆန်ကွဲဟာ မြန်မာ့ဆန်လောကအတွက် အရေးကြီးတဲ့ပို့ကုန်ဖြစ်ပါတယ်။
တရုတ်က ဆန်ကွဲအဝယ်ကို မကန့်သတ်ထားဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာမှ ဆန်ဝယ်ယူရာတွင် ခွဲတမ်းသတ်မှတ် ဝယ်ယူပေမယ့်လည်း ဆန်ကွဲအဝယ်ကို လွတ်လပ်စွာရောင်းချနိုင်ပါတယ်။ ဒါပေမယ့် ဆန်ကွဲရောင်းချတဲ့အခါ ဆန်စက်၊ ဂိုဒေါင်တွေမှာ မီးထောင်ချောက်၊ ငှက်ထောင်ချောက်နဲ့ ပိုးမွှားမကျဖို့ ဆောင်ရွက်ထားနိုင်တဲ့ အစီအစဉ်များရှိမှသာ တရုတ်နိုင်ငံက ဝယ်ယူမှာဖြစ်ပါတယ်။
7Day Daily