ဆော်ဒီအာရေးဗီးယား ရေနံ လျှော့ထုတ်ခြင်းအတွက်  အာရှ  စိုးရိမ်စရာမရှိ


06 June, 2023

ဆော်ဒီအာရေးဗီးယား ရေနံ လျှော့ထုတ်ခြင်းအတွက်  အာရှ  စိုးရိမ်စရာမရှိ


ဆော်ဒီအာရေဗျ က ရေနံထုတ်လုပ်မှုကို ဇူလိုင်လတွင် တစ်ရက် စည် ၁ သန်း လျှော့ချမည်ဟု တနင်္ဂနွေနေ့တွင် ကြေညာသည်။
ယခုအခါ တစ်ရက် စည် ၁၀ သန်း ထုတ်လုပ်လျက်ရှိပြီး ဇူလိုင်လတွင် တစ်ရက် စည် ၉ သန်း ထုတ်လုပ်မည် ဖြစ်သည်။

ဆော်ဒီ ရေနံလျှော့ထုတ်ခြင်းကြောင့် အာရှတွင် ရေနံ မလုံမလောက် ဖြစ်မလာနိုင်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ 
 အာရှတွင် ရေနံစိမ်း ဝယ်လိုအား အသင့်အတင့်သာ ရှိခြင်းနှင့် အခြားအရင်းအမြစ်များမှ အာရှဈေးကွက်ထဲသို့ ရေနံ စီးဝင်မှု မြင့်မားနေသဖြင့် ဆော်ဒီအာရေးဗီးယားက ရေနံ လျှော့ထုတ်ခြင်းအတွက် အာရှအဖို့ စိုးရိမ်စရာမရှိပေ။
တရုတ်နှင့် အိန္ဒိယအတွက် OPEC မဟုတ်သော အကြီးမားဆုံး ရေနံပေးသွင်းသူ ရုရှားထံမှ ရေနံများ ဆက်လက် ရရှိနေမည် ဖြစ်သည်။
.
ရုရှားရေနံကို လက်ရှောင်ထားသော တောင်ကိုရီးယားအနေဖြင့် အစားထိုး ရယူရန် အရင်းအမြစ် မရှိသော်လည်း တောင်ကိုရီးယားမှ အဓိက ရေနံချက် လုပ်ငန်းကြီးများအနေဖြင့် ဆော်ဒီရေနံကို ဆက်လက်ရရှိမည်ဟု ယူဆထားကြသည်။
Saudi Aramco သည် ၎င်း၏ ထိပ်တန်း အာရှဖောက်သည်များကို ဦးစားပေးလေ့ရှိသည်။
“အခုချိန်ထိတော့ ဆော်ဒီရေနံစိမ်း ဇူလိုင်လ ပမာဏ  အပြောင်းအလဲတစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိသေးပါ။ နှစ်ရှည်စာချုပ်မှာ ပါတဲ့အတိုင်း ဆက်လက်ရရှိပါလိမ့်မယ်။ ဆော်ဒီက ထုတ်လုပ်မှု တစ်ရက် စည်တစ်သန်း လျှော့ချတာက တရုတ်နှင့် အိန္ဒိယတို့က ရုရှားရေနံ အဝယ်များနေတော့ ဆော်ဒီရေနံ အဝယ်နည်းသွားတယ်။ ဒီတော့ ဇူလိုင်မှာ တစ်ရက် စည်တစ်သန်း လျော့ထုတ်မယ်။ ဒီတော့ လျော့ထုတ်တဲ့အတွက် တခြား ဝယ်နေကျ အဓိကဝယ်လက်တွေကို ပမာဏ လျှော့ဖို့ မလိုဘူး" ဟု တောင်ကိုရီးယား ရေနံချက်လုပ်ငန်းမှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိက ပြောကြားသည်။
ဂျပန်မှ ရေနံကုန်သည် လုပ်ငန်းကြီးများကလည်း အလားတူပင် ယူဆသည်။ ကာလရှည် စာချုပ်များအရ ဇူလိုင်လတွင် ၎င်းတို့ ဝယ်ယူမည့် ရေနံပမာဏ မလျော့ကျဟု မျှော်လင့်ထားသည်။
ထိုင်းမှ နိုင်ငံပိုင် ရေနံချက်လုပ်ငန်းကလည်း ဇူလိုင်လတွင် Aramco က ထိုင်းအတွက် ရေနံစိမ်းကို လျှော့ချမည်မဂုတ်ဟု ယုံကြည်သည်။ Aramco သည် အာရှ ဝယ်လက်များနှင့် ချုပ်ဆိုထားသော စာချုပ်များကို ကတိကဝတ် လိုက်နာ စောင့်ထိန်းသည်ဟု ‌ဆိုသည်။
 “ဇူလိုင်လအတွက် ဆော်ဒီအာရေးဗီးယားက အပို တရက် စည် တစ်သန်း  ဖြတ်တောက်မှုက မကြာသေးမီလများအတွင်း အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ ရောင်းချမှု အားနည်းသွားတာကို ချိန်ညှိလိုက်တာ ဖြစ်ပါလိမ့်မယ်။ အခုလို လျှော့ထုတ်တာကြောင့် အာရှမှ ဆော်ဒီရေနံစိမ်း တင်သွင်းသူတွေကို လျှော့ချမယ် မထင်ပါဘူး* ဟု ထိုင်းရေနံချက်စက်ရုံ ကုန်ကြမ်း စီမံခန့်ခွဲမှု သတင်းရင်းမြစ်က ပြောသည်။

အိန္ဒိယနိုင်ငံသည် ယခုအခါ တင်သွင်းသည့် ရေနံစုစုပေါင်း ပမာဏ၏ ၄၂ ရာခိုင်နှုန်းဝန်းကျင်ကို ရုရှားရေနံ တင်သွင်းလျက်ရှိရာ အီရတ်နှင့် ဆော်ဒီ နှစ်နိုင်ငံမှ တင်သွင်းသည့် ရေနံစိမ်း စုစုပေါင်း ပမာဏထက် ကျော်လွန်နေသည်။ 
S&P Global မှ ထုတ်ပြန်သည့် အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် မေလတွင် တင်သွင်းခဲ့သည့် ရုရှားရေနံစိမ်း ပမာဏသည်  တစ်ရက်လျှင် စည် ၂ သန်း နီးရှိသည်။ 
Source S&P Global

Energy News Read 390 times