စင်ကာပူသည် အာရှတွင် သန်းကြွယ်သူဌေး အများဆုံး နိုင်ငံ ဖြစ်လာမည်


19 August, 2022

စင်ကာပူသည် အာရှတွင် သန်းကြွယ်သူဌေး အများဆုံး နိုင်ငံ ဖြစ်လာမည်


စင်ကာပူသည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်၊ တရုတ်နှင့် နှိုင်းယှဉ်ပါက လူဦးရေအရ သန်းကြွယ်သူဌေး ပိုများ‌နေမည်ဟု HSBC က ဆိုသည်။

လာမည့် ရှစ်နှစ်အတွင်း စင်ကာပူရှိ သန်းကြွယ်သူဌေး လူဦးျရအရ အချိုးအစားသည် အမေရိကန်၊ တရုတ်၊ အာရှ-ပစိဖိတ်ဒေသရှိ အခြားနိုင်ငံစီးပွားရေးတစ်ရပ်ရပ်ထက် ပိုမိုများပြားလာမည်ဟု HSBC ဘဏ်၏ The Rise Of Asian Wealth အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် အရွယ်ရောက်ပြီးသူဦးရေ၏ ၇.၅ ရာခိုင်နှုန်းသည်  အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သန်းကြွယ်ဝသည့်သူများ ဖြစ်ကြသည်။
ထိုရာခိုင်နှုန်းသည် ၂၀၂၅ တွင် ၉.၈% ဖြစ်လာမည်။ ၂၀၃၀ တွင် ၁၃.၄% သို့ ရေ‌ာက်ရှိမည်။

HSBC ၏ လေ့လာမှုတွင် နေထိုင်သူ လူဦးရေကို နိုင်ငံသား လူဦးရေအပြင် နိုင်ငံသား မဟုတ်သော်လည်း အမြဲတမ်းနေထိုင်သူများ permanent residents လည်း အကျုံးဝင်ပါသည်။


ချမ်းသာကြွယ်ဝမှုကို  ဘဏ်တွင် အပ်နှံထားသည့် ငွေသားပမာဏ၊ စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များ အစရှိသည်တို့တွင်  ရင်းနှီးမြှုပ်နှံမှုများဖြင့် တိုင်းတာပါသည်။ အိမ်ရာပိုင်ဆိုင်မှုတွင် ချေးငွေအတွက် အပေါက်အာမခံ ထားရှိသည်တို့ကို နုတ်ပယ်ပြီး တွက်ချက်ပါသည်။

အာရှတွင်လူဦးရေအရ သန်းကြွယ်သူဌေး ရာခိုင်နှုန်း အများဆုံး နိုင်ငံများကို ကြည့်လျှင် စင်ကာပူသည် ဩစတြေးလျနိုင်ငံပြီးလျှင် ဒုတိယမြောက်ဖြစ်နေပြီဖြစ်သည်။
ဩစတြေးလျနိုင်ငံတွင် လူဦးရေအရ သန်းကြွယ်သူဌေးများ အရေအတွက် အချိုးအစား ရာခိုင်နှုန်းမှာ ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု HSBC ဘဏ်က ဆိုသည်။
၂၀၃၀ တွင် ဩစတေးလျသည် ဒုတိယနေရာသို့ ရောက်ရှိသွားမည်ဖြစ်ပြီး စင်ကာပူသည် ပထမနေရာသို့ ရောက်ရှိမည် ဖြစ်သည်။ 

၂၀၃၀ တွင် လူဦးရေအရ သန်းကြွယ်သူဌေး အချိုးအစား ရာခိုင်နှုန်းသည် ဟောင်ကောင်တွင် ၁၁.၁% ၊ အမေရိကန်တွင် ၉% ၊ ဂျပန်သည် ၇.၂% ၊ တရုတ်သည် ၄.၄% ရှိမည်ဖြစ်သည်။

 ၂၀၃၅ ခုနှစ်တွင် အဆိုပါရာခိုင်နှုန်းသည် စင်ကာပူတွင် ၁၇% ၊ ဩစတေးလျတွင် ၁၅.၁%၊ ဟောင်ကောင်တွင် ၁၄.၆% ရှိမည် ဖြစ်သည်။

