Saudi Aramco သည်  ဒုတိယသုံးလပတ်အမြတ်ငွေ ၉၀% မြင့်တက်


14 August, 2022

Saudi Aramco သည်  ဒုတိယသုံးလပတ်အမြတ်ငွေ ၉၀% မြင့်တက်

ဆော်ဒီအာရေဗျနိုင်ငံမှ နိုင်ငံပိုင် မဟာရေနံကုမ္ပဏီကြီး Saudi Aramco သည်  ဒုတိယသုံးလပတ်အမြတ်ငွေ ၉၀% မြင့်တက်လာကြောင်း တနင်္ဂနွေနေ့(ဩဂုတ် ၁၄)တွင်အစီရင်ခံစာ ထုတ်ပြန်‌ခဲ့သည်။
ရေနံစိမ်းရောင်းဈေး မြင့်မားခြင်း၊ ရေနံချက်လုပ်ငန်းမှ အမြတ်မာဂျင် ပိုမိုရရှိခြင်းတို့ကြောင့် မှန်းထားသည်ထက် အမြတ်များ ပိုမိုရရှိခဲ့သည်။

 ရေတိုကာလ အနေဖြင့် ကမ္ဘာ့စီးပွားရေးတွင် ဖိအားများ ကျ‌ရောက်နေသော်လည်း ရေနံဝယ်လိုအားသည် ယခုဆယ်စုနှစ်အတွင်း ကျန်ရှိသည့်ကာလတွင် ဆက်လက်ကြီးထွားရန် ကုမ္ပဏီက မျှော်လင့်ထားကြောင်း Aramco အမှုဆောင်အရာရှိချုပ် Amin Nasser က ဝင်ငွေအစီရင်ခံစာတွင် ပြောကြားထားသည်။

ဧပြီ မေ ဇွန် ၃ လပတ်အတွက် Aramco ၏ အသားတင်အမြတ်သည် ယခင်နှစ်က ရီယယ် ၉၅.၄၇ ဘီလီယံ ရရှိခဲ့ပြီး  ယခုနှစ်  ၃လပတ်အတွက် ရီယယ် ၁၈၁.၆၄ ဘီလီယံ  (ကန်ဒေါ်လာ ၄၈.၃၉  ဘီလီယံ) အထိ မြင့်တက်လာခဲ့သည်။

လေ့လာဆန်းစစ်သူများက အသားတင်အမြတ် ကန်ဒေါ်လာ ၄၆.၂ ဘီလီယံဟု ခန့်မှန်းထားကြသည်ထက် ပိုများပါသည်။

ဒုတိယသုံးလပတ်တွင် အမြတ်ငွေ ဒေါ်လာ ၁၈.၈ ဘီလီယံ အမြတ်ဝေစု ခွဲဝေပေးရန် လျာထားကြောင်း ကြေညာသည်။ ရှယ်ယာပိုင်ရှင်များကို တတိယ၃ လပတ်တွင် ခွဲဝေပေးမည် ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများသည် နှစ်ရှည်လများ မြင့်မားလာခြင်းကြောင့် Aramco ရှယ်ယာများသည် ယခုနှစ်တွင် ၂၅% ကျော် ဈေးနှုန်း မြင့်တက်လာခဲ့သည်။


Aramco သည် မကြာသေးမီရက်သတ္တပတ်များအတွင်း ရလဒ်ကောင်းများရရှိထားသော အခြားရေနံအဓိကလုပ်ငန်းစုများနည်းတူ အမြတ်များ ရရှိခဲ့သည်။

ဓာတ်ဆီနှင့် ဒီဇယ်ကဲ့သို့သော လောင်စာများထုတ်လုပ်ရောင်းချသည့်အတွက် ရရှိသည့် အမြတ်မာဂျင်များသည် ကမ္ဘာတစ်ဝှမ်းတွင် ပိုများလာခဲ့သည်။ ရေနံမဟာလုပ်ငန်းကြီးများ အမြတ်များ တနင့်တပိုး ရရှိကြသည်။
ဇူလိုင် ၂၇ ရက်တွင် Shell နှင့် TotalEnergies တို့က ဒုတိယ၃ လပတ် အမြတ်အခြေအနေကောင်းမွန်ကြောင်း ဖော်ပြထားသည့် အစီရင်ခံစာ အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။ Shell က အမြတ် ကန်ဒေါ်လာ ၁၁.၅ ဘီလီယံ ရရှိသည်။ TotalEnergies က အမြတ် ကန်ဒေါ်လာ ၉.၈ ဘီလီယံ ရရှိသည်။

ဇူလိုင်လ ၂၉ ရက်နေ့တွင် Exxon Mobil Corp သည် ၎င်း၏ သုံးလပတ် အမြတ်ငွေ အများဆုံးစံချိန်အသစ် ဖြစ်သော အသားတင် ၀င်ငွေ ဒေါ်လာ ၁၇.၉ ဘီလီယံ ရရှိပြီး ယခင်နှစ် အလားတူကာလထက် လေးဆနီးပါး များပါသည်။
($1 = 3.7540 riyals)
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U
Source: Reuters 

Energy News Read 791 times