Sedona Hotel Yangon ကို  ဒေါ်လာ ၅၇ သန်း‌ကျော်ဖြင့် ရောင်းချမည်


11 March, 2023

Sedona Hotel Yangon ကို  ဒေါ်လာ ၅၇ သန်း‌ကျော်ဖြင့် ရောင်းချမည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 စင်ကာပူမှ အစိုးရ ကျောထောက်နောက်ခံပြု ကုမ္ပဏီစု Keppel Corp. သည် Sedona Hotel Yangon ကို ကန်ဒေါ်လာ ၅၇.၄ သန်းဖြင့် ရောင်းချမည်ဟု Nikkei က သတင်းဆောင်းပါး ဖော်ပြသည်။
ပိုင်ဆိုင်မှုကို ငွေပြန်ဖော်ပြီး လုပ်ငန်းကို တောင့်တင်းအောင် ဆောင်ရွက်မည်။ ကြီးထွားမှု အခွင့်အလမ်းသစ်များဆီသို့ ပို့ဆောင်နိုင်ရန် အရင်းအနှီးကို ပြန်ဖော်သည်ဟု ကြေညာချက်တွင် ဆိုသည်။
ဆီဒိုနား ဟိုတယ် ရန်ကုန်သည် ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့သည့်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်တွင် ဖြစ်သည်။

Keppel သည် ၎င်း၏ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်း ဦးပိုင်ကုမ္ပဏီကို စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Spring Blossom Ventures သို့ ရောင်းချမည် ဖြစ်သည်။ အရောင်းအဝယ်ကိစ္စ ၂၀၁၃ ပထမနှစ်ဝက်တွင် ပြီးပြတ်မည်ဟု ရည်မှန်းထားသည်။
Spring Blossom Ventures ၏ စီအီးအို နှင့် Spring Blossom Ventures ၏ ရှယ်ယာရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သော Low Heng Huat က အဆိုပါ အရောင်းအဝယ် သဘောတူညီချက်ကို Nikkei သို့ အတည်ပြု‌ေပြာကြားခဲ့သည်။
ဟိုတယ်အဖြစ် ဆက်လက်လည်ပတ်ရန်စီစဉ်နေသည်။ 
Low က "ကျွန်တော်တို့ ဟိုတယ်အော်ပရေတာအသစ်ကိုရှာနေတယ်" ဟု ပြောကြားသည်။
ပြန်ဖွင့်မည့် ရက်ကာလကို မဆုံးဖြတ်ရသေးပေ။

 Sedona Hotel Yangon ကို ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင်သော နိုင်ငံတကာဟိုတယ်များတွင် ပါဝင်သည်။ ဧည့်အလာများသည့် အလားအလာကြောင့် ၂၀၁၅ တွင် တည်းခိုရန်အခန်း ၈၀၀ နီးပါးပါသည့် အဆောက်အဦအသစ်တစ်ခု ထပ်တိုးခဲ့သည်။

Keppel Corp. ၏ လက်အောက်ခံ လုပ်ငန်း Keppel Land Limited နှင့် ၎င်းရာနှုန်းပြည့် ပိုင်ဆိုင်သော လုပ်ငန်းခွဲ Double Peak Holdings သည် Greenfield Development (GDPL)  ထုတ်ပေးထားသော ရှယ်ယာအရင်းအနှီး၏ ၁၀၀% ကို Spring Blossom Ventures သို့ စင်ကာပူဒေါ်လာ ၇၅.၆ သန်းဖြင့် ရောင်းချမည် ဖြစ်ပြီး Spring Blossom က ၃ ရစ်ခွဲပြီး ပေးချေမည်။

GDPL သည် မြန်မာနိုင်ငံတွင် ဆီဒုိးနားဟိုတယ်တည်ဆောက် လုပ်ကိုင်ခွင့် ရရှိသည့် Straits Greenfield Limited (SGL) ၏ ထုတ်ပေးထားသော ရှယ်ယာအရင်းအနှီး၏ ၁၀၀% ကို ပိုင်ဆိုင်ထားပြီး ယခု၎င်းရှယ်ယာများ အားလုံးကို ရောင်းချခြင်း ဖြစ်သည်။

အရောင်းအဝယ် ပြီးမြောက်သွားသည့်အခါ GDPL နှင့် SGL တို့သည် Keppel Corporation ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲများအဖြစ်မှ ရပ်စဲသွားမည် ဖြစ်ပါသည်။

 

 

 Keppel Land သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ၁၉၉၃ တွင် Sedona Hotel Yangon ဖြင့်် စတင်ခဲ့ပါသည်။ နောက်တစ်နှစ်အကြာတွင် မန္တလေးမြို့တွင် Sedona Hotel တည်ဆောက်ရန် ရင်းနှီးမြှပ်နှံခဲ့ပါသည်။
 ၂၀၁၆ တွင် Sedona Hotel Mandalay ကို ပိုင်ဆိုင်သည့် Wiseland Investment (Myanmar) မှ Keppel Land ရှယ်ယာ ၁၀၀% ကို ပြည်တွင်းကုမ္ပဏီ  Eden Hotels and Resort သို့ ဒေါ်လာ ၄၁ သန်းဖြင့် ရောင်းချခဲ့ပါသည်။
 
ဒေါ်လာ ၁၁၈.၅ သန်း ရင်းနှီးမြှုပ်နှံသည့် ၃၂ ထပ်  grade-A ရုံးခန်းအဆောက်အဦ Junction City Tower တွင် Keppel Land က ကုမ္ပဏီစုကြီး ရွှေတောင်လုပ်ငန်းစုနှင့်အတူ ရင်းနှီးမြှုပ်နှံထားပါသည်။ ၂၀၁၄ ခုနှစ်တွင် အစုရှယ်ယာ ၄၀% အတွက် ဒေါ်လာ ၄၇.၄ သန်း ထည့်ဝင်ခဲ့ပါသည်။
Junction City စီမံကိန်း၏ အဆင့် ၂ ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ရာ Keppel Land က ရှယ်ယာ ၄၀% အတွက် ဒေါ်လာ ၄၈.၆ သန်း ရင်းနှီးမြှုပ်နှံပါသည်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 594 times