လူဦးရေ အချိုးအစားအရ မကြည့်ဘဲ အရေအတွက် ဦးရေအရ ကြည့်မည်ဆိုပါက အနည်းဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ သန်း ချမ်းသာသော အရွယ်ရောက်ပြီးသူ ဦးရေသည် ၂၀၂၁ တွင် တရုတ်နိုင်ငံမှာ ဦးရေ ၁၇.၁ သန်း ရှိသည်။ ၂၀၃၀ တွင် ဦးရေ ၅၀.၄ သန်းသို့ ရောက်ရှိမည်ဟု HSBC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၁ တွင် စင်ကာပူမှာ အဆိုပါဦးရေသည် ၄ သိန်း ရှိပြီး ၂၀၃၀ တွင် ၇ သိန်း ရှိလိမ့်မည်။


HSBC ၏ အာရှ စီးပွားအရာရှိချုပ် Mr Frederic Neumann က အာရှဒေသတွင်းမှာ ငွေလုံးငွေရင်း စုဆောင်းထားရှိမှု အားကောင်းသဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက် မတည်ငြိမ်သည်ကို ခံနိုင်ရည် ရှိကြောင်း၊ ငွေဖောင်းပွမှုနှင့် စီးပွားရေးများ ကြီးထွားနှုန်း နှေးသည်ကိုလည်း တောင့်ခံနိုင်လိမ့်မည်ဟု ပြောကြားသည်။

"အာရှရဲ့ ကြီးထွားနေတဲ့ ကြွယ်ဝမှုရဲ့ တာဝန်က လူမှုရေးအရင်းအမြစ်များပေါ်မှာလည်း အလင်းတောက်ပပါတယ်။ အဆုံးစွန်မှာ သန်းချီတဲ့ လူဦးရေကို ဆင်းရဲတွင်းမှ ဆွဲတင်ပေးဖို့ သုံးစွဲရန်အတွက် ရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက အစီရင်ခံစာတွင် ဆိုထားသည်။

" နိုင်ငံစီးပွားရေးများအကြားနှင့် နိုင်ငံစီးပွားရေးများအတွင်း မညီမမျှ ဖြန့်ဝေတယ် ဆိုရင်တောင် အာရှဒေသမှာ အရင်းအနှီး ပြတ်လပ်ဖို့ ခဲယဉ်းပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့ငွေကြေး အကျပ်အတည်း စတင်ခဲ့သည့် ၂၀၀၈ နောက်ပိုင်း အာရှ ငွေရေးကြေးရေး ကြွယ်ဝမှုသည် အမေရိကန်ထက် စတင်ကျော်လွန်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
၎င်းငွေရေးကြေးရေး အကျပ်အတည်းသည် အမေရိကန်အတွက် အဆိုးဝါးဆုံးကြုံတွေ့ရခြင်း ဖြစ်သည်။ 
၂၀၂၁ တွင် အာရှဘဏ္ဍာရေး ကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၁၄၀ ထရီလီယံ ရှိသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၁၂၀ ထရီလီယံ ရှိသည်။ 

 ကမ္ဘာ့ငွေကြေး အကျပ်အတည်း နောက်ပိုင်း နှစ်များတွင် ဒေသတွင်း ကြွယ်ဝမှု၏ ထက်ဝက်ကျော်သည် ဂျပန်နိုင်ငံတွင် ဖြစ်ပြီး ၂၀၂၁ ရောက်ရှိချိန်တွင် တရုတ်နိုင်ငံက ၄၆% အထိ မြင့်တက်လာပြီး ဂျပန်သည် ၂၅% သို့ လျော့ကျသွားသည်။ 
ဂျပန်ကို ဖယ်ထားလိုက်လျှင် အာရှကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၁၀၀ ထရီလီယံ ဝန်းကျင် ရှိမည်ဖြစ်ရာ အမေရိကန်နှင့် မတိမ်းမယိမ်း ဖြစ်သည်။ သို့သော် ဂျပန်ကို ထည့်သွင်းတွက်ချက်ခြင်း မပြုလျှင်လည်း ၂၀၂၅ တွင် အမေရိကန်ထက် သာလွန်သွားမည်ဟု Mr Neumann က အစီရင်ခံစာတွင် ဆိုထားသည်။

အာရှရှိ သန်းကြွယ်သူဌေး ဦးရေသည် ဂျပန်ကို ထည့်မတွက်ပါက ယခုအခါ ဦးရေ သန်း ၃၀ ဝန်းကျင် ရှိသည်။ ၂၀၃၀ တွင် ဦးရေ ၇၆ သန်း ကျော်သည်အထိ ရှိလာမည်ဟု Mr Neumann က ဆိုပါသည်။
#MyanmarIndustriesGuide
 Telegram Channel https://t.me/Guid4U 
Source:  The Straits Times

Global News Read 2145 times