စင်ကာပူက မြန်မာတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အခက်အခဲကြုံနေ


22 October, 2021

စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ အွန်လိုင်းက တိုကင်နံပါတ်ယူနိုင်တဲ့အချိန်ကို ကန့်သတ်လိုက်တဲ့အတွက် အခက်အခဲ ဖြစ်နေကြပါတယ်။ အွန်လိုင်းကနေ တိုကင်နံပါတ်ကို တပတ်မှာ နှစ်ရက်လောက်သာ ယူလို့ရပြီး နာရီဝက်အတွင်း ယူရတာမို့ နိုဝင်ဘာ ပထမပတ်ကုန်တဲ့အထိ နံပါတ်ကုန်နေပြီလို့ ကိုယ်တိုင်တိုကင်နံပါတ်ယူခဲ့သူက ဗွီအိုအေကို ပြောပါတယ်။ 

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ပါ့စ်ပို့တ် သက်တမ်းတိုးတာအပါအဝင် ကောင်စစ်ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေအတွက် မြန်မာသံရုံးဝက်ဘ်ဆိုဒ်ကနေ ကြိုတင်ပြီး တိုတင်နံပါတ် Queue number အရင်ယူရပါတယ်။ သံရုံးသွားနိုင်ဖို့ အချိန်၊ နေ့ရက် ကြိုတင်ချိန်းတဲ့ တိုကင်နံပါတ် ထုတ်ပေးတာကို အချိန်ကန့်သတ်လိုက်တဲ့အတွက် စင်ကာပူရောက် မြန်မာတွေ အခက်တွေ့နေကြတာပါ။

အခုသီတင်းပတ်ထဲကစလို့ အွန်လိုင်းကနေ ကြိုတင်တိုကင်နံပါတ်ကို တပတ်မှာ နှစ်ရက်လောက်သာ ထုတ်ပေးပြီး Queue number ယူနိုင်တဲ့အချိန်ကလည်း နာရီဝက်လောက်ပဲမို့ အတော်လေးခက်ခဲတယ်လို့ ကိုယ်တိုင် ပါ့စ်ပို့တ် သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသူတဦးက ပြောပါတယ်။

“သူတို့တွေ Queue နံပါတ်ပေးတဲ့အခါမှာလည်း အများအားဖြင့်ကပေါ့နော် ကြာသပတေး၊ သောကြာ အဲ့ဒီရက်တွေကိုပဲ ပေးတတ်တယ်။ အဲဒီတော့ Time Slot ကို သွားသွားပြီး ကြည့်နေရတယ်။ Time Countdown ပေးထားတဲ့ဟာကိုပဲ သွားသွားကြည့် ကြည့်ပြီးတော့ ခုနကဆိုရင် ၃ ယောက်ယူပေးရမှာ တယောက်ပဲ ယူလို့ရတယ်။ နောက်တယောက်ယူဖို့ Submit Form လုပ်တဲ့အခါမှာ Submit Form လည်းပြီးကော Error တက်သွားကော။ တော်တော်ကြီးကို ခက်ခဲနေတယ်။ Queue ယူရတာ ခက်ခဲနေတဲ့ အနေအထားမှာရှိနေတယ်။ အရင်တုန်းက ဒီ Queue ယူတာလည်းပေါ့နော်။ အွန်လိုင်းကနေ ယူရတာရှိတယ်။ ဒါပေမယ့် အရင်တုန်းကကျတော့ ကိုယ်သွားနိုင်တဲ့ရက်ကို Queue ယူလို့ရတယ်။ နေ့တိုင်းလိုလို ကိုယ်လိုချင်တဲ့အချိန်မှာ လှမ်းပြီးယူလို့ရတယ်။ အခု သူတို့က Queue ယူတဲ့အခါမှာ ဘယ်လိုမျိုးလည်းဆိုတော့ အရင်တုန်းကအတိုင်းပဲ နှစ်ပတ်ကြိုပြီး ယူရတဲ့ အနေအထားပေါ့နော်။ အရင်တုန်းကအတိုင်းပဲ။ အခုကျတော့ အဲ့ထက်ပိုပြီး ခက်ခဲနေတာပေါ့။ အမတို့က ဒီလကုန်လောက်ကို သွားချင်တယ်ဆိုရင်တောင် အခု Queue Date က အောက်တိုဘာ ၁ လလုံးအတွက် မရှိတော့ဘူး။ နောက်ဆုံး နိုဝင်ဘာ ၁၀ ရက်နေ့အထိတောင် Q က ပြည့်သွားပြီ ဒီနေ့ဆို နောက်ထပ် ယူပေးရမယ့် ညီမလေး ၂ ယောက်အတွက်ဆိုရင် မနက်ဖြန်မှ ထပ် Try ရမယ်။”

