လူမှုဖူလုံကြေးသွင်း အလုပ်သမားတွေ COVID-19 ကာကွယ်ဆေး စထိုး


13 August, 2021

လူမှုဖူလုံကြေး ပေးသွင်းထားတဲ့ အလုပ်သမားတွေကို COVID ကာကွယ်ဆေး ဒီကနေ့ စပြီးထိုးပေးနေပြီလို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ လူမှုဖူလုံကြေးပေးသွင်းထားတဲ့ စက်မှုဇုန်အလုပ်သမားတွေလည်း အများအပြားရှိတာမို့ သူတို့ကို ဘယ်လိုအစီအစဉ်နဲ့ ထိုးပေးသွားမလဲဆိုတာတော့ လတ်တလော မသိရှိရသေးကြောင်း အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုသားညွန့်ဦးက ပြောပြပါမယ်။

လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အစိုးရ၊ ပုဂ္ဂလိက အလုပ်သမားတွေကို COVID ကာကွယ်ဆေး စထိုးပေးနေပြီလို့ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ လူမှုဖူလုံရေးမှာ အကျိုးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေကို ထိုးပေးဖို့ စာရင်းကောက်ပြီး အခုလက်ရှိမှာ ပဲခူးတိုင်းမှာ စထိုးပေးနေပါပြီ။ အကျိုးဝင်မှတ်ပုံတင်ထားတဲ့ အာမခံ ပုဂ္ဂလိကရော ပြည်သူ့ဝန်ထမ်းရော အကုန်ပါပါတယ်။ ကျနော်တို့ မှတ်ပုံတင်ထားတဲ့ ဦးရေအရဆိုရင် အားလုံး ၁၀ သိန်းကျော် ရှိပါတယ်။”

ပထမဦးစားပေးအနေနဲ့ လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အလုပ်သမားတွေကို အရင်ထိုးပေးမှာဖြစ်ပြီး ကျန်တဲ့အလုပ်သမားတွေကိုတော့ ဒုတိယဦးစားပေးအနေနဲ့ ထိုးပေးသွားဖို့ စီစဉ်ထားကြောင်း သူကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ စက်မှုဇုန်တချို့က စက်ရုံတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးစည်းကမ်းတွေ လိုက်နာတာ အားနည်းနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ဗွီအိုအေကို ပြောပါတယ်။ လက်တလောအခြေအနေမှာ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂ၊ အစိုးရ စတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကလည်း မရှိတော့တဲ့အတွက် ကိုဗစ်ကာကွယ်ရေးကို ထိထိရောက်ရောက်လုပ်ဖို့ စိန်ခေါ်မှုတွေလည်း ရှိနေတာပါ။

လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အလုပ်သမားတွေထဲမှာ စက်မှုဇုန်လုပ်သားတွေလည်း အများအပြားပါဝင်နေပြီး သူတို့ကို ဘယ်လိုအစီအစဉ်နဲ့ ထိုးပေးသွားမယ်ဆိုတာကိုတော့ လတ်တလော မသိရှိရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

“လက်ရှိအခု စကစရဲ့ဘက်ကနေ ဘာမှ တုံ့ပြန်လာတာ မရှိဘူး။ ဘာမှပြောနေတာ မရှိဘူး။ ဒါပေမဲ့ တချို့သော ရုံတွေမှာတော့ အလုပ်ရှင်လိုလို၊ government က လိုလိုနဲ့ ဒီကာကွယ်ဆေးကို ထိုးဖို့အတွက် စီမံဆောင်ရွက်နေတာ ရှိတယ်။ Social network တွေမှာတက်လာတဲ့ information တွေကိုကြည့်ပြီး တချို့သော ဒီ employer အတော်များများက ပြင်ဆင်နေတာတော့ရှိတယ်။ ဒါပေမဲ့ အဲဒါကတော့ ၁၀၀ မှာ တရုံလောက်ပဲရှိမယ်။ ၁၀% တောင်မှ ပြောလို့မရဘူး။ အဲဒီလိုအနေအထားတော့ရှိတယ်။ ကျန်တဲ့ရုံတွေကတော့ normal အတိုင်းပဲ သွားနေတယ်။ အဲလိုတော့ သိထားတယ်။”

အလုပ်သမားဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိတဦးကတော့ တရုတ်နိုင်ငံက ရောက်ရှိလာတဲ့ ကာကွယ်ဆေးအလုံးရေ ၃,၀၀၀,၀၀၀ ထဲကနေ အခုလို လူမှုဖူလုံကြေးဝင် အလုပ်သမားတွေကို ထိုးနှံပေးမှာဖြစ်ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။

 

VOA
 

Local News Read 410 times