အာရှအတွက် ရေနံစိမ်းအကျဲဈေးနှုန်း ဆော်ဒီအာရေဗျ မြှင့်တင်သတ်မှတ်


05 August, 2022

အာရှအတွက် ရေနံစိမ်းအကျဲဈေးနှုန်း ဆော်ဒီအာရေဗျ မြှင့်တင်သတ်မှတ်


ဆော်ဒီအာရေးဗီးယားက အာရှဝယ်လက်များအတွက် ရေနံစျေးနှုန်းကို စံချိန်တင်အဆင့်သို့ မြှင့်တင်လိုက်ပါတယ်။

နိုင်ငံစီးပွားရေးများ နှေးနေကြောင်း အရိပ်လက္ခဏများ ပြသနေပြီး ကမ္ဘာ့ရေနံစိမ်း ဝယ်လိုအား စတင်ထိခိုက်လာနေပေမဲ့လည်း အာရှဒေသမှာ ရေနံစိမ်း ဝယ်လိုအားက ရောင်းလိုအားထက် များနေဆဲလို့ ဆော်ဒီအာရေဗျက ရှုမြင်တဲ့သဘော သက်ရောက်ပါတယ်။  

 

 

နိုင်ငံပိုင်လုပ်ငန်း Saudi Aramco က စက်တင်ဘာလအတွင်း အာရှရှိ ရေနံချက်စက်ရုံများသို့ ပေးပို့မယ့် Arab Light ရေနံစိမ်းအကျဲ တစ်စည် ဈေးနှုန်းကို အရှေ့အလယ်ပိုင်း စံနှုန်းဈေး (ပုံတွင် မျဉ်းပြာ) အထက် US$9.80 လို့ သတ်မှတ်ပါတယ်။ ဩဂုတ်လထက် US$0.50 ပိုများပါတယ်။

ဇူလိုင်လနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သော  Bloomberg စစ်တမ်းတစ်ခုအရ ကုန်သည်များနှင့် ရေနံချက်လုပ်သန့်စင်သူများက  US$1.50 ခုန်တက်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။ လက်တွေ့မှာ US$0.50 မျှသာ ဈေးတက်လိုက်ပါတယ်။

Aramco က အမေရိကန်အတွက် ရေနံဈေးနှုန်းများကိုလည်း မြှင့်တင်ခဲ့ပါတယ်။ တစ်စည်ကို US$0.50 ဈေးတက်ပါတယ်။ မေလနောက်ပိုင်း ဈေးအငြိမ်ထားခဲ့ပြီး ယခု ပထမဆုံးအကြိမ် ဈေးတက်လိုက်တာ ဖြစ်ပါတယ်။
ဥရောပအတွက် ရေနံဈေးနှုန်းများမှာ အကျဲအမျိုးအစားများကို ဈေးချပေးပြီး အလယ်အလတ်နှင့် အပျစ် အမျိုးအစားများကို ဈေးတင်ပါတယ်။

ယခုဈေးနှုန်း အဆုံးအဖြတ်များကို ဆော်ဒီနှင့် ရုရှားတို့ ဦးဆောင်တဲ့ Opec+ အစည်းအဝေးကုိ ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ပြီး နောက်တစ်‌ေန့ ကြာသပတေးနေ့မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။ 

Opec+ တံခါးပိတ် အစည်းအဝေးမှာ စက်တင်ဘာလတွင် တစ်ရက် စည်တစ်သိန်း ထပ်တိုးထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အင်မတန်နည်းပါးတဲ့ ပမာဏဖြစ်လို့ စတိသဘောမျှ တိုးထုတ်တာလို့ ဆိုနိုင်ပါတယ်။ အိုပက်သမိုင်းမှာ အနည်းဆုံးတိုးမြှင့်ပမာဏအဖြစ် စံချိန်တင်ပါတယ်။

ဆော်ဒီအာရေဗျ ရေနံကို အာရှသို့ တန်ချိန်အများဆုံးရောင်းချရာမှာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ဟာ အများဆုံး တင်သွင်းကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

Aramco ရဲ့ လဆန်းမှာ ကြေညာတဲ့ ရေနံဈေးနှုန်း အဆုံးအဖြတ်ဟာ ရှေ့ဆောင်နွားလားသဖွယ် ဖြစ်ပြီး နောက်နွားတစ်သိုက်သဖွယ် ဖြစ်ကြတဲ့ ပါရှန်းပင်လယ်ကွေ့နိုင်ငံများက ၎င်းတို့ရဲ့ ရေနံဈေးနှုန်းများကို Aramco အတိုင်း ရွှေ့ကြပါတယ်။

Aramco က များသောအားဖြင့် အာရှအတွက် ရေနံအမျိုးမျိုးမှာ အကျဲအမျိုးမျိုးထက် အပျစ်အမျိုးမျိုးကိုသာ ဈေးတက်လေ့ရှိပါတယ်။ အပျစ်ကို ဒီဇယ် ထုတ်လုပ်ကြပြီး အကျဲကိုတော့ ဓာတ်ဆီ ထုတ်လုပ်ကြပါတယ်။
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U

Energy News Read 2159 times