ဒီနေ့ အောက်တိုဘာ ၂၁ ရက်မှာ ကြိုးစားသူတွေကို နိုင်ဝင်ဘာ ၁၁ ရက်အတွက် ရက်ချိန်းပေးထားပါတယ်။ အွန်လိုင်းကနေ ကြိုတင်တိုကင်နံပါတ်ယူတာကို ဘာကြောင့် ကန့်သတ်တယ်ဆိုတာ သံရုံးက ပြောမထားပေမဲ့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ အညီ သံရုံးက ဆောင်ရွက်နေတယ်လို့သာ အသိပေးထားပါတယ်။

ဒါကြောင့် သံရုံးကို လူဝင်လူထွက်အရေအတွက် ကန့်သတ်နိုင်ဖို့ ခုလိုဆောင်ရွက်ပုံရတယ်လို့ အများကခန့်မှန်းနေပါတယ်။ ဒါပေမဲ့လည်း သံရုံးသွားနိုင်ဖို့ တိုတင်ယူတဲ့နေရာမှာ အကန့်အသတ်တွေရှိလာတဲ့အတွက် ပါ့စ်ပို့တ်သက်တမ်း တိုးရတော့မယ့်သူတွေ စိုးရိမ်နေကြပါတယ်။ သက်တမ်းတိုးအခက်အခဲတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ စင်ကာပူမှာ ပရဟိတ ဆောင်ရွက်ပေးနေသူတဦးက အခုလိုပြောပါတယ်။

“Queue ယူတဲ့ဟာက ည ၁၂ လောက်မှ အွန်လိုင်းဖွင့်တယ်ဖြစ်တယ်။ အရင်ကဆိုရင် နေ့ခင်းပိုင်းမှာလည်း Queue က ယူလို့ရတယ်။ အခုဟာ Q ယူတာကို တနေ့ကို COVID-19 ဖြစ်နေတဲ့အတွက်ကြောင့် ဒီသံရုံးဝန်းထဲကို ပတ်စ်ပို့တ် သက်တမ်းတိုးဖို့ကို လူ အယောက် ၆၀ ကိုပဲ ဝင်ခွင့်ပြုတယ်။ ကျန်တဲ့သူက ဝင်ခွင့်မပြုဘူးပေါ့နော်။ တချို့ကလေးတွေက အွန်လိုင်း Queue ယူတဲ့ဟာကို မယူတတ်ကြဘူး။ မယူတတ်ကြတော့ ပန်နီဆူလာမှာ ဆိုင်တွေပေါ့နော်။ ပတ်စ်ပို့တ်သက်တမ်းတိုးရင် ဆိုင်တွေက စာရွက်စာတမ်းတွေလိုတယ်။ ဓာတ်ပုံတွေထုတ်ရမယ်။ မိတ္တူဆွဲရမယ်။ အဲ့ဆိုင်တွေမှာ အခကြေးငွေပေးပြီးတော့ ထုတ်နေရတာပေါ့နော်။ အခုဆိုင်တွေကလည်း သူတို့က တာဝန်ယူပြီး ထုတ်မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နှယောက် လက်ခံပြီးတော့ သူ့ကို မနက်ဖြန်ရမယ် သန်ဘက်ခါရမယ် အတိအကျ မပြောနိုင်တဲ့အတွက်ကြောင့် ကလေးတွေမှာ တော်တော် ချွေးပြန်နေတယ်ပေါ့။”

အရင်ကဆို သံရုံးသွားဖို့ ကြိုတင် တိုကင်မယူထားသူတွေ သံရုံးသွားတဲ့အခါ စင်ကာပူ ဒေါ်လာ ၃၀ ပေးပြီး ဝင်လို့ရပေမဲ့ အခုအခါမှာတော့သံရုံးတံခါးကို ပိတ်ထားပြီး Queue number တိုကင်အမှတ်စဉ်ရတဲ့လူတွေကိုသာ အကန့်အသတ်နဲ့ ဝင်ခွင့်ပြုပါတော့တယ်။

တိုကင်အမှတ်စဉ်ရသူတွေကို ရက်ချိန်းပေးတဲ့နေ့တွေမှာ မနက် ၈ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ အရေအတွက် ၁၁၀ ကို နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေဆောင်ရွက်ပေးနေတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ

Local News Read 625 times